အောက်တိုဘာ ၃၁၊ ၂၀၂၆။ ထားမြတ်/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်ဒေသတိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး အောက်တိုဘာ ၃၀ရက် တိုက်ပွဲအတွင်း စစ်တပ်က အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များပြားခဲ့သလို လက်နက်မျိုးစုံနဲ့ ခဲယမ်းအများအပြားကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းရခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။
စစ်တပ်က အင်အားတွေ ဖြည့်တင်းပြီး ထိုးစစ်ဆင်နေလို့ နေ့စဉ် စစ်ရေးတင်းမာ တိုက်ပွဲဖြစ်နေတဲ့ မိုးမိတ်မှာ အောက်တိုဘာ ၃၀ရက်က တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၃၀ရက်က တိုက်ပွဲအတွင်း စစ်တပ်ထံက လက်နက်အလက် ၃၀ခန့် သိမ်းရခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
အခြားစစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း စစ်တပ်ဟာ မိုးမိတ်မြို့ဘက်ကနေ မြစ်ဆုံဘက်ကို စစ်ကြောင်းထိုးလာတာကို KIA ပူးပေါင်းတပ်က ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ စစ်တပ်က အရာရှိ အဝင် သေဆုံးထိခိုက်များခဲ့တယ်လို့ အခုလို ပြောပြပါတယ်။
“အလောင်း ၂၀ကျော်တယ်။ သူတို့က စစ်ကြောင်းတကြောင်းပေါ့ တပ်ရင်းလေးရင်းပေါင်းပြီးမှ စစ်ကြောင်းတကြောင်းပေါ့။ မိုးမိတ်ကနေ မြစ်ဆုံ ငအိုးဘက်ကို ထိုးစစ်ဆင်တာ။ အကုန်လုံး စစ်ကြောင်း တကြောင်းလုံးပြုတ်ပြီး ကစင့်ကလျားအကုန်လုံးထွက်ပြေး။ တပ်ရင်းမှူးတယောက်က ဒဏ်ရာရ၊ ဒုရင်းမှူးကတော့ သေ” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
KIA စစ်ရေးသတင်းတွေ ဖော်ပြနေတဲ့ 7Stars News ရဲ့ မိုးမိတ်တိုက်ပွဲသတင်းအသိပေးချက်မှာတော့ မိုးမိတ်ကို ထိုးစစ်ဆင်လာတဲ့ စစ်တပ်ကို KIA တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ဗိုလ်ကြီး(၁)ဦးအပါအဝင် (၁၃)ဦး သေဆုံးခဲ့ပြီး၊ စစ်သုံ့ပန်း (၇)ဦးနဲ့ လက်နက်စုံ (၅၀)ခန့် သိမ်းဆည်း ရမိခဲ့ကြောင်း ဖော်ပြထားပါတယ်။ သိမ်းရတဲ့ လက်နက်တွေထဲမှာ ငါးကြင်းမြှီးလို့ခေါ်တဲ့ စက်သေနတ်တွေနြ့ ၆၀ မမ လက်နက်ကြီး တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
မိုးမိတ်ဒေသ အောက်တိုဘာ ၂၉ရက်နဲ့ ၃၀ရက် တိုက်ပွဲတွေမှာ လက်နက်တွေအပြင် ဂျမ်မာ (jammer) အချို့လည်း သိမ်းရခဲ့တယ်လို့ ဖော်ပြထားပါတယ်။
KIAနဲ့ စစ်တပ်တို့ဟာ မိုးမိတ်ဒေသမှာ စက်တင်ဘာလကုန်ပိုင်းကစတင်တိုက်ပွဲဖြစ်ပွားခဲ့ရာ ၁လကြာတဲ့အထိ တိုက်ပွဲဆက်ရှိနေတာဖြစ်ပါတယ်။





















































