ဖေဖော်ဝါရီ ၂၃၊ ၂၀၂၆။ ထားမြတ်/People’s Spring
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာ တိုင်ကြားခံရမှု ကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ ရှင်းလင်းချက် ထုတ်ပြန်ရှင်းလင်းပေးမှု အပေါ် ကြိုဆိုကြောင်း NUGပညာရေးဝန်ကြီးဌာန တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ဖြစ်မြောက်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ပြီး ခေတ္တရပ်နား ထားခဲ့ရသော စတုတ္ထအကြိမ် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားခြင်းဆိုင်ရာလုပ်ငန်းစဉ်တွေကို ပြန်လည်စတင်လုပ်ဆောင်မယ်လို့ အသိပေးခဲ့ပါတယ်။
တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ဖြစ်မြောက်ရေးအဖွဲ့ အနေနဲ့ ဒေါ်ကြည်ပြာ တိုင်ကြားခံရမှု ပြည်ထောင်စုဝန်ကြီးချုပ်ရုံး၏ ဖေဖော်ဝါရီ ၁၈ရက် အမိန့်စာအပေါ် လက်မခံကြောင်း အသိပေးကာ တက္ကသိုလ်ဝင်ခွင့်(စတုတ္ထအကြိမ်)ဆောင်ရွက်ခြင်းလုပ်ငန်းများ ယာယီရပ်ဆိုင်းကြောင်း ကြေညာချက်ကို ဖေဖော်ဝါရီ ၁၉ရက်မှာ ထုတ်ပြန်ခဲ့ပေမယ့် မကြည်ပြာအမှု စုံစမ်းရေးအဖွဲ့က ဖေဖော်ဝါရီ ၂၁ရက်မှာ စုံစမ်းတွေ့ရှိချက် အစီရင်ခံစာ ထုတ်ပြန်ရှင်းလင်းလာတဲ့ အပေါ် အခုလို ယာယီရပ်ဆိုင်းထားတဲ့ လုပ်ငန်းတွေ ဖေဖော်ဝါရီ ၂၂ရက်ညနေက စတင်လုပ်ဆောင်မယ်လို့ ပြန်လည်အသိပေးလာတာဖြစ်ပါတယ်။
” ဖေဖော်ဝါရီလ(၂၁) ရက် တွင် ပြည်ထောင်စုဝန်ကြီးချုပ်ရုံး၏ ပြည်သူလူထုသို့ အစီရင်ခံတင်ပြချက်များအနေဖြင့် သက်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ရှင်းလင်းချက်များ ထုတ်ပြန်ရှင်းလင်းပေးမှုအပေါ် ကျွန်ပ်တို့အနေဖြင့် ကြိုဆိုပါသည်။ စုံစမ်းစစ်ဆေးရေး ဖြစ်စဉ်များအတွက် ဆက်လက်ဆောင်ရွက်ရန် ရှိသည်များကို ဆက်လက် ဆောင်ရွက်မည် ဖြစ်ကြောင်း ကတိပြုခဲ့သည်ကို သိရှိခဲ့ရပါသည်။ ယင်းကတိပြုချက်များကို သက်ဆိုင်ရာအဖွဲ့အစည်းများက ဖြောင့်မတ်စွာဖြင့် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မည်ဟု မိမိတို့အနေဖြင့် ယုံကြည်မှုရှိပါသည်။” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Public Service Announcement
ကတိပြုချက်တွေအပေါ် အကောင်အထည်ဖော်ဆောင်မှုတွေကိုလည်း စောင့်ကြည့်လျှက်ရှိကြောင်း အသိပေးပါတယ်။
ဒါ့အပြင် ကျောင်းသား၊ ကျောင်းသူတွေရဲ့ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားခြင်းတွေဟာလည်း နိုင်ငံအနာဂတ် လူသားအရင်းအမြစ်အတွက် အလွန်အရေးကြီးတာကြောင့် မလွှဲသာလို့ ယာယီရပ်နားခဲ့ရတဲ့ လုပ်ငန်းတွေ ပြန်စတယ်မယ်လို့ ဖော်ပြခဲ့တာပါ။
အတူ ရပ်တည်ပေးခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများ၊ မိဘပြည်သူများ၊ CDM ဝန်ထမ်းများအားလုံးကို ကျေးဇူးအထူးတင်ကြောင်း ဖော်ပြပါတယ်။
ဒါ့အပြင် ဖေဖော်ဝါရီ ၁၉ရက်က တက္ကသိုလ်ဝင်ခွင့်(စတုတ္ထအကြိမ်)ဆောင်ရွက်ခြင်းလုပ်ငန်းများ ရပ်ဆိုင်းကြောင်း ကြေညာချက်ကြောင့် ကျောင်းသား ကျောင်းသူတွေအပေါ် နစ်နာမှု သက်ရောက်ခြင်းမရှိစေဖို့ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာပိတ်မည့်နေ့ကို မူလ ၂ဝ၂၆ ခုနှစ်၊ မတ်လ ၂ ရက် အစား မတ်လ ၅ ရက်အထိ တိုးမြှင့် သတ်မှတ်လိုက်ကြောင်းလည်း အသိပေးခဲ့ပါတယ်။
ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး ဦးဆောင်တဲ့ စုံစမ်းရေးအဖွဲ့ဟာ မကြည်ပြာတိုင်ကြားခံရမှု နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု တွေ့ရှိချက်တွေ ထုတ်ပြန်ခဲ့ရာ မကြည်ပြာကို ပြင်းထန်စွာ သတိပေးတာ၊ မကြည်ပြာရဲ့ ခင်ပွန်းနဲ့ တူ ၂ဦးကို တာဝန်က ရပ်ဆိုင်းတာ အပါအဝင် ဆက်လက်ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေရှိကြောင်း ရှင်းလင်း အသိပေးခဲ့ပါတယ်။ ဒေါ်ကြည်ပြာ အနေနဲ့လည်း စုံစမ်းရေးအစီရင်ခံစာ တွေ့ရှိချက် ထုတ်ပြန်ရှင်းလင်းတဲ့နေ့မှာပဲ တာဝန်ကနေ နှုတ်ထွက်ခွင့်ပြုဖို့ စာတင်ပြခဲ့တာပါ။
စုံစမ်းရေးအဖွဲ့ခေါင်းဆောင် ဝန်ကြီး ဒေါက်တာဇော်ဝေစိုးကလည်း CDM တွေနဲ့ ထောက်ပို့ ပြည်သူတွေကို အလေးထားလို့ သတင်းစာ ရှင်းလင်းပွဲကို အမြန် ပြုလုပ်ခဲ့တာ ဖြစ်ကြောင်း အသိပေးခဲ့ပါတယ်။ CDM တွေက တော်လှန်ရေးရဲ့ ထောက်တိုင်ဖြစ်ပြီး CDM တွေမရှိရင် NUG လည်ပတ်ဖို့ မဖြစ်နိုင်ဘူး လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး ပြောကြားခဲ့ပြီး ပြည်သူတွေ ၊ ထောက်ပို့တွေ ၊ CDM တွေနဲ့အတူ NUG က တသားတည်း ရပ်တည်သွားမယ်လို့ အသိပေးခဲ့ပါတယ်။
“ဒီတော်လှန်ရေးအောင်မြင်ဖို့အတွက် အားလုံးလည်း သိပြီးသားဖြစ်တဲ့ တော်လှန်ရေးရဲ့ထောက်တိုင် CDM သိပ်ကို အရေးကြီးပါတယ်။ ကျနော် ဒါကိုခံယူထားတယ်။ ရှေ့မှာလည်း ဒါကြောင့် ပြောခဲ့ပြီး သားဖြစ်တယ်။ CDM တွေဟာ ကျနော်တို့ ဒီနေ့တော်လှန်ရေးရဲ့ အဓီက ကဏ္ဍက ပါဝင်နေတာ။ တပ်ဦးက ပါဝင်နေတာ ဖြစ်ပါတယ်။ CDM တွေရဲ့အားနဲ့ တော်လှန်ရေး စခဲ့တာဖြစ်ပါတယ်။ တော်လှန်ရေး ဒီနေရာအထိ ရောက်ခဲ့တာဖြစ်တယ်။ ဒါအပြင် ဒီ CDM တွေရဲ့ ပေးဆပ်မှုတွေ စွန့်လွှတ်မှုတွေနဲ့ ပါဝင်နေကြတာဖြစ်ပါတယ်။ အဲဒါကြောင့် ဒါဟာ အရေးကြီးတယ်။ CDM တွေ မရှိရင် ကျနော်တို့ ဝန်ကြီးဌာနတွေ လည်ပတ်ဖို့မဖြစ်နိုင်သလို NUG လည်ပတ်ဖို့ မဖြစ်နိုင်ဘူး။ ဒီ CDM တွေ ဒါကြောင့် သိပ်အရေးကြီးတယ်။ ဒီတော်လှန်ရေးမှာ CDM အရေးကြီးတယ်။ NUG ပြိုလဲ သွားလို့လည်း မဖြစ်ဘူး CDM ပြိုလဲသွားလို့လည်း မဖြစ်ပါဘူး။ ဒါကြောင့် ဒါဟာ သိပ်ကို အရေးကြီး ပါတယ်။ ဒီကဏ္ဍနဲ့ပတ်သက်ပြီး ကျနော်တို့ အထူးလည်း အလေးထားတယ်ဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်” လို့ ဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးက ပြောကြားခဲ့ပါတယ်။
ဒါအပြင် CDM တွေနဲ့အတူ ထောက်ပို့တွေလည်း အရေးကြီးပြီးတော့ ပြည်သူတွေ ၊ ထောက်ပို့တွေ ၊ CDM တွေ ရဲ့ အားနဲ့ တော်လှန်ရေးက ဒီနေ့အထိ ရှိနေတာလို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
” ထောက်ပို့နဲ့ပတ်သက်ပြီး ဒါလည်းအရေးကြီးပါတယ်။ တကယ်တော့ CDM ဆိုတာ ဝန်ထမ်းတွေမှ မဟုတ်ပါဘူး။ ပြည်သူတွေကိုယ်တိုင် CDM လုပ်ခဲ့ကြတာဖြစ်ပါတယ်။ ဒီ ပြည်သူတွေရဲ့ CDM အား ဒီပြည်သူတွေရဲ့ ပံ့ပိုးမှုအားနဲ့ ဒီနေ့တော်လှန်ရေးက ဒီနားရောက်နေတာဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူ ထောက်ပို့တွေ CDM တွေကို အလေးထားလို့ ဒီသတင်းစာရှင်းလင်းပွဲကို အမြန်ဆုံး ဆောင်ရွက်လိုက်ရခြင်းလည်းဖြစ်ပါတယ်။ ထောက်ပို့တွေ ပြည်သူတွေ တော်လှန်ပြည်သူတွေ CDM တွေနဲ့အတူတူ ကျနော်တို့တတွေ NUG အမျိုးသားညီညွတ်ရေးအစိုးရရော ဒီတော်လှန်ရေး တစုံလုံးရော တသားတည်း တသွေးတည်းရပ်တည်သွားမှာ ဖြစ်ပါတယ်”လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။


















































