အောက်တိုဘာ – ၃၁ ၊၂၀၂၆ ၊နိုင်ပကောင်း/People’s Spring
ကရင်ပြည်နယ်၊ဖာပွန်ခရိုင်၊ KNU တပ်မဟာ(၅)ထိန်းချုပ်နယ်မြေအတွင်းမှာ အခုလအောက်တိုဘာလလယ်ပိုင်းကစပြီး လကုန်ပိုင်းအထိ စစ်တပ်က လေကြောင်းတိုက်ခိုက်တာတွေ အပြင်းအထန်လုပ်ဆောင်ခဲ့ရာမှာ ကလေးတစ်ဦးအပါအဝင် အရပ်သားနှစ်ဦး သေဆုံးခဲ့ကာ အရပ်သားတချို့လည်း ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်တွေအရသိရပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ကရင်ပြည်နယ်ငြိမ်းချမ်းရေးဖိုရမ်နဲ့ တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA) (၁၁)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားအပြီးတွေမှာပဲ KNU ဖာပွန်ခရိုင်၊ တပ်မဟာ(၅)နယ်မြေကို လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ ပိုပြီးလုပ်ဆောင်လာတာပါ။
အောက်တိုဘာလ(၁၆) ရက်ကနေ ၂၇ ရက်အတွင်း KNU ဖာပွန်ခရိုင်၊ တပ်မဟာ(၅)နယ်မြေကို စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း မူကြိုကျောင်းသားကလေးတစ်ဦးအပါအဝင် အရပ်သားနှစ်ဦး သေဆုံးခဲ့ပြီးရှစ် ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေနဲ့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ဖော်ပြထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

Public Service Announcement
ဒဏ်ရာရှိသူတွေထဲမှာ ကလေးတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
တိုက်ပွဲမဖြစ်တဲ့ ကျေးရွာတွေနဲ့ ထိုင်းနယ်စပ်က ကျေးရွာတွေကိုလည်း ပစ်မှတ်ထားကာ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒေသခံတွေရဲ့ နေအိမ်အများအပြား ပျက်စီးဆုံးရှုံးသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
လတ်တလောကာလအတွင်း ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်နေခဲ့တာလို့ ပတ်သက်လို့ တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က အခုလိုမှတ်ချက်ပေးခဲ့ပါတယ်။
“နိုင်ငံတကာရှေ့မှောက်မှာ သူ့ကိုယ်သူ မြန်မာစစ်တပ် အကြမ်းဖက်စစ်တပ်ပါဆိုပြီးတော့ ကြေညာတာပေါ့နော် အဲ့လိုမျိုးပဲပြောရမှာပေါ့။ သူ့ရဲ့ လုပ်ရပ်တွေက တအားဆိုးရွားနေပြီလေ” လို့ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။
ဖာပွန်ဗျူဟာကိုပြန်ရဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းတွေဟာ လက်ရှိမှာ ဖာပွန်-ကမမောင်း ကားလမ်းပေါ်ရှိ ဆင်စွယ်(ထီးချောမဲ)ကျေးရွာမှာ ရောက်ရှိနေတာ တစ်လခန့်ရှိပြီဖြစ်ပြီး ဖာပွန်-ကမမောင်း ကားလမ်းတစ်လျှောက်နဲ့ ဖာပွန်ဗျူဟာဘက်တွေမှာ တိုက်ပွဲတွေ နေ့တိုင်း ဖြစ်ပွားနေတယ်လို့ တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူက အသိပေးထားပါတယ်။





















































