ဥရောပ သမဂ္ဂ (EU)ကနေ ဗြိတိန် ခွဲထွက်ခဲ့တဲ့ ၂၀၁၆ ခုနှစ် Brexit မဲခွဲဆုံးဖြတ်မှုတွေမှာ ရုရှားက ကျိန်းသေပေါက် ဝင်စွက်ဖက်ခဲ့ကြောင်း ဗြိတိန် ဝန်ကြီးချုပ် အန်ဒီ ဘန်ဟမ်းက ပြောကြားခဲ့ပါတယ်။
The Rest is Politicsဆိုတဲ့ podcast အစီအစဉ်မှာ ဘန်ဟမ်းက အခုလို စွပ်စွဲခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်၊ Brexitကိစ္စ မဲပေးမှုတွေမှာ ရုရှားက စွက်ဖက်မှု ရှိခဲ့သလားဆိုတဲ့ မေးခွန်းကို ဝန်ကြီးချုပ်က အဲဒါကို ရှင်းရှင်းလင်းလင်း ဖြေနိုင်ကြောင်း၊ စွက်ဖက်မှုတွေ တကယ်ပဲ ရှိခဲ့ကြောင်း ပြန်ဖြေခဲ့ပါတယ်။
အဲဒီကိစ္စနဲ့ ပတ်သက်ရင် ဗြိတိန်ဟာ အတော်လေး ထိန်းထိန်းသိမ်းသိမ်း တုံ့ပြန် ကိုင်တွယ်ရတဲ့ အခြေအနေမျိုး ဖြစ်ခဲ့ကြောင်း၊ နိုင်ငံရပ်ခြားကနေ ဗြိတိန်ရဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေကို လှမ်းနှောင့်ယှက်တဲ့ ဖြစ်ရပ်တွေ ဘယ်လောက် ပြင်းထန်ခဲ့သလဲ ဆိုတာကိုလည်း ပြည်သူလူထုဆီ အကျယ်တဝင့် အသိမပေးနိုင်ခဲ့ကြောင်း ဝန်ကြီးချုပ်က ဆိုပါတယ်။
သူက Brexit မဲပေးမှုမှာ ရုရှားက ဘယ်လိုဘယ်ပုံ နည်းလမ်းတွေနဲ့ ဝင်စွက်ဖက်ခဲ့သလဲ ဆိုတာကိုတော့ အသေးစိတ် မှတ်ချက် မပေးခဲ့ပါဘူး။

Public Service Announcement
EUကနေ ခွဲထွက်ခဲ့တာကို အားပေးထောက်ခံ မဲဆွယ်ခဲ့တဲ့ Britain Unboundဆိုတဲ့ အဖွဲ့ကတော့ ဘန်ဟမ်းရဲ့ မှတ်ချက်စကားဟာ ၂၀၁၆ တုန်းက ဗြိတိန်ပြည်သူတွေ စစ်စစ်မှန်မှန် မဲပေး ဆုံးဖြတ်ခဲ့ Brexitရဲ့ တရားဝင်မှုကို သံသယ ဝင်လာကြအောင် အားထုတ်မှု တစ်ခုအဖြစ် ဝေဖန်ခဲ့ပါတယ်။
ဗြိတိန်ရဲ့ ရွေးကောက်ပွဲတွေ၊ မဲပေးမှုတွေကို ပြည်ပ စွက်ဖက်မှုတွေ ရှိလာတာမျိုးကို လုံးဝ လက်မခံနိုင်ကြောင်ူ၊ ဒါပေမဲ့ ၂၀၁၆ Brexitကိစ္စ ပြည်လုံးကျွတ် လူထုဆန္ဒ ခံယူပွဲ မဲပေးမှုတွေမှာတော့ ရုရှားက စွက်ဖက်ခဲ့ပါတယ်လို့ ယုံကြည်ရလောက်တဲ့ အကြောင်းပြချက် ကောင်းကောင်း ဘာမှ မရှိကြောင်း၊ ဝန်ကြီးချုပ်ရဲ့ စကားဟာ မဲဆန္ဒရှင် ပြည်သူတွေက အလွယ်လေး လှည့်စားလို့ ရသလို အဓိပ္ပါယ်မျိုး စော်ကားရာ ရောက်နေကြောင်း Britain Unboundက ထုတ်ပြန်ခဲ့ပါတယ်။
အောက်တိုဘာ ၁၂ ရက်နေ့မှာ အပြည့်အစုံ ထုတ်လွှင့်မယ့် အင်တာဗျူးရဲ့ အကြိုကောက်နုတ်ချက်တွေကို The Rest is Politicsက ကြိုတင် ဖော်ပြထားရာမှာတော့ ဘန်ဟမ်းက ပြီးခဲ့တဲ့ သီတင်းပတ် အစောပိုင်းတုန်းက ဂျာမနီကို သွားရောက် လည်ပတ်ချိန်မှာ ရုရှားရဲ့ နောက်ကွယ်က စွက်ဖက်မှုတွေနဲ့ ပတ်သက်လို့ ဂျာမန် အဓိပတိ ဖရိုင်းဒရစ်ချ် မားဇ်နဲ့ ဆွေးနွေးခဲ့သေးကြောင်း ပြောဆိုထားပါတယ်။
ဂျာမနီရဲ့ နိုင်ငံရေး ရပ်ဝန်းကို သက်ရောက်မှု ရှိစေဖို့ သတင်း အချက်အလက် အမှားတွေ ဖြန့်ဝေတာ၊ သတင်းတုတွေ ဖန်တီးတာတွေကိုလည်း ရုရှားက လုပ်ဆောင်ခဲ့ကြောင်း ဘန်ဟမ်းက ဆိုပါတယ်။
ဒီအခြေအနေတွေကို ရှင်းရှင်းလင်းလင်း သိမြင်နားလည်ထားဖို့ လိုကြောင်း၊ ဂျာမနီနဲ့ ပြင်သစ်က မဲဆန္ဒရှင် ပြည်သူတွေဟာ နိုင်ငံရေး ကဏ္ဍမှာ ရန်သူနိုင်ငံ ရုရှားရဲ့ တစ်နည်းနည်းနဲ့ လှုံ့ဆော်မှုတွေကို ကြုံနေရတယ်ဆိုတာ သဘောပေါက်ထားစေလိုကြောင်း ဘန်ဟမ်းက ပြောကြားသွားပါတယ်။
ဒါဟာ ဗြိတိန် ဝန်ကြီးချုပ် တစ်ဦးက ၂၀၁၆ Brexit မဲပေးမှုတွေမှာ ရုရှားက ကြားဝင်စွက်ဖက်တာမျိုး ရှိခဲ့ကြောင်း ပထမဆုံး လူသိရှင်ကြား စွပ်စွဲမှု ဖြစ်ပါတယ်။ တစ်ဖက်မှာတော့ ဗြိတိန် နိုင်ငံရေး အရွေ့တွေကို ခြယ်လှယ်နိုင်ဖို့ ရုရှားက နောက်ကွယ်ကနေ ကြိုးစားနေကြောင်း စွပ်စွဲမှုတွေ ကာလရှည်ကြာ ရှိနှင့်ခဲ့ပြီး ဖြစ်ပါတယ်။
ကိုးကား: BBC



















































