ဖေဖော်ဝါရီ-၂၁၊ ၂၀၂၆။နေ့သစ်/People’s Spring
အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာဟာ ဝန်ကြီးချုပ်ရုံးကို နှုတ်ထွက်စာတင်ပြီး နှုတ်ထွက်သွားပြီလို့ သတင်းရရှိပါတယ်။
“နှုတ်ထွက်ခွင့်ပြုရန် တင်ပြစာကို ဝန်ကြီးချုပ်ရုံးကနေ လက်ခံရရှိထားပါတယ်ဗျ”လို့NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကပြောကြားပါတယ်။ ဒါပေမယ့်ဝန်ကြီးချုပ်ကနှုတ်ထွက်ခွင့်ပြု ၊မပြုဆိုတာကိုတော့မသိရသေးပါဘူး ။
ဖေဖော်ဝါရီ ၂၁ ရက် နေ့စွဲတပ်ထားတဲ့ဒေါ်ကြည်ပြာရဲ့နှုတ်ထွက်စာမှာသူ့အနေနဲ့တော်လှန်ရေးတာဝန်တွေကို ကျေပွန်အောင် ကြိုးစားထမ်းဆောင်ခဲ့ကြောင်း၊တိုင်စာအပေါ် ၃ လတာ စုံစမ်းစစ်ဆေးရေးလုပ်ငန်းစဉ်တွေမှာလည်းအပြည့်အဝပူးပေါင်း ပါဝင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

Public Service Announcement
စုံစမ်း စစ်ဆေးရေးရလဒ်လည်း ထွက်ပေါ်ကာ မမှန်မကန် စွပ်စွဲထားတဲ့ ကိစ္စတွေလည်း အဖြေပေါ်ပေါက်ခဲ့ပြီဖြစ်ကြောင်း ရေးသားထားပါတယ်။
“တော်လှန်ရေးကာလအရေးကြီးနေသည့် အချိန်တွင် ယခုကဲ့သို့ ပြဿနာအား အချိန်ယူပြီး ဖြေရှင်းပေးခဲ့ကြသော ဝန်ကြီးချုပ်နှင့်တကွ စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင်များ၊ စုံစမ်းစစ်ဆေးမှုတွင် ပါဝင်ကူညီခဲ့သူများအပါအဝင် အစိုးရအဖွဲ့ဝင်များအား အထူးပင်အားနာမိသလို ကျေးဇူးလည်းတင်ကြောင်း လေးလေးစားစား ပြောကြားလိုပါသည်” လို့လည်း နှုတ်ထွက်စာမှာ ရေးသားထားပါတယ်။
NUG ဝန်ကြီးချုပ်ရုံးအမြဲတမ်းအတွင်းဝန်နဲ့ ခင်ပွန်းဖြစ်သူတို့ကို တိုင်ကြားမှုနဲ့ပတ်သက်ပြီးဝန်ကြီး ၄ဦးကဦးဆောင်ကာသတင်းစာရှင်းလင်းပွဲတရပ်ကို ဖေဖော်ဝါရီ ၂၁ ရက်မှာ ပြုလုပ်ခဲ့ပြီး အဲဒီသတင်းစာရှင်းလင်း ပွဲအပြီးမှာ ဒေါ်ကြည်ပြာက ဂရုတွေထဲကနေလည်း ထွက်သွားတယ်လို့ ဝန်ကြီးချုပ်ရုံးဝန်ထမ်းဟောင်းတချို့နဲ့ ဖြစ်စဥ်ကို သိရှိသူတချို့က People’s Spring ကို ပြောပါတယ်။
အဲဒီလို အလုပ်ကိစ္စ ပြောဆိုတဲ့ ဂရုတွေထဲကနေ ဒေါ်ကြည်ပြာ ထွက်သွားတာဟာ အမြဲတမ်းအတွင်းဝန်တာဝန်ကနေ နုတ်ထွက်သွားတာဖြစ်နိုင်တယ်လို့ ဝန်ထမ်းဟောင်းတွေကဖေဖော်ဝါရီ၂၁ ရက်ညကတည်းကပြောခဲ့ကြတယ်။
ဒေါ်ကြည်ပြာဟာ အလုပ်ကိစ္စများဆက်သွယ်ပြောဆိုတဲ့ ဂရု(Group) ၇ခု၊ ၈ ခု မက ကနေ ထွက်သွားတာကြောင့် အလုပ်ထွက်တဲ့ အဓိပ္ပာယ်ပဲလို့ ဝန်ကြီးချုပ်ရုံးအရာရှိဟောင်းတစ်ဦးက ဖေဖော်ဝါရီ ၂၁ ရက်ညကပြောပါတယ်။
“သူ့အနေနဲ့ ရှက်မယ်ဆိုရင်တော့ ရှက်တာမျိုး ဖြစ်နိုင်တယ်။အစိုးရတစ်ရပ်လုံး ကမောက်ကမ ဖြစ်ရတော့” လို့ဖြစ်စဥ်ကိုသိရှိသူတစ်ဦးကပြောပါတယ်။
အမြဲတမ်းအတွင်းဝန်ဒေါ်ကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူ ဦးညီညီမင်းတို့ဟာ အဂတိလိုက်စားမှု၊ အလွဲသုံးစားမှု၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်တယ်ဆိုပြီး ဝန်ကြီးချုပ်ရုံးမှာ တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းတွေနဲ့ ဝန်ထမ်းဟောင်းတွေက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၉ရက်မှာ နိုင်ငံတော်ယာယီသမ္မတ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌနဲ့ ဝန်ကြီးချုပ်တို့ဆီကို လိပ်မူ တိုင်ကြားခဲ့ပါတယ်။
အဲဒီတိုင်ကြားမှုနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်က ၂၀၂၅ နိုဝင်ဘာ ၂၂ရက် ဒေါက်တာဇော်ဝေစိုး ဦးဆောင်တဲ့ ၅ ဦးပါ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါတယ်။ သုံးလခန့်ကြာ စုံစမ်းစစ်ဆေးမှုတွေအပြီး ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ အစီရင်ခံစာအရ အမြဲတမ်းအတွင်းဝန်ဒေါ်ကြည်ပြာအပေါ် တရားစွဲဆို အရေးယူဖို့ ပေါ်ပေါက်ခြင်းမရှိသလို ရာထူးကနေ ထုတ်ပယ်နိုင်လောက်တဲ့ အချက်တွေလည်း မတွေ့ရဘူးလို့ ဖေဖော်ဝါရီ ၁၈ရက်မှာ အမိန့်စာထုတ်ပြန်ပါတယ်။
ဒါပေမဲ့ ဒေါ်ကြည်ပြာအနေနဲ့ ဝန်ထမ်းတွေအပေါ် ချိုသာစွာပြောဆို ဆက်ဆံရမယ်ဆိုပြီး ပြင်းထန်စွာသတိပေးကြောင်း ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း လက်မှတ်ရေးထိုး အမိန့်ထုတ်ပြန်ပါတယ်။
အဲဒီဝန်ကြီးချုပ်ရုံးရဲ့ အမိန့်စာအပေါ် တိုင်ကြားသူများ၊ ကျန်းမာရေး၊ ပညာရေးနယ်ပယ်က CDM များ၊ ထောက်ပို့များအပါအဝင် အများပြည်သူက ဝေဖန်ကန့်ကွက်ခဲ့ကြပြီး ပြဿနာပြေလည်အောင် ဖြေရှင်းပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
အဲဒါကြောင့် ဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာဇော်ဝေစိုး ဦးဆောင်ကာ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ တွေ့ရှိချက်၊ သုံးသပ်ချက်တွေနဲ့ ဝန်ကြီးချုပ်ရုံးရဲ့ ဆောင်ရွက်ချက်တွေကို အများပြည်သူသိရှိအောင် ဖေဖော်ဝါရီ ၂၁ရက်မှာ သတင်းစာရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့ပါတယ်။
အဲဒီသတင်းစာ ရှင်းလင်းပွဲမှာ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ တွေ့ရှိချက် အစီရင်ခံစာအကျဉ်းချုပ်ကိုပါ ထုတ်ပြန်ခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁၈ရက်မှာ တိုင်ကြားသူနဲ့ တိုင်ကြားခံရသူတွေဆီ ပေးပို့ခဲ့တဲ့ ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းရဲ့ ပြင်းထန်စွာသတိပေးခြင်း အမိန့်စာမှာ ပါဝင်ခြင်းမရှိတဲ့ အချက်အချို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ တွေ့ရှိချက် အစီရင်ခံစာအကျဥ်းချုပ်မှာ ပါဝင်လာပါတယ်။
ဒေါ်ကြည်ပြာအနေနဲ့ သူ့အမျိုးသားအပါအဝင် ဆွေမျိုးသားချင်း အချို့ကို တစ်ရုံးထဲမှာ ရာထူးတာဝန် ပေးအပ်ထားကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့ ဖော်ပြထားပါတယ်။ ဆွေမျိုးသားချင်းတွေကို တစ်ရုံးထဲမှာ ခန့်ထားမှုဟာ နိုင်ငံတကာက ကျင့်သုံးတဲ့အကျိုးစီးပွားပဋိပက္ခနဲ့ဆွေမျိုးကောင်းစားရေး(Nepotism)သဘောတရားများ၊ မူဝါဒတွေနဲ့ ငြိစွန်းမှုရှိကြောင်း စုံစမ်းရေးအဖွဲ့က သုံးသပ်ထားပါတယ်။
ဒေါ်ကြည်ပြာက အဂတိလိုက်စားမှုနဲ့ ငွေကြေးအလွဲသုံးစားမှုကျူးလွန်ကြောင်း စွပ်စွဲချက်နဲ့ ပတ်သက်ပြီး တိုင်ကြားသူတွေအနေနဲ့ နှုတ်နဲ့ စွပ်စွဲမှုသာရှိပြီး ခိုင်လုံတဲ့ သက်သေအထောက်အထား တင်ပြနိုင်ခြင်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် ရုံးတွင်း Sexual Harassment ကိစ္စ တိုင်ကြားချက်နဲ့ပတ်သက်ပြီး တိုင်ကြားခံရသူ ဦးညီညီမင်းဟာ ဝန်ထမ်းတွေအပေါ် ကိုယ်ထိ လက်ရောက် ကျူးလွန်မှု မဟုတ်ပေမယ့် အချို့စွပ်စွဲချက်တွေဟာ NUG ရဲ့ PSHEA Policy (Protection from Sexual Harassment, Exploitation and Abuse Policy) နဲ့ ငြိစွန်းဖောက်ဖျက်မှု ရှိကြောင်း စစ်ဆေး တွေ့ရှိရတယ်လို့ အသိပေးပါတယ်။ ဒေါ်ကြည်ပြာရဲ့ ခင်ပွန်းနဲ့ မိသားစုဝင် ၂ဦးကို တာဝန်ရပ်ဆိုင်းဖို့ ပါဝင်တဲ့ အရေးယူမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒေါ်ကြည်ပြာအပေါ် တိုင်ကြားထားမှုတွေနဲ့ပတ်သက်လို့ လက်ရှိမှာ အပြီးအပြတ်မဟုတ်သေးကြောင်းနဲ့ ဆက်လက်အရေးယူနိုင်တာတွေ ရှိနိုင်ကြောင်း ဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။ တိုင်ကြားခံရသူ ဒေါ်ကြည်ပြာကို စုံစမ်းစစ်ဆေးရေးအဖွဲ့ စတင်ဖွဲ့စည်းတဲ့ ၂၀၂၅ နိုဝင်ဘာ ၂၂ရက်မှာ အလုပ်တာဝန်ကနေ ယာယီရပ်နားထားခဲ့ပြီး လက်ရှိအချိန်အထိလည်း ရပ်နားထားဆဲဖြစ်ကြောင်းဝန်ကြီးဒေါက်တာဇော်ဝေစိုးကသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။


















































