မင်းသွင်
လူတွေဟာ
အချစ်နဲ့တွေ့ရင် နုပျိုသွားတတ်ကြပြီး
စစ်နဲ့တွေ့ရင်တော့ ရင့်ရော်သွားတတ်ကြပါတယ်
အမြဲတမ်းညို့ဆိုင်းနေတတ်တဲ့ ရာသီမှာ
အပြာရောင်ကောင်းကင်ထဲက ကြယ်ဖြူလေးကို
မက်မက်မောမော ရှာဖွေကြည့်မိတာ
အပြစ်ဆိုစရာ မဟုတ်ကြောင်းပါ မေရီဆိုင်းနွယ်။
ပြန်လာဖို့ မသေချာတဲ့ခရီးမှာ
ပြန်လာမယ်လို့ ကတိပေးခဲ့တာ အမှားမဟုတ်တဲ့အကြောင်း
မေရီဆိုင်းနွယ် သိစေချင်ပါတယ်
ရာထူး အာဏာတွေကြား သာယာနေသူတွေကို
မေရီဆိုင်းနွယ်ရဲ့ ခြေဖဝါးက မြေမှုန်လေးလောက်
မကြောက်တတ်ခဲ့ပါဘူး
အာဏာရူးတွေကြားမှာ မေတ္တာရူးခဲ့ရသူမို့
တော်လှန်သူတို့ ရပ်ဝန်းမှာ
ကျနော်တို့ဟာ ပြည်သူရဲ့မေတ္တာကို ရခဲ့ပါတယ်။
သေရဲလို့လား မေးခဲ့တုန်းက
သေရဲတာပေါ့လို့ ပေါ့ပေါ့ပါးပါး ဖြေခဲ့ပေမဲ့
ပြန်မတွေ့ကြတော့မှာကိုတော့
သေမလောက် ကြောက်တတ်ခဲ့ပါပြီ
လေယာဉ်တွေ ခဏခဏလာတဲ့အခါ
ကိုယ်စီးစရာ ခရီးစဉ်မပါတဲ့အကြောင်း သိခဲ့ပြီး
ဥမင်လှိုင်းခေါင်းဟာ ခဏတာခိုနားစရာဆိုပေမဲ့
မေရီဆိုင်းနွယ် ရင်ခွင်ဟာ တဘဝစာ ခိုလှုံရာ။

Public Service Announcement
ပိုးဖလံတွေလို မီးတောက်ထဲကို ရဲရဲဝံ့ဝံ့ တိုးဝင်ခြင်းဟာ
ကိုယ့်လွတ်မြောက်မှုနဲ့ကိုယ်ပါ
ရေပေါ် ဆီတွေရဲ့ အလိုက်သင့် မျောလွင့်ခြင်းမှာ
ကျနော်ဟာ ဆားတပွင့်သာပဲ ဖြစ်ချင်ခဲ့ပါတယ်
မီးပုံထဲက ရုန်းထွက်ပျံတက်လာတဲ့
ဖီးနစ်ငှက်ရဲ့ လွတ်လပ်ခြင်းမျိုးကို
နံဘေးကရပ်ကြည့်နေသူတွေ မသိနိုင်ပါဘူး။
တောင်းတဲ့ဆုတွေ ပြည့်ကြစတမ်းဆိုရင်
တိုင်းပြည်ကြီး ငြိမ်းချမ်းချင်တယ်
မေရီဆိုင်းနွယ် လက်ကိုဆွဲပြီး ခရီးထွက်ချင်တယ်
စစ်အတွင်းမှာ ပင်ပန်းခဲ့သမျှ
ဘဝရဲ့ နောက်ဆုံးအချိန်တွေမှာ
ရင်ခွင်တခုထဲ အမှီပြုချင်တယ်
စစ်နဲ့တွေ့ခဲ့ပြီး ရင့်ရော်ခဲ့သမျှ
အချစ်နဲ့တွေ့ပြီး နုပျိုချင်တယ်။ ။
(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘မင်းသွင်’
ရေးဖွဲ့တဲ့ “ရာသီဆိုးတဲ့ ကောင်းကင်” ကဗျာကို People’s Spring ကပြန်လည်ဖော်ပြပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်ရေးအတွက်အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို “The Call – ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)


















































