Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လွှတ်တော်တွင်း ညှိနှိုင်းမှုတွေ အဆင်မပြေသေးတာကြောင့် အမေရိကန် အစိုးရ Shutdown ဖြစ်နိုင်ခြေ ရှိနေ

အမေရိကန် အစိုးရ လုပ်ငန်းတွေ ရပ်နားထားရမယ့် shutdown အခြေအနေကို ရှောင်လွှဲဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ အတိုက်အခံ ဒီမိုကရက်တစ် ပါတီ အမတ်တွေကြား ဆွေးနွေးမှုတွေ တိုးတက်မှု နှေးကွေးနေဆဲလို့ ဆိုပါတယ်။

ဓာတ်ပုံ - Reuters

စက်တင်ဘာ-၃၀၊၂၀၂၅။People’s Spring

အမေရိကန် အစိုးရ လုပ်ငန်းတွေ ရပ်နားထားရမယ့် shutdown အခြေအနေကို ရှောင်လွှဲဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ အတိုက်အခံ ဒီမိုကရက်တစ် ပါတီ အမတ်တွေကြား ဆွေးနွေးမှုတွေ တိုးတက်မှု နှေးကွေးနေဆဲလို့ ဆိုပါတယ်။

အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ် ဒေးဗစ် ဗန့်စ်က သဘောတူညီမှုတစ်ခု မရရှိနိုင်ဘူးဆိုရင် အောက်တိုဘာ ၁ ရက်နေ့မှာ အစိုးရ လုပ်ငန်းလည်ပတ်မှုတွေ စတင် ရပ်တန့်သွားလိမ့်မယ်လို့ သတိပေး ပြောကြားခဲ့ပါတယ်။ အကျိုးဆက် အနေနဲ့ အမေရိကန် အစိုးရ လက်အောက်ခံ ဌာနတွေ၊ အေဂျင်စီတွေ အများအပြား ယာယီ ပိတ်ထားရပြီး အုပ်ချုပ်ရေး ယန္တရားမှာလည်း နှောင့်နှေးမှုတွေ အများကြီး ကြုံလာနိုင်ပါတယ်။

အစိုးရရဲ့ နောက်ထပ် ဘတ်ဂျတ် အစီအမံအသစ်အတွက် ညှိနှိုင်းမှုတွေမှာ အာဏာရ ရီပတ်ဘလစ်ကန်တွေနဲ့ အတိုက်အခံ ဒီမိုကရက်တစ်တွေကြား သဘောတူညီမှု မရသေးခြင်းက အခုလို အခြေအနေဆီ ဦးတည်နေစေတာပါ။ တကယ်လို့ လွှတ်တော်ထဲမှာ ဘတ်ဂျတ်ကိစ္စ ညှိနှိုင်းမှုတွေ အချိန်မီ မပြီးမြောက်လို့ အောက်တိုဘာ ၁ ရက်နေ့မှာ အစိုးရ shutdownဖြစ်ရင် ပြိုင်ဘက် အစုအဖွဲ့ရဲ့ အပြစ်ကြောင့်လို့ ပါတီနှစ်ခုစလုံးက အပြန်အလှန် စွပ်စွဲထားပါတယ်။

Public Service Announcement

Public Service Announcement

ဒီမိုကရက်တစ် အမတ်တွေက ဘတ်ဂျတ် အစီအမံသစ်တွေမှာ လက်ရှိ သက်တမ်းကုန်တော့မယ့် ကျန်းမာရေး အကျိုးခံစားခွင့် ကိစ္စတွေကို ဆက်လက် ထည့်သွင်းပေးထားရမယ်လို့ တောင်းဆိုနေပြီး ထရမ့်ရဲ့ အစိုးရကတော့ ကျန်းမာရေးနဲ့ အစိုးရ အသုံးစရိတ် ကိစ္စဆိုတာ သီးခြားစီ ကိုင်တွယ်ရမယ့် အဆက်အစပ် မရှိတဲ့ အကြောင်းရပ်နှစ်ခုလို့ ပြောကြားထားပါတယ်။

ဒီတော့ အဲဒီအငြင်းအခုံကို အချိန်မီ မဖြေရှင်းနိုင်ရင် ထောင်သောင်းချီ များပြားတဲ့ အစိုးရ ဝန်ထမ်းတွေဟာ အောက်တိုဘာ ၁ ရက်နေ့မှာ အလုပ်ကနေ ယာယီ အနားပေး ခံထားရမှာ ဖြစ်ပါတယ်။ အမေရိကန် အမျိုးသား အာကာသ အေဂျင်စီ (နာဆာ)လို အဖွဲ့အစည်းမျိုးကစလို့ နိုင်ငံတဝန်းမှာရှိတဲ့ ဖက်ဒရယ် အစိုးရ လက်အောက်ခံ ဌာနတွေမှာ ဝန်ဆောင်မှု လျှော့ချတာ၊ လုပ်ငန်းရပ်တာတွေ ကြုံလာရမှာပါ။ နိုင်ငံတစ်ဝန်းက ပြတိုက်တွေနဲ့ ဖက်ဒရယ် တရားရုံးတွေလည်း ပိတ်ကုန်မှာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကို နောက်ကြောင်းပြန်ကြည့်ရင် ဝါရှင်တန်ဒီစီရဲ့ နှစ်ဖက် နိုင်ငံရေး အင်အားစုတွေကြားမှာ အစိုးရ အသုံးစရိတ်ကိစ္စ အလျှော့မပေးစတမ်း တင်းမာနေတတ်ကြတာ ပုံမှန်အခြေအနေ တစ်ခုတောင် ဖြစ်လာပါတယ်။ များသောအားဖြင့် အဲဒီတင်းမာမှုတွေဟာ အစိုးရကို shutdown ချရခါနီး မိနစ်ပိုင်း အလိုလောက်မှာ ပြေလည်အောင် ညှိနှိုင်းလိုက်နိုင်လေ့တော့ ရှိပါတယ်။

ထရမ့်ကတော့ မူဝါဒရေးရာ ညှိနှိုင်းမှုတွေ အဆင်မပြေလို့ လွှတ်တော်က အစိုးရ shutdownကို မတားနိုင်ရင် အဲဒီ အခြေအနေကို အခွင့်အရေးအဖြစ် အသုံးချပြီး ဖက်ဒရယ် ဝန်ထမ်း အများအပြားကို အလုပ်ထုတ်ပစ်မယ်လို့ပါ ခြိမ်းခြောက်ထားပါတယ်။ ဖက်ဒရယ် အစိုးရရဲ့ ပိုလျှံဝန်ထမ်းတွေကို လျှော့ချပြီး အစိုးရ အသုံးစရိတ်ကို ချွေတာစေမယ် ဆိုတာက ထရမ့်ရဲ့ ရွေးကောက်ပွဲကြို ကတိတစ်ခုလည်း ဖြစ်ပါတယ်။

ထရမ့်ရဲ့ ပထမအကြိမ် သမ္မတသက်တမ်းတုန်းကလည်း ၂၀၁၈ အကုန်၊ ၂၀၁၉ နှစ်ဆန်းပိုင်းထိ ၃၅ ရက်ကြာ အစိုးရ shutdown ကြုံခဲ့ဖူးပြီး ဖက်ဒရယ် အစိုးရ အေဂျင်စီတချို့ အလုပ်ရပ်နားထားခဲ့ရပါတယ်။ အမေရိကန်မှာ သမ္မတ ဘာရတ်အိုဘားမား လက်ထက်တုန်းကလည်း ၂၀၁၃ နဲ့ ၂၀၁၈ ခုနှစ်တွေတုန်းက ၁၆ ရက်နဲ့ ၃ ရက်စီ ကြာမြင့်တဲ့ အစိုးရ shutdown အခြေအနေတွေ ကြုံတွေ့ခဲ့ပြီး အဲဒီအတောအတွင်း ဖက်ဒရယ် အေဂျင်စီ အားလုံးလိုလို လည်ပတ်မှု ရပ်တန့်နေခဲ့ကြောင်း သိရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဗြိတိန်နဲ့ အမေရိကန်ကြား ပိုမို ညီညွတ်ကြဖို့ အမေရိကန် လွှတ်တော် မိန့်ခွန်းမှာ ဗြိတိန်ရဲ့ ချားလ်စ်ဘုရင်က တိုက်တွန်း တောင်းဆိုသွားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် အစိုးရ ယန္တရား ရပ်တန့်မှု (shutdown)ကို အဆုံးသတ်စေမယ့် ရေတို ကုစားရေး ဘတ်ဂျတ် အစီအမံ တစ်ရပ်ကို လွှတ်တော် နှစ်ရပ်လုံးက မဲခွဲ အတည်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

လက်ရှိ ကြုံနေတဲ့ အစိုးရ ယန္တရား ရပ်တန့်မှု (shutdown)ကို ဖြေရှင်းနိုင်ဖို့ ရေတို ကုစားရေး အဆိုတစ်ရပ်ကို အမေရိကန် အထက်လွှတ်တော်မှာ မဲခွဲ အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

လက်ရှိ အမေရိကန် အစိုးရ ယန္တရား လည်ပတ်မှု ရပ်တန့်ပြီး shutdown ဖြစ်နေတာကို ပြန်လည် ဖွင့်လှစ်နိုင်ဖို့အတွက် အထက်လွှတ်တော်ထဲမှာ ကနဦး သဘောတူညီမှု ရရှိသွားပြီ ဖြစ်ပါတယ်။