ဧပြီ−၆၊ ၂၀၂၆။ ထားမြတ်/People’s Spring
မွန်ပြည်နယ်၊ မုဒုံမြို့နယ် ရောင်းဒေါင်းရွာနဲ့ ကွမ်လှာကျေးရွာကြားရှိ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ စစ်သားတစ်ဦးသေဆုံးကာ ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရာမည မွန်တပ်တော်(RMA)က သတင်းထုတ်ပြန်ပါတယ်။
ဧပြီ ၄ရက် ညနေပိုင်းမှာ မုဒုံမြို့နယ် အမှတ်(၈) ကာလမ်း၊ ရောင်းဒေါင်းနဲ့ ကွမ်လှာကျေးရွာကြားရှိ ဇရပ်တစ်ခုမှာ တပ်စွဲထားတဲ့ စစ်တပ်ကို တိုက်ခိုက်ခဲ့တာလို့ မှတ်တမ်းဓာတ်ပုံတွေ ဖော်ပြ အသိပေးထားပါတယ်။
တိုက်ပွဲဖြစ်စဉ်မှာ စစ်တပ်ကို RMAက ဒရုန်းနဲ့ ဦးစွာ တိုက်ခိုက်ခဲ့ပြီး ၁၅ မိနစ်ကြာ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ ဖော်ပြပါတယ်။

Public Service Announcement
စစ်တပ်က ထိခိုက်ကျဆုံးရှိခဲ့ပြီး RMA ဘက်က အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးပါတယ်။
ဒေသတွင်း စစ်ရေးအခြေအနေတွေ မေးမြန်းဖို့ RMA တာဝန်ရှိသူအချို့ထံ ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပါဘူး။
RMAဟာ မွန်ပြည်နယ်အတွင်းနဲ့ ဆက်စပ်နယ်မြေတွေမှာလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နဲ့ PDF တပ်တွေနဲ့ အတူ ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်တဲ့ စစ်ရေးဖော်ဆောင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဖေဖော်ဝါရီ လဆန်းကလည်း ရေးမြို့နယ် ကျေားရွာအခြေစိုက် စစ်ကောင်စီတပ် ခမရ(၅၉၁) တပ်ရင်းကို RMA နဲ့ ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိခဲ့တယ်လို့ အသိပေးထားပါတယ်။
RMAဟာ ဇန်နဝါရီ ဒုတိယပတ်မှာလည်း စစ်ကောင်စီ တပ်စခန်း နေရာ ၅ခုကို ဒရုန်း၊ ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ပြီး စစ်ကောင်စီတပ် ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကို လက်မခံကြောင်း ပြသခဲ့ပါတယ်။
မွန်တပ် RMAဟာ မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD)နဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်(MLA) ပူးပေါင်းပြီး စုဖွဲ့ခဲ့တဲ့ မွန်တော်လှန်ရေးတပ်ဖြစ်ပါတယ်။




















































