အောက်တိုဘာ ၃၁၊ ၂၀၂၆။ ထားမြတ်/People’s Spring
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် ရေပေါ်မီးကျေးရွာက စစ်တပ်လက်အောက်ခံ ရှမ်းနီတပ် SNA တပ်စွဲထားတဲ့နေရာကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က အောက်တိုဘာ ၃၀ရက်မှာတိုက်ခိုက်သိမ်းပိုက်ခဲ့ရာ သိမ်းရတဲ့ တပ်စခန်းနေရာ မှတ်တမ်းရုပ်သံကို စစ်ရေးသတင်းရင်းမြစ်က ပြသခဲ့ပါတယ်။
ကချင်-စစ်ကိုင်းအစပ်က SNA တပ်စခန်းတွေကို KIA ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာအောက်တိုဘာ ၂၂ရက်မှာ ဟုမ္မလင်းမြို့နယ် တောင်ဦးရွာတပ်စခန်း၊အောက်တိုဘာ ၃၀ရက်မှာ သဲဇလောက်နဲ့ ရေပေါ်မီးတပ်စခန်းတွေကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
စစ်ရေးသတင်းရင်းမြစ်က ပြသတဲ့ ရုပ်သံမှာ ရေပေါ်မီးတပ်စခန်းနေရာက SNA တပ်ဖွဲ့တွေဟာသူတို့ တပ်စွဲထားတဲ့ နေရာက နေအိမ်အဆောက်အအုံတွေကို ပိုက်ကွန်တွေ နဲ့ ကာထားတာတွေ့ရပါတယ်။

Public Service Announcement
SNA တပ်စခန်းတွေ တိုက်ခိုက်သိမ်းပိုက်ရာမှာ လက်နက်ခဲယမ်းတွေ သိမ်းရတာရှိခဲ့ကြောင်းလည်း ကချင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက သဲဇလောက်နဲ့ ရေပေါ်မီး SNA စခန်းတွေ သိမ်းရတာ အတည်ပြုပေမဲ့ အသေးစိတ်အချက်အလက်တွေ သတင်းမရရှိသေးဘူးလို့ဆိုပါတယ်။
KIA သတင်းတွေ ဖော်ပြနေတဲ့ 7Stars News ရဲ့ ဟုမ္မလင်းဒေသ SNA ရဲ့စခန်းတွေ သိမ်းပိုက်နိုင်မှု တိုက်ပွဲ သတင်းအသိပေးချက်မှာတော့ တိုက်ပွဲ တပတ်ကျော် ကာလအတွင်း SNLA တပ်ဖွဲ့ဝင် ၂၄ ဦးသေဆုံးကာ ဒဏ်ရာရသူ ၁၀၀ ခန့်ရှိကြောင်း ဖမ်းမိစစ်သုံ့ပန်းတွေထံက သိရတယ်လို့ အသိပေးထားပါတယ်။
KIA ပူးပေါင်းတပ်ဟာ စက်တင်ဘာလ ကုန်ပိုင်းကစပြီး SNA တပ်စခန်းတွေကို သိမ်းပိုက်တဲ့ စစ်ဆင်ရေးတွေ အရှိန်မြှင့်လုပ်ဆောင်ခဲ့ရာ ဖားကန့်ဆယ်ဇင်းဒေသက SNA ကာကင်းစခန်းအချို့၊ ဟုမ္မလင်းဒေသက SNA ကာကင်းစခန်းအချို့နဲ့ အထိုင်တပ်စခန်းအချို့ သိမ်းရခဲ့တာရှိပါတယ်။





















































