ဖေဖော်ဝါရီ-၁၊၂၀၂၆၊မိုမို/People’s Spring
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စစ်တပ်ရဲ့ဂျန်မာကားတစ်စီးကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးရဲဘော်တချို့က ပြောပါတယ်။
ဒရုန်းတိုက်ခိုက်မှုက ကာကွယ်ဖို့အသုံးပြုတဲ့ ဂျန်မာကားကို ဒရုန်းနဲ့ပဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“ဂျန်မာ ကား။ဘန်း လေးဘန်းနဲ့။ကျွန်တော်တို့ ပူးပေါင်းညီနောင်တွေ တိုက်ခိုက်ခဲ့တာ”လို့ ဝက်လက်အခြေစိုက်ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

Public Service Announcement
အဲဒီဂျန်မာကားဟာ မန္တလေးတိုင်းဘက်ကနေ စစ်ကိုင်းမြို့နယ်အရှေ့ခြမ်း၊ဝက်လက်မြို့နယ်ကို စစ်ကြောင်းထိုးခဲ့တဲ့ စစ်တပ် အသုံးပြုခဲ့တာလို့ အသိပေးပါတယ်။
စစ်တပ်စစ်ကြောင်းအပါအဝင် တိုက်ခိုက်မှု ဖြစ်စဥ်အသေးစိတ်ကိုတော့ သီးခြားထုတ်ပြန်သွားဖို့ရှိတယ်လို့ သိရပါတယ်။

“စစ်ကြောင်းက ၂၈ ရက်က ပြန်ဆုတ်သွားတယ်။ထိခိုက်မှုများတယ်။စိစစ်ဆဲရှိသေးတယ်”လို့ ဝက်လက်မြို့နယ်ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
မတ္တရာမြို့နယ်ကတဆင့် Faw ကားနှစ်စီး ၊လက် နက်ခဲယမ်းအပြည့်ပါ ကားတစ်စီးနဲ့ အင်အား၁၀၀ နီးပါးဟာ ရှိမ်းမကားရွာအထိုင်ရဲစခန်းကို အင်အားဖြည့်ခဲ့ပြီးတဲ့ နောက် ကမ်းဖြူကျေးရွာဘက်ကို စစ်တပ်က စစ်ကြောင်းထိုးခဲ့တာလို့ သိရပါတယ်။
အဲဒီစစ်ကြောင်းဟာ ကမ်းဖြူကျေးရွာကို အထိုင်ချတပ်စွဲခဲ့ပြီး မန္တလေးတိုင်းဘက်ကို ပြန်ကူးကာ တပ်ပြန်ဆုတ်သွားခဲ့ပါတယ်။
လက်ရှိမှာ ဝက်လက်မြို့နယ်အရှေ့ခြမ်းမှာ ဒေသအခေါ် ကျောက်မြောင်းတပ် ခလရ(၁၂)တပ်ရင်းက စစ်ကြောင်းထိုးနေပြီး ကျေးရွာတွေ မီးရှို့နေတယ်လို့ သိရပါတယ်။
ဝက်လက်မြို့နယ်တွင်းမှာ စစ်တပ်က မကြာခဏ စစ်ကြောင်းထိုးနေပြီး စစ်ကိုင်းမြို့အခြေ စိုက် တပ်မ(၃၃)နဲ့ ဒေသတွင်း ပျူစောထီးတွေစုဖွဲ့ပြီး စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လက တိုက်ပွဲတွေမှာ နှစ်ဖက်ထိခိုက် သေဆုံးမှုတွေရှိပြီး စစ်တပ်စစ်ကြောင်းဆီကနေ ကာကွယ်ရေးတပ်တွေက လက်နက်ခဲယမ်းအချို့ ရရှိခဲ့ပါတယ်။

















































