စွမ်းအင်ကိစ္စနဲ့ ပတ်သက်လို့ အရမ်းကြီးမားတဲ့ လိုက်လျောမှု တစ်ခုကို အီရန်က လက်ဆောင်အဖြစ် ပေးခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။
မတ်လ ၂၄ ရက်နေ့မှာ ထရမ့်က နှစ်ဖက်ကြား စစ်ပွဲရပ်စဲရေး ဆွေးနွေးမှုတွေမှာ ကြီးမားတဲ့ တိုးတက်မှု တစ်ခုအဖြစ် အီရန်ဖက်က လက်ဆောင်တစ်ခုကို ပေးအပ်ခဲ့တယ်လို့ ထရမ့်က ဆိုပါတယ်။ ဒါပေမဲ့ အဲဒီအကြောင်းအရာ အသေးစိတ်ကိုတော့ သူက ထုတ်မပြောခဲ့ပါဘူး။
အီရန်က အမေရိကန်ကို လက်ဆောင်တစ်ခု ပေးခဲ့ကြောင်း၊ အဲဒီ လက်ဆောင်က ဒီနေ့ ရောက်လာကြောင်း၊ အရမ်းကြီးကျယ်တဲ့ လက်ဆောင် တစ်ခုဖြစ်ပြီး ငွေကြေးတန်ဖိုးအရ အရမ်း ကြီးမားကြောင်း ထရမ့်က အိမ်ဖြူတော်ရဲ့ ဘဲဥပုံ ရုံးခန်းမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
သူက အီရန်ပေးတဲ့ လက်ဆောင်ဆိုတာ အီရန် နျူကလီးယား ကိစ္စနဲ့ မပတ်သက်ဘဲ ရေနံနဲ့ စွမ်းအင် ကဏ္ဍတွေနဲ့သာ သက်ဆိုင်ကြောင်း၊ အီရန်ဖက်က ပြသခဲ့တဲ့ လုပ်ရပ်က အရမ်းသဘောကျစရာကောင်းကြောင်းလည်း ဆက်ပြောပါတယ်။

Public Service Announcement
ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ အစ္စရေးနဲ့ ပူးပေါင်းပြီး အီရန်ကို စတင်တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲမှာ အမေရိကန်က အနိုင်ရနေပြီလို့ သူယုံကြည်ကြောင်းလည်း ထရမ့်က ထပ်လောင်း ပြောဆိုသွားခဲ့ပါတယ်။ သူက ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်ဟာ စစ်ဆင်ရေး ရည်မှန်းချက်တွေ အရမ်းမြန်မြန် ပြီးဆုံးနေလို့တောင် စိတ်ပျက်နေတယ်လို့ ဆိုပါတယ်။ ဟက်ဂ်ဆက်သ်က ခပ်မြန်မြန်တောင် လက်စမသတ်ချင်ဘူးလို့ ထရမ့်က ပြောပေမယ့် ဘာကို ဆိုလိုသလဲ ဆိုတာကိုတော့ သေချာ ရှင်းမပြခဲ့ပါဘူး။
စစ်ပွဲက သီတင်း လေးပတ်နီးပါး ကြာမြင့်လာတဲ့နောက် ထရမ့်က သူ့ရဲ့ အစိုးရဟာ အီရန်မှာရှိတဲ့ သင့်တော်မှန်ကန်တဲ့ ပုဂ္ဂိုလ်တွေနဲ့ စစ်ရပ်စဲရေး ဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင်နေကြောင်းလည်း ပြောဆိုသွားပါတယ်။ တစ်ဖက်မှာတော့ အီရန်က အမေရိကန်နဲ့ တိုးတက်တဲ့ ဆွေးနွေးမှုတွေ ရှိနေတယ် ဆိုတာကို ငြင်းဆိုထားဆဲပါ။
သတင်းတွေအရ ထရမ့်ဟာ စစ်ရပ်စဲရေးအတွက် အီရန်ဆီကို အချက် ၁၅ ခုပါတဲ့ တောင်းဆိုမှုတစ်ခု ပေးပို့ထားပြီး အီရန်ဖက်ကတော့ သဘောထား တုံ့ပြန်မှု မရှိသေးဘူးလို့လည်း သိရပါတယ်။
ကိုးကား: AFP


















































