ဇန်နဝါရီ-၂၊ ၂၀၂၆။ ဟာနာဆန်/People’s Spring
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ အင်အားတိုးဖို့ ထွက်လာတဲ့ စစ်ကောင်စီရေယာဥ်ကို တိုက်ခိုက်ရာ ဒုတပ်ကြပ်တစ်ဦးသေဆုံးကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ရဲဘော်ဝေကြီးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ ရက် ည ၇နာရီခန့်က ရေစကြိုမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းအတိုင်း အထက်ဆန်တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ လိုက်ပါလာတဲ့ ရေယာဥ်တစ်စီးကို မြစ်ကြောင်းတနေရာကနေ စောင့်ဆိုင်းတိုက်ခိုက်ရာ နာရီဝက်ကျော် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ရေစကြိုပကဖက ပြောပါတယ်။
ရေယာဥ်ပေါ် လိုက်ပါလာတဲ့ တပ်မ(၉၉)က ဒုတပ်ကြပ်တစ်ဦးသေဆုံးပြီး ၃ဦးခန့် ဒဏ်ရာရရှိသွားတယ်လို့ ရေစကြိုပကဖက ဆိုပါတယ်။

Public Service Announcement
“အင်အားတိုးတာ။ ပခုက္ကူကနေထွက်လာပြီး ရေစကြိုကပ်တာ”လို့ ရေစကြိုပကဖက ရဲဘော်ဝေကြီးက ပြောပါတယ်။
ရေယာဥ်ပေါ်ပါ စစ်အုပ်စုထိခိုက်သေဆုံးမှုနဲ့ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ပခုက္ကူခရိုင်အတွင်းက မြိုင်နဲ့ပေါက်မြို့နယ်အစပ်မှာ ဒီဇင်ဘာလကုန်ပိုင်းအထိ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိကြောင်း ဒေသတွင်းတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။
ရေစကြိုမြို့နယ်မှာလည်း စစ်ကောင်စီက ပြည်သူတွေကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေပြီး ဒီဇင်ဘာအတွင်း ပြည်သူ ၄ဦး သေဆုံးခဲ့ပါသေးတယ်။


















































