အောက်တိုဘာ-၃၁၊ ၂၀၂၆။ People’s Spring
တရုတ်နဲ့ ရုရှားတို့ အပါအဝင် မြန်မာစစ်တပ်ကို လက်နက်ဖြည့်တင်း ရောင်းချပေးတဲ့ နိုင်ငံတွေဟာ မြန်မာ့ ပြည်တွင်းရေး ပဋိပက္ခနဲ့ လူ့အခွင့်အရေး အခြေအနေတွေကို ဆိုးသထက်ဆိုးအောင် အားဖြည့်ပေးနေတာ ဖြစ်တယ်လို့ ကုလသမဂ္ဂ (UN)ရဲ့ မြန်မာ့အရေး ကျွမ်းကျင်သူ တစ်ဦးက ဝေဖန်ခဲ့ပါတယ်။
မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ တစ်စောင်ကို UNဆီ ဦးဆောင် တင်သွင်းခဲ့တဲ့ ကယ်လီအန်း အက်ကဲလ်စ် ကာရီက သူ့ရဲ့ အစီရင်ခံစာထဲမှာ မြန်မာစစ်တပ်အတွက် လက်နက် ထောက်ပံ့ပေးနေမှု အခြေအနေတွေကိုလည်း ထည့်သွင်းထားခဲ့ပါတယ်။
စစ်တပ်ဟာ အရပ်သား ပြည်သူတွေကို ကြောက်စိတ်သွင်းပေးပြီး အညံ့ခံလာအောင် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေကြောင်း၊ ရုရှားနဲ့ တရုတ်တို့လို နိုင်ငံတွေဆီက လက်နက်တွေ ဝယ်ယူရာမှာလည်း အရပ်သား ပစ်မှတ်တွေအပေါ် တိုက်ခိုက်မှုတွေ အရှိန်မြှင့်နိုင်ဖို့ ရည်ရွယ်ထားတာဖြစ်ကြောင်း သူက ဆိုပါတယ်။

Public Service Announcement
မြန်မာစစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေကို အကန့်အသတ်မရှိ ပြုလုပ်နိုင်ဖို့အတွက် တရုတ်နဲ့ ရုရှားက ထုတ်လုပ်တဲ့ စစ်လေယာဉ်တွေကို အသုံးပြုနေကြောင်း၊ လူအင်အား အရလည်း အသာစီး ရထားပေမယ့် တော်လှန်ရေး အင်အားစုတွေကို ထိထိရောက်ရောက် အနိုင်ယူနိုင်စွမ်းတော့ မရှိသေးကြောင်းလည်း အက်ကဲလ်စ် ကာရီက ပြောကြားခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) အဖွဲ့ဝင် နိုင်ငံတွေဟာ အာဏာသိမ်း မြန်မာစစ်တပ်နဲ့ ထိတွေ့ ဆက်ဆံမှုတွေ ပိုမိုမြှင့်တင်လာပေမယ့် မြန်မာနိုင်ငံမှာ ရန်လို အကြမ်းဖက်မှုတွေ လျှော့ချရေး၊ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး၊ အစုအဖွဲ့ပေါင်းစုံ ပါဝင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပေါ်ထွန်းလာရေးအတွက် ထိရောက်တဲ့ တိုက်တွန်းမှုတွေ မရှိတာက စိုးရိမ်စရာ ဖြစ်နေကြောင်း သူက ထောက်ပြခဲ့ပါတယ်။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ စာရင်းတွေအရ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လူပေါင်း ၃၂၀၀၀ ကျော်ကို နိုင်ငံရေး ကိစ္စတွေအတွက် ဖမ်းဆီးခဲ့ပြီး အဲဒီထဲက အနည်းဆုံး ၁၅၀၀၀ ဟာ ထောင်သွင်း အကျဉ်းချ ခံထားရဆဲလို့ သိရပါတယ်။
ပြီးတော့ အာဏာသိမ်း စစ်တပ်ဟာ နိုင်ငံစီးပွားရေးကို လက်ဝါးကြီးအုပ်ပြီး ညံ့ဖျင်းတဲ့ စီမံခန့်ခွဲမှုတွေကြောင့် မြန်မာနိုင်ငံရဲ့ တရားဝင် စီးပွားရေးကဏ္ဍက ဆိုးဆိုးရွားရွား ကျဆင်းသွားပြီး ဒုစရိုက်စီးပွားရေး လုပ်ငန်းတွေ ကြီးထွားလာတာကိုလည်း အက်ကဲလ်စ် ကာရီက ထောက်ပြ သတိပေးသွားခဲ့ပါတယ်။
စစ်တပ်ဟာ ငွေလဲနှုန်းတွေကို မမျှမတ ခြယ်လှယ်တာ၊ စီးပွားရေး လုပ်ငန်းတွေဆီကနေ နည်းလမ်းပေါင်းစုံနဲ့ အမြတ်ထုတ်တာ၊ စိုက်ပျိုးရေး ချေးငွေလို ထောက်ပံ့မှုတွေကနေ လာဘ်ငွေယူပြီး ဖြတ်စားတာတွေထိ အဂတိ နည်းလမ်းမျိုးစုံကို အသုံးပြုနေကြောင်း၊ အဲဒီလို ရယူထားတဲ့ ငွေကြေးတွေကိုလည်း လက်နက်နဲ့ စစ်သုံးပစ္စည်းတွေ ဝယ်ယူဖို့ ပြန်လည် အသုံးပြုနေကြောင်း သူက စွပ်စွဲ ပြောကြားသွားပါတယ်။
ကိုးကား: AP





















































