ဗြိတိန်နိုင်ငံမှာ ဒုတိယ ကမ္ဘာစစ်လက်ကျန် ဗုံးတစ်လုံးကို ထိန်းချုပ် ဖောက်ခွဲမှာ ဖြစ်တဲ့အတွက် အိမ်ခြေ ၁၂၀၀ လောက်ကို ယာယီ ပြောင်းရွှေ့စေခဲ့ပါတယ်။
ပလိုင်းမောက်သ်မြို့ရဲ့ ဆောက်သ်ဝေး ဧရိယာမှာ အဲဒီ စစ်လက်ကျန် ဂျာမန်လုပ် ခဲယမ်းပစ္စည်းကြီးကို ရှာတွေ့ခဲ့တဲ့နောက် မေလ ၁ ရက်နေ့မှာ ထိန်းချုပ်ဖောက်ခွဲဖို့ စီစဉ်ထားတာပါ။ ဒါကြောင့်လည်း ဗုံးတွေ့ရှိတဲ့ နေရာပတ်ပတ်လည် ၄၀၀ မီတာလောက်က နေအိမ် အားလုံးမှာ နေထိုင်သူတွေကို ယာယီ ရွှေ့ပြောင်းဖို့ အာဏာပိုင်တွေက ညွှန်ကြားထားပါတယ်။
ကီလိုဂရမ် ၂၅၀ လေးတဲ့ SC250 ဗုံးရဲ့ စနက်တံကို သေချာ ရှာဖွေ ဖယ်ရှားနိုင်ဖို့ မဖြစ်နိုင်တော့တဲ့နောက် နေရာကနေ မရွှေ့တော့ဘဲ ဖောက်ခွဲပစ်ဖို့ ကျွမ်းကျင်သူတွေက ဆုံးဖြတ်ခဲ့ပါတယ်။
ဗြိတိန် တော်ဝင်ကြည်းတပ်ရဲ့ ဗုံးကျွမ်းကျင်ရေးအဖွဲ့ အရာရှိ တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးကြီး နစ်ခ်ဟန်ဒီက သူ့ရဲ့ အဖွဲ့သားတွေဟာ ဗုံးတဝိုက်မှာ မြေကျင်းတွေတူးပြီး သဲတွေ အပြည့်အသိပ် ထည့်နေကြောင်း ပြောပါတယ်။ ဒါဟာ ဗုံးကွဲချိန်မှာ ထွက်ပေါ်လာမယ့် သက်ရောက် ထိခိုက်မှုတွေကို လျော့သွားစေဖို့ ဖြစ်ပါတယ်။

Public Service Announcement
တချို့ ဒေသခံတွေကတော့ အဲဒီဗုံးကြီး မြေအောက်မှာ နှစ် ၈၀ လောက် ဘာပြဿနာမှ မရှိဘဲ ကိန်းအောင်းနေခဲ့ပြီး အခုမှ ဘာကြောင့် အရေးတယူ လုပ်နေသလဲလို့ သူ့ကို လာမေးကြောင်း အရိုးရှင်းဆုံး အဖြေကတော့ ဗုံးရဲ့ စနက်တံ အခြေအနေက မယုံကြည်ရဘဲ အချိန်မရွေး အသက်ဝင်ပြီး ထပေါက်နိုင်တာကြောင့်ဖြစ်ကြောင်း ဟန်ဒီက ရှင်းပြခဲ့ပါတယ်။
ဗုံးကို ဓာတ်မှန်ရိုက်ပြီး စစ်ဆေးမှုတွေ လုပ်ခဲ့ပေမယ့် စနက်တံတွေရဲ့ ဖွဲ့စည်းပုံက ရှုပ်ထွေးနေပြီး ဘယ်အပိုင်းကို ဖြုတ်ယူ ဖယ်ရှားရမလဲ ဆိုတာ ဆုံးဖြတ်လို့ မရတော့ကြောင်းလည်း သူက ဆက်ပြောပါတယ်။ ဒီတော့ နေရာမှာတင် ဖောက်ခွဲပစ်ဖို့ကလွဲလို့ ရွေးချယ်စရာ မရှိတော့ကြောင်း ဟန်ဒီက မှတ်ချက်ပေးခဲ့ပါတယ်။
လောလောဆယ် သူနဲ့ အဖွဲ့သားတွေ အဓိက လုပ်နေတာက ဗုံးကို ခွဲလိုက်ချိန်မှာ ပေါက်ကွဲမှု အရှိန်ရဲ့ အချိုးအစား အများစုကို အပြင်ဖက် ကန်ထွက်လာစေမယ့်အစား အတွင်းဖက်ကို ဦးတည်သွားအောင် ကြိုးစားနေတာဖြစ်တယ်လို့လည်း ဟန်ဒီက ပြောကြားသွားပါတယ်။
ဗုံးရှင်းလင်းရေး အဖွဲ့ကို ဗြိတိန် တော်ဝင်ရေတပ်ကလည်း အကူအညီ ပေးနေပြီး အနီးတဝိုက် ကွန်ဒိုတိုက်ခန်းတွေထဲမှာ နေထိုင်သူ တစ်ယောက်မှ မကျန်အောင် လိုက်လံ စစ်ဆေးနေပါတယ်။ ဖောက်ခွဲရေးမစ်ရှင် မပြီးမချင်း ကန့်သတ်ဇုန်ထဲ ဘယ်သူမှ ပြန်ဝင်မလာသင့်ကြောင်းလည်း ရေတပ်က အလေးအနက် အကြံပြုထားပါတယ်။
ဗြိတိန်နဲ့ ဥရောပ နိုင်ငံတွေမှာ ဒုတိယ ကမ္ဘာစစ်လက်ကျန် ဗုံးတွေ ရှာတွေ့တဲ့ ဖြစ်စဉ်တွေ ရံဖန်ရံခါ ပေါ်ပေါက်လာလေ့ရှိပြီး အဲဒီ ဗုံးတွေကို တခြားနေရာဆီ ရွှေ့ပြောင်းပြီးဖြစ်စေ၊ နေရာမှာတင် ထိန်းချုပ်ပြီးဖြစ်စေ ဖောက်ခွဲ ဖျက်ဆီးရလေ့ ရှိပါတယ်။
ကိုးကား: BBC

















































