Connect with us

Hi, what are you looking for?

သတင်း

ဖျက်အားပြင်း ငလျင်ကြီး လှုပ်ခတ်နိုင်ခြေ သတိပေးချက်ကို ဂျပန်ရုပ်သိမ်း

ဖျက်အားပြင်း ဧရာမ ငလျင်ကြီးတစ်ခု လှုပ်ခတ်နိုင်ခြေကို ရှားရှားပါးပါး ကြိုတင် သတိပေးထားမှုကို ဂျပန်က ပြန်လည် ရုပ်သိမ်းလိုက်ပါတယ်။

ဓာတ်ပုံ - AFP

ဖျက်အားပြင်း ဧရာမ ငလျင်ကြီးတစ်ခု လှုပ်ခတ်နိုင်ခြေကို ရှားရှားပါးပါး ကြိုတင် သတိပေးထားမှုကို ဂျပန်က ပြန်လည် ရုပ်သိမ်းလိုက်ပါတယ်။

ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်း ကမ်းလွန်မှာ မဂ္ဂနီကျု ၇.၅ အဆင့် ငလျင်ကြီး လှုပ်ခတ်ပြီး တစ်ပတ်အကြာ ဒီဇင်ဘာ ၁၆ ရက်နေ့မှာတော့ အဲဒီ ကြိုတင် သတိပေး ထုတ်ပြန်ချက်ကို ပြန်လည် ပယ်ဖျက်လိုက်တာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ဂျပန် မြောက်ပိုင်း ကမ်းရိုးတန်း တချို့မှာ ၂ ပေခွဲနီးပါး အမြင့်ရှိတဲ့ ဆူနာမီ လှိုင်းတွေ ရိုက်ခတ်ခဲ့သလို လူပေါင်း ၄၀ ကျော်လောက် ဒဏ်ရာ ရခဲ့ပါတယ်။ ဒါပေမဲ့ ကြီးကြီးမားမား အပျက်အစီးတွေတော့ မရှိခဲ့ပါဘူး။

အဲဒီနောက် ဂျပန်မှာ ရှားပါးတဲ့ အခြေအနေအဖြစ် ဂျပန်မိုးလေဝသ အေဂျင်စီ (JMA)က ပြည်သူတွေ အနေနဲ့ မဂ္ဂနီကျု ၈.၀ အထက်ထိ ပြင်းထန်တဲ့ နောက်ဆက်တွဲ ငလျင်ကြီး တစ်ခုခုရဲ့ အန္တရာယ်ကို နိုးနိုးကြားကြား သတိထားနေကြဖို့လည်း သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဂျပန်မှာတော့ ဖြစ်မလာသေးတဲ့ ငလျင်နဲ့ ပတ်သက်လို့ ကြိုပြီး သတိပေးတာမျိုးက အရမ်းရှားပါးတဲ့ အခြေအနေလို့ ဆိုနိုင်ပါတယ်။ ကနဦး ငလျင်ကြီးအပြီး တစ်ပတ်အတွင်း အနည်းဆုံး မဂ္ဂနီကျု ၇.၀ လောက်ရှိတဲ့ ငလျင်တစ်ခု ထပ်လှုပ်နိုင်ခြေ ၁ ရာခိုင်နှုန်းလောက် ရှိတယ်လို့ သိပ္ပံပညာရှင်တွေက တွက်ဆထားခဲ့ပါတယ်။

ဒါကြောင့် ပြည်သူတွေ အနေနဲ့ လိုအပ်လာရင် အရေးပေါ် ရွှေ့ပြောင်းမှုတွေအတွက် ကြိုပြင်ထားဖို့ JMAက တိုက်တွန်းထားခဲ့တာပါ။ အခုတော့ အဲဒီ သတိပေးချက်ကို ရုပ်သိမ်းလိုက်ပြီလို့ JMA အရာရှိ အစ်ဆီ ဆူဂန်နူမာက ပြောပါတယ်။

ဒါပေမဲ့ အင်အားပြင်းထန်တဲ့ ငလျင်တွေ နောင်တစ်ချိန်မှာ ထပ်မလှုပ်ခတ်တော့ဘူးဆိုတဲ့ အဓိပ္ပါယ်တော့ မဟုတ်ကြောင်း၊ ပြည်သူတွေဟာ ငလျင်အန္တရာယ်နဲ့ ပတ်သက်ရင် အမြဲတမ်း နိုးကြား သတိရှိနေသင့်ကြောင်း သူက ဆိုပါတယ်။

နိုင်ငံမြောက်ပိုင်း ကမ်းလွန်မှာ ဧရာမ ငလျင်ကြီးတစ်ခု လှုပ်ခတ်နိုင်ခြေ ခန့်မှန်းချက်ကို JMAက ဆက်လက် အသက်သွင်းထားပေမယ့် လတ်တလောမှာတော့ အဲဒီလို ငလျင်မျိုး လှုပ်နိုင်ခြေ မရှိသေးကြောင်း ကောက်ချက်ချခဲ့ပါတယ်။

ပစိဖိတ် သမုဒ္ဒရာထဲက ကျွန်းစုနိုင်ငံ တစ်ခုဖြစ်တဲ့ ဂျပန်ဟာ ပစိဖိတ် မီးကွင်းဒေသလို့ ခေါ်ဝေါ်တဲ့ ရေအောက်မီးတောင် ရပ်ဝန်းနဲ့ ဆက်စပ် တည်ရှိပြီး အားပြင်းတဲ့ ငလျင်တွေ လှုပ်ခတ်မှုကို အကြိမ်ကြိမ် ကြုံခဲ့ဖူးပါတယ်။ ပျမ်းမျှအနေနဲ့ ဂျပန်မှာ ပြင်းအားမတူတဲ့ ငလျင်အရေအတွက် ၁၅၀၀ လောက် နှစ်စဉ် လှုပ်ခတ်လေ့ ရှိပါတယ်။

၂၀၁၁ ခုနှစ်၊ မတ်လတုန်းက လှုပ်ခတ်သွားတဲ့ မဂ္ဂနီကျု ၉.၀ ငလျင်ကြီးကြောင့် နောက်ဆက်တွဲ ဆူနာမီ ရေလှိုင်းတွေပါ ဖြစ်ပေါ်ခဲ့ပြီး လူပေါင်း ၂၀၀၀၀ နီးပါးသေခဲ့သလို ဖူကူရှီးမားဒိုင်ချီ နျူကလီးယား ဓာတ်အားပေး စက်ရုံကနေ ရေဒီယို သတ္တိကြွ ယိုစိမ့်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါဟာ လူ့သမိုင်းမှာ အဆိုးဆုံး နျူကလီးယား မတော်တဆမှု ဖြစ်စဉ်တစ်ခု အနေနဲ့လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

သတင်း

ကနေဒါ၊ ချက်နဲ့ ဂျပန်နိုင်ငံရောက် မြန်မာတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဇွန်လ ၁၉ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

၂၀၂၁ ကတည်းက မြန်မာနိုင်ငံက ကလေးတွေ ဖြတ်သန်းနေရတဲ့ အကြောင်းအရာတွေကို တစ်ကွက်ကာတွန်းအနေနဲ့ ထုတ်ဝေထားတဲ့ WART CARTOON စာအုပ်က ဂျပန်ကာတွန်းပညာရှင်များအသင်းရဲ့ ၅၅ကြိမ်မြောက် ဆုပေးပွဲမှာ ကာတွန်းကဏ္ဍ အထူးဆုဆွတ်ခူးရရှိခဲ့ပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်မှာ မူကြိုကျောင်းတစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ကလေးတွေနဲ့ ဆရာ ဆရာမ စုစုပေါင်း လူ ၃၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

နိုင်ငံတကာ

စစ်ကို တားဆီးဖို့အတွက် ဂျပန်ဟာ စစ်အင်အားကို ကျိန်းသေပေါက် ဖြည့်တင်းဖို့လိုကြောင်း ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအီဇူမီက ပြောကြားခဲ့ပါတယ်။