အောက်တိုဘာ-၃၁၊၂၀၂၆။မိထက်/People’s Spring
မြန်မာ-တရုတ်နယ်စပ်၊ မူဆယ်မြို့နယ် (၁၀၅)မိုင်အနီးက ကျားဖြန့်ရုံကို တရုတ်ရဲတပ်ဖွဲ့ နဲ့ စစ်တပ်ပူးပေါင်းစီးနင်းခဲ့ပေမယ့် သတင်းကြိုပေါက်တဲ့အတွက် တရားခံတစ်ဦးမှ ဖမ်းမမိဘဲ အဆောက်အအုံအတွင်းက ပစ္စည်းတွေကိုတော့ ဒေသခံတွေကို အလကားပေးပြီး သက်သေပစ္စည်းဖျောက်လိုက်ကြပါတယ်။
တရုတ်နိင်ငံသား ၄၀၀နီးပါးရှိနေတဲ့ ကျားဖြန့်ရုံကို အောက်တိုဘာ ၃၀ ရက် နံနက်ပိုင်းမှာ တရုတ်ရဲတပ်ဖွဲ့နဲ့ စစ်တပ်ပူးပေါင်းစီးနင်းခဲ့တာလို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။
” တရုတ်ရဲတွေက နာရီအနည်းငယ် ကြိုရောက်တယ်။ ဝင်စီးတယ်။ သတင်းကတော့ ကြိုပေါက်တယ်။ လူမဲ့ဂိုထောင်ကြီးပဲ ရလိုက်တယ်” လို့ ၎င်းက ပြောပါတယ်။

Public Service Announcement
ဂိုထောင်အတွင်း ကွန်ပြူတာတွေနဲ့ လျှပ်စစ်ပစ္စည်းတွေအပြင် မွေ့ယာတွေ၊ ပရိဘောဂပစ္စည်းတွေကို ဒေသခံတွေ အလကား လာယူခိုင်းခဲ့တယ်လို့ သိရပါတယ်။
” ဒီလိုချည်းလုပ်တာဗျာ လက်စဖျောက်တာ။ တရုတ်တွေကတော့ ကြက်ပျောက် ငှက်ပျောက်ပဲ” လို့ မူဆယ်ဒေသခံတစ်ဦးက ပြောပါတယ်။
ရှမ်းပြည်မြောက်ပိုင်း၊မူဆယ်မြို့နယ်မှာ စစ်တပ်နဲ့ ပတ်သက်တဲ့ ကျားဖြန့်ရုံတွေ အများအပြားရှိနေပြီး မနေ့က စီးနင်းမှုဟာ တရုတ်က သတင်းအတိအကျရပြီး လာဖမ်းပေမယ့် တရားခံတွေ လွတ်မြောက်ကုန်တာလို့ ဒေသခံတွေက ပြောပါတယ်။
(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်ဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့(MNDAA၊TNLA၊AA)က ပူးပေါင်းထိန်းချုပ်ထားပါတယ်။ ယမန်နေ့က စီးနင်းနဲ့ ကျားဖြန့်ရုံကတော့ စစ်တပ်ထိန်းချုပ်ဦရိယာထဲမှာပါတာလို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာနိုင်ငံက ကျားဖြန့်လုပ်ငန်းတွေဟာ ကမ္ဘာတစ်ဝန်းကငွေကြေးအမြောက်အမြား လိမ်လည်နေတာတွေနဲ့ လူကုန်ကူးမှုပြဿနာတွေကြောင့် အမေရိကန်အပါအဝင် နိုင်ငံတကာရဲ့ ပြင်းထန်တဲ့ ဖိအားတွေရှိနေပါတယ်။ ကျားဖြန့်ဂိုဏ်းတွေကို အာဏာသိမ်းစစ်တပ်က အယောင်ပြဖမ်းဆီးနေတာလို့ ဒေသခံ ပြောပါတယ်။





















































