အောက်တိုဘာ-၃၁၊ ၂၀၂၆။ People’s Spring
အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး(အာဆီယံ)က ခန့်အပ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က အာဏာသိမ်းမြန်မာစစ်တပ်ကို ရန်လို တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့၊ လူသားချင်း စာနာမှု အကူအညီတွေ ဖြန့်ဝေမှုကို ပိုမို အားပေးကူညီဖို့ တောင်းဆိုခဲ့ကြောင်း သိရပါတယ်။
ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ထရေဆာ လာဇာရိုက အောက်တိုဘာ ၂၉ ရက်နေ့မှာ အာဏာသိမ်း စစ်တပ်ရဲ့ နိုင်ငံခြားရေး ဝန်ကြီး တင်မောင်ဆွေနဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ လာဇာရိုဟာ မြန်မာ့ အကျပ်အတည်း ကူညီဖြေရှင်းဖို့ အာဆီယံ အဖွဲ့ဝင်တွေ ညှိနှိုင်းလက်ခံထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်တွေ ဆွေးနွေးဖို့အတွက် နေပြည်တော်ကို ရောက်ရှိနေကြောင်း အလှည့်ကျ အာဆီယံ ဥက္ကဋ္ဌဖြစ်တဲ့ ဖိလစ်ပိုင် အစိုးရက ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံဖက်မှာလည်း သီးခြားဖြစ်ပျက်ပြောင်းလဲမှုတွေ ရှိနေကြောင်း၊ ဆွေးနွေးမှုတွေမှာတော့ လူသားချင်းစာနာမှု အကူအညီပေးရေးနဲ့ ပတ်သက်လို့ အများကြီး အပေါင်းလက္ခဏာဆန်တဲ့ အရွေ့တွေကို မြင်ခဲ့ရကြောင်း လာဇာရိုက ဖိလစ်ပိုင် သတင်းဌာန Bilyonaryoဆီကို ပြောကြားခဲ့ပါတယ်။ သူ့ရဲ့ ၃ ရက်ကြာ ခရီးစဉ်ဟာ မြန်မာနိုင်ငံကို အခုနှစ်အတွင်း ဒုတိယအကြိမ်မြောက် ရောက်ရှိလာမှု ဖြစ်ပါတယ်။

Public Service Announcement
လာဇာရိုက မြန်မာ့ငြိမ်းချမ်းရေး ဆွေးနွေးမှုနဲ့ ပတ်သက်လို့ အရေးပါတဲ့ အခန်းကဏ္ဍ တချို့အတွက် အဆိုပြုချက်တွေကို တင်ပြခဲ့တယ်လို့ ပြောပေမယ့် အသေးစိတ်ကိုတော့ မှတ်ချက် မပေးခဲ့ပါဘူး။ နောက်ပြီး အဲဒီ အဆိုပြုချက်တွေအတွက် လာမယ့်ရက်ပိုင်းတွေမှာ ရှေ့ဆက် ဆွေးနွေးကြဖို့ နှစ်ဖက်ကြား ညှိနှိုင်း သဘောတူခဲ့တယ်လို့လည်း လာဇာရိုက ပြောပါတယ်။
တင်မောင်ဆွေက အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို လိုက်နာပါ့မယ်လို့ တိတိကျကျ မှတ်ချက်မပေးခဲ့ပေမယ့် ပူးပေါင်းဆောင်ရွက်လို့ရတဲ့ ကိစ္စတိုင်းမှာ အတူပူးပေါင်းလုပ်ဆောင်ဖို့ ဆန္ဒရှိတယ်ဆိုတာ အသိပေးခဲ့ကြောင်းလည်း သူက ဆိုပါတယ်။
အာဏာသိမ်း စစ်တပ်ရဲ့ မတရား ဖမ်းဆီးမှုကို ခံထားရသူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး သူက စုံစမ်း မေးမြန်းခဲ့သလို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဟာ ကျန်းမာရေး ကောင်းမွန်နေပုံပေါ်ကြောင်း လာဇာရိုက မှတ်ချက်ပေးသွားပါတယ်။ ဖိလစ်ပိုင်ဟာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူ ကတည်းက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ ကျန်းမာရေး အစောင့်အရှောက်တွေ ပိုမိုခံယူခွင့် ရရှိရေးအတွက် လူမြင်ကွင်း နောက်ကွယ်မှာ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်နေခဲ့ပါတယ်။
အာဏာသိမ်း စစ်တပ်ရဲ့ အာဏာပိုင်တွေက စစ်ရှောင်ပြည်သူတွေဆီကို အာဆီယံ လူသားချင်း စာနာမှု အကူအညီတွေ ပိုမို ထောက်ပံ့ပေးနိုင်ရေး ကိစ္စမှာ ပိုမို ပူးပေါင်းဆောင်ရွက်လိုတဲ့ သဘောထားမျိုး ပြသလာတယ်လို့လည်း လာဇာရိုက ဆိုပါတယ်။ လူသားချင်း စာနာမှု အထောက်အပံ့တွေ အပူတပြင်း လိုအပ်နေသူတွေဆီ အဲဒီ အကူအညီတွေ ပေးပို့နိုင်ရေး စစ်တပ်က ခွင့်ပြုပေးဖို့ ဆိုတာဟာ အာဆီယံက တောက်လျှောက် တောင်းဆိုနေတဲ့ အကြောင်းအရာ တစ်ခုလည်း ဖြစ်ပါတယ်။
အာဆီယံကိုယ်စားပြု အနေနဲ့သာ မဟုတ်ဘဲ သူဟာ ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးအနေနဲ့လည်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို တင်မောင်ဆွေနဲ့ ဆွေးနွေးဖြစ်ခဲ့ကြောင်း လာဇာရိုက အတည်ပြုခဲ့ပါတယ်။ အဲဒီထဲမှာ အွန်လိုင်း ငွေကြေးလိမ်လည်မှု (ကျားဖြန့်)ဂိုဏ်းတွေ အပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေကို ပူးပေါင်းတိုက်ဖျက်ရေးလိုမျိုး အကြောင်းအရာတွေလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
ကိုးကား: Bilyonaryo





















































