နိုဝင်ဘာ-၂၈၊ ၂၀၂၆။ ခိုင်မြတ်၊ အိမ်သွင်/ People’s Spring
အာဏာသိမ်းစစ်တပ်ဟာ မြောက်ဦးမြို့ပေါ်ကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာကြောင့် ဒေသခံအရပ်သားပြည်သူ ၉ဦး သေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ နို၀င်ဘာ ၂၈ ရက် ညနေ ၄ နာရီ၀န်းကျင်မှာ မြောက်ဦးမြို့ပေါ် မြို့သစ်ရပ်ကွက်၊ ရဲမနိုင်စုကို ဂျက်ဖိုက်တာနဲ့ ဗုံးနှစ်လုံးကြဲချခဲ့တာဖြစ်ပါတယ်။
“ဒဏ်ရာရတာ ပိုများမယ်၊ စိုးရိမ်ဒဏ်ရာရတာတွေ ရှိတယ်”လို့ မြောက်ဦးမြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
ဒီနေ့ ဗုံးကြဲတိုက်ခိုက်မှုမှာ ပြည်သူ ၆ဦးသေဆုံးပြီး ၄ဦးထက်မနည်း ဒဏ်ရာရတယ်လို့ ဒီနေ့ညနေ၅နာရီခွဲခန့်အထိ ကနဦးအခြေအနေကိုစာရေးဆရာဝေဟင်အောင်က အသိပေးထားပါတယ်။
စစ်တပ်ဟာ မြောက်ဦးမြို့ကို ဗုံးကြဲခဲ့တဲ့အပြင် ဒီနေ့ ညနေ ၇ နာရီ၀န်းကျင်မှာလည်း ပေါက်တောမြို့နယ်အတွင်းက နေရာတွေကို ဂျက်ဖိုက်တာ ၃ စီးနဲ့ ဗုံးကြဲခဲ့ပါသေးတယ်။
အဲဒီဗုံးကြဲမှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုအခြေအနေတွေကိုတော့ မသိရသေးပါဘူး။
“ဂျက်သုံးစီးရှိပြီ၊ သုံးစီးလုံး ချသွားတယ်၊ ပုန်းနေရတယ်၊ ထပ်လာဖို့ ကြောက်နေရတယ်။ ညဆိုရင် ေ-ွးတွေလာကြပြီ” လို့ ပေါက်တောမြို့ခံတဦးက ပြောပါတယ်။
စစ်တပ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက်ကလည်း ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်၊ အောင်ဖြူပြင်ရွာတို့ကို ဗုံးကြဲခဲ့တာကြောင့် ပြည်သူ ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တွေကို လေကြောင်းကင်းထောက်တာတွေ ဆက်တိုက် လုပ်နေပြီး စစ်ဘက်နဲ့ မသက်ဆိုင်တဲ့ အရပ်သားလူနေကျေးရွာတွေကို ဗုံးလာကြဲနေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်နဲ့ ၂၁ ရက်နေ့တွေကလည်း ပေါက်တောမြို့နယ် နန်းတက်ကျွန်းနဲ့ သဝင်ချောင်းရွာတို့ကို ဗုံးကြဲခဲ့တာကြောင့် ငါးလသား အရွယ်ကလေးငယ်တဦးအပါအဝင် ၄ ဦးထက်မနည်း သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရခဲ့ ပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဟာ နိုဝင်ဘာ ၂၆ရက်ကလည်းမကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ် အင်ရုံကျေးရွာမှာ ဒေသခံတွေ ကထိန်ပွဲနဲ့ ကျောင်းအားကစားပွဲ လုပ်နေချိန်ဗုံးကြဲတဲ့အတွက် ကလေးငယ်တွေအပါအဝင်များပြားသေဆုံးခဲ့ပါတယ်။ သေဆုံးသူ ၃၀ဦးခန့်ကနေ ၇၀ခန့်အထိ ရှိနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကတော့ အင်ရုံရွာလေကြောင်း တိုက်ခိုက်ခံရမှုမှာ ကလေးငယ်တွေအပါအဝင် ၂၀ဦးခန့် သေဆုံးခဲ့ရပြီး ကလေးငယ် ၁၄ဦး အပါအဝင် ၂၁ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကနဦးအခြေအနေကို အသိပေးထားပါတယ်။
ဒီနေ့ မနက်အစောပိုင်းမှာလည်း ကချင်ပြည်နယ်၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ်ဒေသဖြစ်တဲ့ လိုင်ဇာမြို့အပြင်ဘက်ကို လေကြောင်းနဲ့ဗုံးကြဲခဲ့တဲ့အတွက် ရပ်သားပြည်သူသုံးသေဆုံးပြီး ဆယ်ဦးထက်မနည်းဒဏ်ရာရတယ်လို့သိရပါဝာယ်။ အဲဒီအပြင်ဒီနေ့မနက်ပိုင်းမှာပဲ ရှမ်း-ကရင်နီ ဒေသအစပ်မိုးဗြဲမြို့အနီး မင်္ဂလာဆောင်တစ်ခုကိုစစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တဲ့အတွက် ကလေးငယ်တွေ အပါအ၀င်သေဆုံးထိခိုက်သူ ၂၀ ၀န်းကျင်ရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်း ဗုံးကြဲမှုတွေကြောင့် နိုဝင်ဘာလ၂၆ရက်နေ့ကနေဒီနေ့ထိ ၃ရက်အတွင်း ထိခိုက်သေဆုံးသူဦးရေ ၁၀၀ ကျော် ရှိလာတာကို ဗုံးကြဲတိုက်ခိုက်မှုသတင်းအချက်အလက်တွေအရသိရပါတယ်။
စစ်ကောင်စီက စစ်ကိုင်းတိုင်းအတွင်း မော်လူး၊ ကောလင်းမြို့နယ်တွေနဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ပတ်ဝန်းကျင်ကိုလည်း လေကြောင်းဗုံးကြဲမှုတွေရှိတယ်လို့သိရပါတယ်။
စစ်ကောင်စီရဲ့ဗုံးကြဲမှုတွေနဲ့ပတ်သက်လို့ လူထုသပိတ် ခေါင်းဆောင်ဒေါက်တာတေဇာစန်းက ” ဒီနိုင်ငံမှာ အာဏာသိမ်း စစ်အုပ်စုအဆက်ဆက်ဟာ ဘာနိုင်ငံတော်မှ မဟုတ်ဘူး၊ ဘာအစိုးရမှ မဟုတ်ဘူး။ဒီနိုင်ငံမှာ အာဏာသိမ်း စစ်အုပ်စုအဆက်ဆက်ဟာ “အကြမ်းဖက်သမား” များ၊ “စစ်ရာဇဝတ်ကောင်” များသာ ဖြစ်တယ်”လို့ မှတ်ချက်ပြုထားပါတယ်။


























































