Connect with us

Hi, what are you looking for?

သတင်း

မြန်မာ-ထိုင်းနယ်စပ်က တိုက်ပွဲ ပြန်ငြိမ်သက်နေ

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တစ်ဖက်ခြမ်း မြန်မာဖက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ လက်တလောမှာ ပြန်လည် ငြိမ်သက်နေကြောင်း ထိုင်းဒေသခံတွေက ပြောပါတယ်။

(မြန်မာ-ထိုင်းနယ်စပ်က တိုက်ပွဲတွေကြောင့် ထိုင်းစစ်တပ်က လုံခြုံရေးဆောင်ရွက်နေစဉ်။ ဓာတ်ပုံ - Thai PBS)

အောက်တိုဘာ ၃၁၊ ၂၀၂၆။/People’s Spring

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တစ်ဖက်ခြမ်း မြန်မာဖက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ လက်တလောမှာ ပြန်လည် ငြိမ်သက်နေကြောင်း ထိုင်းဒေသခံတွေက ပြောပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် နယ်စပ်ဧရိယာတွေမှာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် (KNLA) ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ အာဏာသိမ်းစစ်တပ်ကြား ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပေမယ့် အောက်တိုဘာ ၃၀ မနက်အစောပိုင်းမှာ အသံတွေ ပြန်လည်ငြိမ်သက်နေတာလို့ ဆိုပါတယ်။

မြေပြင်တိုက်ပွဲတွေ ဆက်ဖြစ်မနေပေမယ့် စစ်တပ်ကတော့ ဒရုန်းတွေ အသုံးပြုပြီး ဗုံးကြဲတဲ့ ပေါက်ကွဲသံတွေကို ကြိုကြားကြိုကြား ဆက်ပြီး ကြားနေရဆဲ ဖြစ်ပါတယ်။ အထူးသဖြင့် မင်းလက်ပံ ကျေးရွာတဝိုက်မှာရှိတဲ့ တော်လှန်ရေးတပ်တွေရဲ့ တည်နေရာတွေကို စစ်တပ်က ဆက်လက် တိုက်ခိုက်နေပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းဖက်က စစ်ရေးလေ့လာသူတွေကတော့ အခုလို တိုက်ပွဲတွေ ငြိမ်သက်သွားတာဟာ ခဏတာ အတွက်ပဲ ဖြစ်နိုင်ပြီး နှစ်ဖက်စလုံးက အဲဒီအတောအတွင်း တိုက်ပွဲ အစီအမံတွေကို ပြန်သုံးသပ်တာ၊ ရှေ့တန်းမှာ လက်နက်စနစ်တွေ ပြန်လည် နေရာချတာတွေ လုပ်ဆောင်နေဟန်ရှိကြောင်း သုံးသပ်ထားကြပါတယ်။

ထိုင်းနယ်ခြားစောင့် ယူနစ်တစ်ခုဖြစ်တဲ့ ရတ်ချာမာနူ တပ်ဖွဲ့ကတော့ မဲဆောက် အခြေစိုက် ကာကွယ်ရေး အစောင့်တပ် အမှတ် ၃၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့၊ တခြားသက်ဆိုင်ရာ လုံခြုံရေး အေဂျင်စီတွေနဲ့ ပူးပေါင်းပြီး မဲ့ကိုကင်းနဲ့ မဟာဝမ် ကျေးရွာတွေ တဝိုက်မှာ လုံခြုံရေး တိုးမြှင့်ထားသလို မြန်မာဖက်က စစ်ရေးပဋိပက္ခတွေ နယ်ကျော်မလာအောင် ကင်းလှည့် စောင့်ကြပ်နေပါတယ်။

ဒီအတောအတွင်း ထိုင်းစစ်တပ်ဟာ အောက်တိုဘာ ၃၀ ကနေ နိုဝင်ဘာ ၅ ရက်ထိ အတောအတွင်း မဲဆောက်က ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ်(၁) အပါအဝင် နေရာတချို့မှာ တရားဝင် ခွင့်ပြုမထားတဲ့ ကုန်စည်တွေ တင်သွင်းတာ၊ တင်ပို့တာတွေကို အထူးကြပ်မတ် တားမြစ်ထားလိုက်ပါတယ်။ အဲဒီ အမိန့်ရဲ့ ရည်ရွယ်ချက်က မြန်မာဖက်မှာ တိုက်ခိုက်နေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေအတွက် လက်နက်နဲ့ တခြားပစ္စည်းတွေ ကူညီထောက်ပံ့တာမျိုး မဖြစ်စေဖို့လို့ ထိုင်းစစ်တပ်က ပြောပါတယ်။

မဲ့ကိုကင်းနဲ့ ထိုင်းနယ်စပ် ကျေးရွာတချို့ဟာ လောလောဆယ် ပုံမှန်အခြေအနေအတိုင်း ရှိနေပေမယ့် တကယ်လို့ မြန်မာဖက်မှာ တိုက်ပွဲတွေ ပြန်စလာရင်တော့ လိုအပ်ရင် လိုအပ်သလို ရွှေ့ပြောင်းရမယ့် အစီအမံတွေကို ကြိုတင် ပြင်ဆင်ထားကြောင်း သိရပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်းက မင်းလက်ပံနဲ့ ဖလူးဒေသကို ပြီးခဲ့တဲ့ ဇူလိုင် ၁၀ရက်နေ့အပြီးသိမ်းပိုက်မယ်ဆိုပြီး အင်အားအများအပြားနဲ့ ချီတက်လာတဲ့ စစ်တပ်ဟာ တိုက်ပွဲစတင်ဖြစ်တဲ့နေ့မှာဘဲ သေဆုံးမှုများနေတယ်လို့ စုံစမ်းသိရပါတယ်။

မြဝတီမြို့တောင်ဘက်ခြမ်းက တိုက်ပွဲတွေအတွင်း စစ်တပ်က အမှတ်(၁၃)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၃)နဲ့ ရဲတပ်ရင်းကိုပါ စစ်ကူခေါ်ယူ အင်အားဖြည့်တင်းနေတယ်လို့ စုံစမ်းသိရပါတယ်။ဘယ်ရဲတပ်ရင်းကိုစစ်ကူခေါ်သုံးတယ်ဆိုတာကို​တော့စုံစမ်း​နေဆဲဖြစ်ပြီး မသိရသေးပါဘူး။

စစ်တပ်ဟာ မြဝတီမြို့တောင်ဘက်ခြမ်းက မင်းလက်ပံနဲ့ ဖလူးကျေးရွာတိုက်ပွဲတွေကို စစ်ကူတိုက်ပေးဖို့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)ရဲ့ ဗိုလ်ဘိအဖွဲ့နဲ့ ကရင်နယ်ခြားစောင့်တပ်(BGF)ရဲ့ ဗိုလ်မုတ်သုန်အဖွဲ့တွေကိုခေါ်ယူပြီး တော်လှန်ရေးတပ်တွေကို ထိုးစစ်ဆင်နေတာဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။

ဗိုလ်ဘိအဖွဲ့က အင်အား ၁၀၀ လောက်နဲ့ ဗိုလ်မုတ်သုန်အဖွဲ့က အင်အား ၂၀၀ လောက် ခေါ်ယူပြီး စစ်တပ်နဲ့ အင်အားစုစုပေါင်း ၁၀၀၀ လောက်နဲ့ ထိုးစစ်ဆင်လာတာလို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။စစ်တပ်ဟာ မြဝတီမြို့တောင်ဘက်ခြမ်းက ဒေသတွေကို စိုးမိုးနိုင်ဖို့အတွက် မင်းလက်ပံ၊ ဖလူးကြီး၊ ဖလူးလေး ကျေးရွာတွေကို ပြန်သိမ်းဖို့ ပြီးခဲ့တဲ့ ၂၀၂၅ အောက်တိုဘာကတည်းက စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်ပေမယ့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦး​ဆောင်တဲ့ တော်လှန်ရေးပူး​ပေါင်းတပ်​တွေ ဖြတ်​တောက်တိုက်ခိုက်မှု​ကြောင့် ​ရှေ့မတိုးနိုင်ပဲဖြစ်​နေတာပါ။

စစ်တပ်က ဖလူး၊မင်းလက်ပံ​ဒေသ​တွေကို ထိန်းချုပ်နိုင်ရင် ​ဝေါ​လေဗျူဟာကုန်းကို စစ်ကူပို့နိုင်မှာ ဖြစ်ပါတယ်။ မြန်မာ-ထိုင်းနယ်စပ်မှာ စစ်​ရေးအရအ​ရေးပါတဲ့ ​ဝေါ​လေဗျူဟာကို KNLA ၊PDF ပူး​​ပေါင်းစစ်​ကြောင်း​တွေက ပိတ်ဆို့ဝန်းရံတိုက်ခိုက်​နေတာ​ကြောင့် စစ်တပ်က ဗျူဟာမကျ​အောင် ​လေ​​ကြောင်းက​နေပဲ လက်နက်၊ ခဲယမ်း၊ ရိက္ခာ​တွေပို့​နေတာဖြစ်ပါတယ်။

ကိုးကား: Khaosod

ဆက်စပ်သတင်းများ