အောင်နွေ
မနက်ခင်း ငါနိုးတော့ ငှက်နှစ်ကောင်ရဲ့တေးသွားမှာ
မင်းစကားတွေပဲ ငါ ကြားနေရလို့
မင်းကိုငါလွမ်းလို့
အချစ်နဲ့ နိုးထသော မနက်ခင်းများ
အသက်ရှည်ပါစေ
ငါတို့လူငယ်ဘဝမှာ စစ်နဲ့အချစ်ဟာ
တပြိုင်တည်းရောက်လာတဲ့ တရား
ရူးသွပ်ခွင့်ဆိုတာ လွတ်လပ်နေမှမဟုတ်ဘူး
ငါတို့ အချစ်ကိုရူးခဲ့လို့ပဲ
စစ်ကို တိုက်နေရပါတယ်
အချစ်တဲ့လား
အသွေးအသား ခံစားမှု ဘဝတခုလုံး
အကုန်ယူလေကွယ်
မေတ္တာတွေပဲ ပြန်ပေးပါ

Public Service Announcement
စစ်တဲ့လား
သွေးချွေးအသက် ခန္ဓာကိုယ်ကို
လိုအပ်ရင်တော့ ယူစေကွယ်
တရားမှုတော့ ပြန်ပေးရလိမ့်မယ်
ဟော့ဒီစစ်မျက်နှာပြင်တခုလုံးမှာ
ငါ့နှလုံးခုန်နှုန်းတွေ စီးချက်မရှိ
သေနတ်ကိုင်ရင်း လွမ်းရတယ်လို့ အချစ်ရယ်
တစ်ယောက်ကအချစ်နဲ့ကူ
တစ်ယောက်ကတိုက်ယူ
နှစ်ယောက်အတူတူ
အချစ်တွေနဲ့ တော်လှန်တယ်
အချစ်ရေ
စစ်တိုက်ရင်း အချစ်သီချင်းတွေ တိုက်ကြမယ်
“အချစ်” လို့ငါကဆိုရင်
“ရှင်” လို့မင်းကထူး
ခေတ်ဟာ ရူးနေလို့
မင်းကိုငါချစ်တာ အရူးလိုပဲ
အားတင်းကြမယ် အချစ်ရေ
တိုက်ထုတ်ကြစို့ တိုက်ယူကြစို့
နိုင်ငံကို သိမ်းပြီး
မင်းကိုငါကြင်နာမလို့ပါကွယ့်
မတရားမှုတွေ ကျရှုံးပါစေ
ငါတို့ ငှက်တွေလိုပျံကြမယ်
ကမ္ဘာကြီး ငြိမ်းချမ်းပါစေ
ငါတို့ ပန်းတွေလို ပွင့်ကြမယ်
အချစ်တွေ စစ်မှ လွတ်ပါစေ
ငါတို့ အိုအောင်မင်းအောင်ပေါင်းကြမယ်။
(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘အောင်နွေ’ရေးဖွဲ့တဲ့ “အချစ်နဲ့တော်လှန်တယ်” ကဗျာကို People’s Spring ကပြန်လည်ဖော်ပြပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်ရေးအတွက်အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို “The Call – ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)


















































