နှစ်ပတ်ကျော်အတွင်း တိုက်ပွဲ ၁၅ကြိမ်ဖြစ်၊ စစ်တပ် ၁၈ဦးထက်မနည်းသေ၊ ၃ဦးဖမ်းမိ
ဒီဇင်ဘာ-၂၄၊ ၂၀၂၅။ ဆန်အောင်/People’s Spring
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်အတွင်း စစ် ကောင်စီတပ်နဲ့ တိုက်ပွဲကြီးငယ် ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်စွဲရာ နေရာ ၂နေရာကို သိမ်းပိုက်နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
တရုတ်ကြားဝင်မှုကြောင့် တအာင်းတပ်မတော်(TNLA) နဲ့ စစ်ကောင်စီ အပစ်ရပ်ပြီး စစ်ကောင်စီထံ ပြန်လွှဲပေးထားရတဲ့ မိုးကုတ်နဲ့ မိုးမိတ်မြို့ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ကို NUG ရဲ့ PDFတပ်ရင်း၊တပ်ဖွဲ့တွေက တိုက်ခိုက်နေရာ ဒီကနေ့ ဒီဇင်ဘာ ၂၄ရက်မှာ မိုးကုတ်-မိုးမိတ် ဒေသဆိုင်ရာသတင်းကို ကာကွယ်ရေးဝန်ကြီးဌာနက ထပ်မံ အသိပေးခဲ့တာပါ။

Public Service Announcement
ဒီဇင်ဘာ ၇ရက်နေ့မှ ဒီဇင်ဘာ ၂၄ရက်အတွင်း မိုးကုတ်မြို့နယ်မှာ PDFနဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲကြီး (၆) ကြိမ်၊ ထိတွေ့ တိုက်ပွဲငယ် (၉)ကြိမ် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က ၁၈ဦး သေဆုံးပြီး ၃ဦး လက်ရဖမ်းဆီးနိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ် ခြေကုတ်ယူထားသော မိုးကုတ်မြို့နယ်အတွင်းမှ ကျေးရွာ (၁)ရွာနဲ့ စိုးမိုးကုန်း (၁)ခုအား ပြည်သူ့ကာကွယ်ရေးတပ်မတော် က ထပ်မံသိမ်းပိုက် ရရှိထားပြီးဖြစ်ကြောင်း အသိပေးထားပါတယ်။
ရန်သူရဲ့ အုပ်ချုပ်မှု၊ ကွပ်ကဲမှု၊ ထောက်ပံ့မှု ရပ်ဝန်းတွေကို အထူးစစ်ဆင်ရေးတွေ ဖော်ဆောင် တိုက်ခိုက်ခဲ့တာကြောင့် အဲဒီ စစ်ဆင်ရေးတွေမှာ ရန်သူ စစ်ကောင်စီ ထိခိုက်သေဆုံးရှိနေကြောင်းလည်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ (ပကဖ)အနေဖြင့် ပြည်သူလူထုနဲ့အတူ လက်တွဲပြီး မိုးကုတ်မြို့နယ်နဲ့ မိုးမိတ်မြို့နယ်အတွင်း ကျူးကျော်ဝင်ရောက်လာသော စစ်ကောင်စီတပ်ကို ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ NUG က ထပ်လောင်း ကတိပေး ကြေညာခဲ့ပါတယ်။
PDFနဲ့ စစ်ကောင်စီတပ်ဟာ မိုးကုတ်-မိုးမိတ်ကနေ TNLAတပ်တွေ ဆုတ်ခွာသွားတဲ့ နိုဝင်ဘာလကုန်ပိုင်းက တိုက်ပွဲစဖြစ်နေတာဖြစ်ပါတယ်။
အဲဒီဒေသက စစ်ကောင်စီတပ်ကို တိုက်ထုတ်ဖို့ PDF စစ်ရုံးချုပ်က နိုဝင်ဘာ ၉ရက်ကတည်းက မိုးကုတ်-မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ကို ဖွဲ့စည်း ဆောင်ရွက်ခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၃၀ရက်က တိုက်ပွဲစတင်ခဲ့တာပါ။
နိုဝင်ဘာ ၃၀ရက်မှ ဒီဇင်ဘာ ၆ရက်အထိ တပတ်တာအတွင်း တိုက်ပွဲကြီးငယ် ၉ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီ ရဲ့ အရေးပါတဲ့ စခန်းကုန်းကို PDFက သိမ်းထားနိုင်တာကြောင့် တိုက်ပွဲ တလနီးပါးအတွင်း စစ်ကောင်စီတပ်စွဲရာ နေရာ ၃နေရာကို သိမ်းထားနိုင်ခဲ့တာဖြစ်ပါတယ်။
NUG ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ တိုက်ပွဲဖြစ်ပွားမှု မရှိခင်ကတည်းက အရပ်သားတွေကို ဘေးလွတ်ရာ နယ်မြေတွေကို ကြိုတင်ရှောင်တိမ်းဖို့ ရွှေ့ပြောင်း နေရာချတာ၊ အကူအညီတွေပေးအပ်တာတွေလုပ်ဆောင်ခဲ့ကြောင်းလည်း အသိပေးထားပါတယ်။
မိုးမိတ်ဒေသ တိုက်ပွဲတွေမှာ PDFနဲ့အတူ ကချင်လွတ်လတ်ရေးတပ်မတော်(KIA)တပ်ဖွဲ့လည်း အတူတိုက်ခိုက်လျက်ရှိတယ်လို့ ကချင်သတင်းရင်းမြစ်အချို့က အသိပေးထားပါတယ်။
KIA စစ်ရေးသတင်းတွေကို ဖော်ပြနေတဲ့ 7Stars News ရဲ့ ဒီကနေ့ သတင်းမှာ မိုးမိတ်မြို့အနီး ရေတံခွန်ကျေးရွာရှိ စစ်ကောင်စီတပ်ကို KIAနဲ့ တော်လှန်ရေးပူးပေါင်းတပ်က သွားရောက်တိုက်ခိုက်ခဲ့လို့ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒီဇင်ဘာ ၁၁ရက်ကလည်း တွန်းငယ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို KIA ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်အထိနာပြီး တပ်ဆုတ်သွားကြောင်းလည်း ဖော်ပြထားပါတယ်။
မိုးမိတ်ဒေသ အခြေအနေတွေ ထပ်မံသိရနိုင်ဖို့KIA နဲ့ ကချင်သတင်းရင်းမြစ်အချို့ထံ မေးမြန်းထားဆဲဖြစ်ပါတယ်။


















































