■မိုးမိတ် -မဘိမ်းကြားမြစ်ဆုံရွာမှာKIAနဲ့ပူးပေါင်းတပ်တွေကို TNLAဟန့်တားနေတယ်လို့ဆို
ဇန်နဝါရီ-၂၉၊၂၀၂၆။အိမ်သွင်/People’s Spring
တအာင်းတပ်မတော်(TNLA)ထံက တရုတ် အကူအညီနဲ့ တောင်းယူထားတဲ့ မိုးမိတ်မြို့ကို လာမယ့် ဖေဖော်ဝါရီလဆန်းမှာ ဌာနဆိုင်ရာဝန်ထမ်းတွေ ပို့ဖို့ စစ်ကောင်စီက ပြင်ဆင်နေပါတယ်။
TNLAက မိုးကုတ်နဲ့မိုးမိတ်မြို့ကို စစ်ကောင်စီထံ ပြန်အပ်ပေးပြီးတဲ့နောက်ပိုင်း စစ်ကောင်စီတပ် စစ်ကြောင်းတွေကမိုးမိတ်မြို့ထဲကို၂၀၂၅ အောက်တိုဘာမှာပြန်လည်ဝင်ရောက်လာတာဖြစ်ပါတယ်။

Public Service Announcement
အဲဒီနောက်ပိုင်း မြို့အနီးမှာ တိုက်ပွဲတွေဖြစ်ခဲ့ပြီး စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားလည်း လည်ပတ်နိုင်ခြင်းမရှိ သေးပါဘူး။ အခုလည်း တိုက်ပွဲတွေကြိုကြားကြိုကြားဆက်ဖြစ်နေပေမယ့် ဖေဖော်ဝါရီလဆန်းမှာ ဌာနဆိုင်ရာဝန်ထမ်းတွေ မိုးမိတ်မြို့ကိုသွားရမယ်လို့ စစ်ကောင်စီကညွှန်ကြားထားတာဖြစ်ပါတယ်။
” မိုးမိတ်မှာထိုက်ပွဲတွေစဖြစ်တဲ့၂၀၂၄ခုနှစ်ကတည်းက ကျတော်တို့ကို တောင်ကြီးနဲ့မန္တလေးရုံးကိုပို့ထားတာ။ အခုပြန်ရဖို့ ညွှန်ကြားထားတယ်။ကျနော်တို့အတွက်အန္တရာယ်များတဲ့အခြေအနေဖြစ်ပါတယ်။ နှုတ်ထွက်ဖို့ကြိုးစားတာလည်းမရဘူး”လို့ မန္တလေးမြို့မှာရောက်ရှိနေတဲ့ မိုးမိတ်မြို့ကဌာနဆိုင်ရာ ဝန်ထမ်းတစ်ဦးကပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)စစ်ရုံးချုပ်က မိုးကုတ် – မိုးမိတ်ဒေသ စစ်ဆင်ရေးစစ်ဦးစီးအဖွဲ့ကို နိုဝင်ဘာ ၉ရက်မှာ စတင်ဖွဲ့စည်းခဲ့ပြီး စစ်တပ် စစ်ကြောင်းတွေကို နိုဝင်ဘာ ၃၀ရက်ကစပြီး တိုက်ခိုက်ခဲ့ပါတယ်။ဇန်နဝါရီ ၁၈ရက် ညကလည်း မြို့အနီးမှာတိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေရဲ့အုပ်ချုပ်မှု၊ကွပ်ကဲမှု၊ ထောက်ပံ့မှု ရပ်ဝန်းတွေကို အထူးစစ်ဆင်ရေးဖော်ဆောင်ပြီး အဆက်မပြတ်တိုက်ခိုက်နေတယ်လို့ MODက အသိပေးထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ဒီဇင်ဘာထဲမှာ မိုးမိတ်မြို့ထဲကို ရဲတပ်ဖွဲ့ဝင်တွေနဲ့ စစ်မှုထမ်းသင်တန်းဆင်းတွေ ပို့ဆောင်ခဲ့ပါတယ်။မိုးမိတ်မြို့ရောက် စစ်ကောင်စီတပ်တွေထဲက စစ်မှုထမ်းသင်တန်းဆင်း ၄၀ခန့်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ၂ရက်က ထွက်ပြေးသွားခဲ့ပါတယ်။
လက်ရှိမှာ တိုက်ပွဲတွေငြိမ်သက်နေပေမယ့် မိုးမိတ်နဲ့ မဘိမ်းမြို့ကြားက မြစ်ဆုံကျေးရွာမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ TNLA တင်းမာမှုတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြစ်ဆုံရွာဟာ မိုးမိတ်မြို့နဲ့ (၁၈)မိုင်ခန့်ဝေးကွာပါတယ်။ စစ်ကောင်စီတပ်တွေက မိုးမိတ်မြို့နဲ့ (၂)မိုင်ခန့်အကွာက အုန်းကြောကျေးရွာအထိသာ ထိန်းချုပ်ထားနိုင်တာပါ။ အုန်းကြောရွာနဲ့မြစ်ဆုံရွာကြားမှာ KIA၊KPDF၊PDF ပူးပေါင်းတပ်တွေအပြင် TNLAလည်း တပ်စွဲထားပါတယ်။
မြစ်ဆုံရွာကိုအပြည့်အဝထိန်းချုပ်ဖို့အတွက် KIAနဲ့ PDF ပူးပေါင်းတပ်တွေဝင်ရောက်လာဖို့ပြင်ဆင်ထားတာကို TNLAက ဟန့်တားနေတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။
“TNLAကမြစ်ဆုံအထိပေးပြီးမှဆုတ်မယ့်သဘောရှိတယ်။ တခြားအဖွဲ့တွေကို ဟန့်တားဖို့ကြိုးစားနေတယ်။ ဒေသခံတွေကတော့ TNLA အနေနဲ့ စစ်တပ်ကို မတိုက်တော့ရင် ဆုတ်သွားစေချင်တယ်”လို့ ၎င်းက ဆိုပါတယ်။
အဲဒီအချက်အလက်နဲ့ပတ်သက်ပြီးTNLAထံဆက်သွယ်မေးမြန်းရာ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။
ဒီဇင်ဘာ ၇ရက်မနက်က မြစ်ဆုံကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲလို့ မိုးကုတ်မြို့ကနေ စစ်လာရှောင်သူတွေအပါအဝင် ၉ဦး သေဆုံးခဲ့ပါတယ်။ မြစ်ဆုံရွာဟာ မိုးမိတ်မြို့ကနေ မဘိမ်းမြို့ဘက်ကို သွားတဲ့လမ်းမှာရှိပါတယ်။ စစ်ကောင်စီက မြစ်ဆုံရွာကို ပစ်မှတ်ထားပြီး လေကြောင်းကနေမကြာခဏဗုံးကြဲ နေပါတယ်။
မဘိမ်းမြို့မှာ KIA တပ်ရင်း ၃၄ ရှိနေပါတယ်။
မြစ်ဆုံရွာမှာ TNLAက ဟန့်တားနေတယ်ဆိုတဲ့သတင်းအပေါ် ကြားသိထားခြင်းမရှိသေးဘူးလို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
မိုးမိတ်မြို့စစ်ရေးအခြေအနေနဲ့ပတ်သက်လို့လည်း လက်ရှိအချိန်အထိ ပြင်ဆင်ထားမှုမရှိပေမယ့် အကယ်၍ တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီတပ်တွေကိုတိုက်မယ်ဆိုရင် အကူအညီပေးသွားမယ်လို့ ဆိုပါတယ်။
” စစ်ရေးအရကူညီမယ်ဆိုတာက တော်လှန်ရေးအတွက်တိုက်ပွဲဝင်တဲ့လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေအားလုံးနဲ့ပူးပေါင်းပြီးမှတိုက်တာဖြစ်ပါတယ်။ လိုအပ်လို့ရှိရင်တော့ပူးပေါင်းပြီးတော့မှ တိုက်ရမှာဖြစ်ပါတယ်”လို့ ဗိုလ်မှူးကြီးနော်ဘူက ဒီနေ့ ဇန်နဝါရီ ၂၉ရက်မှာ ပြောပါတယ်။


















































