စက်တင်ဘာ−၂၉၊ ၂၀၂၅။ ထားမြတ်/People’s Spring
ပဋိပက္ခကာလအတွင်းထိခိုက်လွယ်တဲ့အုပ်စုတွေဖြစ်တဲ့ အမျိုးသမီး၊ ကလေးငယ်တွေနဲ့ လူနည်းစုအုပ်စုတွေဖြစ်တဲ့ LGBTIQ+ (လိင်စိတ်ခံယူမှု ကွဲပြားသူ)တွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေက အကာအကွယ်ပေးနိုင်ဖို့အတွက် လူ့အခွင့်အရေးဆိုင်ရာ တာဝန်ခံတွေက ပညာပေးပိုချမှုတွေ လုပ်ဆောင်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ဒီကနေ့ စက်တင်ဘာ ၂၉ရက်မှာ ထုတ်ပြန်ပါတယ်။
ဒီလို အကာအကွယ်ပေးရမယ့်ကိစ္စဟာ ပြည်သူ့ကာကွယ်ရေးတပ်တွေလိုက်နာရမယ့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေထဲမှာ ပါတယ်လို့ ဖော်ပြထားပါတယ်။
ကလေးငယ်တွေနဲ့ပတ်သက်လို ကြီးလေးတဲ့ကျူးလွန်မှုတွေဖြစ်တဲ့ သတ်ဖြတ်ခြင်း၊ ကိုယ်လက်အင်္ဂါပျက်စီးစေခြင်း၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခြင်း၊ တပ်သားစုဆောင်းခြင်းစတဲ့အချက်တွေနဲ့ အမျိုးသမီးနဲ့ LGBTIQ+တွေအပေါ် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခြင်းဖိနှိပ်ခြင်းတွေဟာလည်း ပဋိပက္ခအတွင်းလိုက်နာစောင့်ထိန်းရမယ့်အချက်တွေဖြစ်ကြောင်း ဖော်ပြထားပါတယ်။

Public Service Announcement
ဒီလိုအကာအကွယ်ပေးထားပြီးဂျီနီဗာကွန်ဗင်းရှင်းကို အခြေခံထားတဲ့ နိုင်ငံတကာရဲ့စံပြုသတ်မှတ်ချက်တွေကို ပြည်သူ့ကာကွယ်ရေးအင်အားစုတွေအနေနဲ့ လိုက်နာဖို အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားကြောင်း ထပ်လောင်းသတိပေးထားပါတယ်။
“လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့လည်း ဒီစစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေကို လိုက်နာနိုင်ဖိုအတွက် မြေပြင်မှာ ဒါ့အပြင် ကျင့်ဝတ်ချိုးဖောက်မှုတွေ ရှိလာခဲ့ရင်လည်း ပြည်သူလူထုကနေ တိုင်ကြားနိုင်ဖိုအတွက် သက်ဆိုင်ရာဝန်ကြီးဌာနကိုဖြစ်စေ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကိုဖြစ်စေ တိုင်ကြားနိုင်ဖို တိုင်ကြားရေးယန္တရားတွေကိုပါ ဖွင့်လှစ်ထားပါတယ်”လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲဝင်တိုင်းဟာ ဒီစစ်သည်တော်ကျင့်ဝတ်တွေကို တိတိကျကျလိုက်နာပြီး ပြည်သူ့ကိုမျက်နှာမူပြီး ကာကွယ်သူတွေဖြစ်ကြောင်းသက်သေထူရင်း ပြည်သူနဲ့တသားတည်းရှိနေကြရမှာဖြစ်ကြောင်းလည်း ဖော်ပြပါတယ်။
လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေလိုက်နာရမယ့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေကို အလျဉ်းသင့်တဲ့အခါတိုင်း ထုတ်ပြန်ပြီး ထပ်လောင်း သတိပေး တိုက်တွန်းနှိုးဆော်တာတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။
အရပ်သား ပြည်သူတွေအပေါ် လူသားဆန်မှုနဲ့ လေးစားစွာ ဆက်ဆံဖို့၊ အရပ်သား ပြည်သူတွေအပေါ် ဖိနှိပ်တာတွေ ၊ လူ့အခွင့်အရေး ချိုးဖောက်တာတွေ မလုပ်ဖို့ စတဲ့ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေမှာ အလေးပေး ထည့်သွင်းထားတဲ့ အချက်တွေကို လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက မီးမောင်းထိုး ဖော်ပြ သတိပေးထားပါတယ်။

















































