ဖေဖော်ဝါရီ-၁၃၊၂၀၂၆။ ဇော်ရမ်း/People’s Spring
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) စခန်းတစ်ခုကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတာကြောင့် ရဲဘော် ၁၁ဦး ကျဆုံးခဲ့ရပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။
ဆားလင်းကြီးမြို့နယ်၊ ဖိုလ်ဝင်တောင်အနီးက ဆားလင်းကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)စခန်းကို ယမန်နေ့(ဇန်နဝါရီ ၁၂ရက်) မွန်းလွဲပိုင်းမှာ စစ်တပ်က ဂျိုင်ရိုကော်ပတာ ၃စီးနဲ့ ၁၂၀ မမ ဗုံး ၃လုံးကြဲချခဲ့တာလို့ မြေပြင်သတင်းရင်းမြစ်ကပြောပါတယ်။
” သတင်းပေါက်ကြားသွားတာ။ စခန်းတည့်တည့်ကို ကြဲတာ။ ၁၂၀ မမတွေ ကြဲတာပါ။ အားလုံး သင်္ဂြိုဟ်ပြီးစီးခဲ့ပါတယ်ဗျ”လို့ ပကဖသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
ကျဆုံးသူတွေက ဆားလင်းကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော် ၉ဦးနဲ့ ယင်းမာပင်ခရိုင်တပ်ရင်း တစ်ခုက ရဲဘော် ၂ဦးတို့ ဖြစ်ပါတယ်။

ဒါ့အပြင် ဒဏ်ရာရသူ ရဲဘော်တချို့ရှိပြီး ဆေးကုသမှုခံယူနေကြရပါတယ်။
ဆာလင်းကြီးမြို့နယ်မှာ လတ်တလော တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပကဖစခန်းတည်နေရာကို စစ်ကောင်စီက တိတိကျကျ ဗုံးကြဲသွားတဲ့အပေါ် စုံစမ်းစစ်ဆေးပေးဖို့ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက တောင်းဆိုပါတယ်။
” ဆုံးရှုံးမှုကြီးမားတယ်လေ။ တစ်ခုခုအသိပေးဖို့ ရှင်းလင်းဖို့လိုတယ်။ ဒါက ဒေသခံတွေအတွက်လည်း အန္တရာယ်ကြီးပါတယ်။ ပေါ့ဆလို့မရဘူး”လို့ သပိတ်အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။


















































