Connect with us

Hi, what are you looking for?

သတင်း

PDFရဲဘော်တွေထဲက အသက်နဲ့ခန္ဓာ စွန့်ခဲ့ကြသူတွေရဲ့ မိသားစုဝင်တွေနဲ့၊ ထိခိုက်ဒဏ်ရာရရှိထားတဲ့ ရဲဘော်‌တွေကို အချင်းချင်းဝိုင်းဝန်းကူညီပေးကြဖို့ NUGယာယီသမ္မတ မေတ္တာရပ်ခံ

PDFရဲဘော်တွေနဲ့အတူ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး ပြတ်ပြတ်သားသားတိုက်ပွဲဝင်နေဟု အသိပေး

NUGယာယီသမ္မတ ရှေ့တန်းစခန်းတစ်နေရာသို့ သွားရောက်ပြီး PDFရဲဘော်တွေနဲ့ တွေ့ဆုံစစ်ဆေးနေစဉ်။ ဓာတ်ပုံ - NUG

မေ-၅၊၂၀၂၆/People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေထဲက အသက်နဲ့ ခန္ဓာပေးစွန့်ခဲ့ကြသူတွေရဲ့ မိသားစုဝင် တွေနဲ့၊ ထိခိုက်ဒဏ်ရာရရှိထားတဲ့ ရဲဘော်‌တွေကို အချင်းချင်းဝိုင်းဝန်းကူညီပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတဒူဝါလရှီးလက မေတ္တာရပ်ခံလိုက်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)ဖွဲ့စည်းတည်ထောင်တာ (၅) နှစ်ပြည့်အထိမ်းအမှတ်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြားတဲ့ မိန့်ခွန်းမှာ အထက်ပါအတိုင်းထည့်သွင်း ပြောကြားတာ ဖြစ်ပါတယ်။

ဒီနေ့အချိန်အထိ အသက်နဲ့ ခန္ဓာကို ပေးဆပ်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားအပေါင်းကိုလေးနက်စွာ အသိအမှတ်ပြုကြောင်း ယာယီသမ္မတက ထပ်မံပြောကြားပါတယ်။ ဒါ့အပြင် နွေဦးတော်လှန်ရေးသမိုင်းမှာ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ အခန်းကဏ္ဍကို ထင်ထင်ရှားရှား ရေးထွင်းပုံဖော်လာနိုင်ပြီလို့လည်း ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း ပြည်သူ့အစိုးရ ပီသစွာ၊ ပြည်သူ့တော်လှန်ရေးကို ဦးဆောင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့အတူ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေး ပြတ်ပြတ်သားသားတိုက်ပွဲဝင်နေတယ်လို့လည်း ထပ်မံပြောကြားပါတယ်။

” ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေထဲမှာ၊ အသက်နဲ့ ခန္ဓာကို ပေးစွန့်ခဲ့ကြသူတွေရဲ့ မိသားစုဝင် တွေနဲ့၊ ထိခိုက်ဒဏ်ရာရရှိထားတဲ့ ရဲဘော်‌တွေကိုလည်း အချင်းချင်း ဝိုင်းဝန်းကူညီပေးကြဖို့ မေတ္တာရပ်ခံ ပါတယ်”လို့ NUG ယာယီသမ္မတဒူဝါလရှီးလက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာ ပြည်သူလူထုရဲ့ ဝမ်းကြာတိုက်ထဲကနေ မွေးဖွား သန့်စင်လာတဲ့ ပြည်သူ့တပ်မတော်ဖြစ်ပြီး တော်လှန်ရေးခရီးကြမ်းတွေကိုလည်း အတူဖြတ်သန်းခဲ့ကြသလို၊ နိုင်ငံရေးလောကဓံ အနိမ့်အမြင့်တွေကိုလည်း အတူတူဖြတ်သန်းကျော်ဖြတ်ခဲ့ကြပါတယ်လို့ ယာယီသမ္မတက ပြောပါတယ်။

” ယနေ့အချိန်အထိ ကျော်ဖြတ် ကူးမြောက်ခဲ့တဲ့ တော်လှန်ရေးခရီးကြမ်းထဲမှာ ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာ လက်နက်ကိုင်တော်လှန်ရေးသမိုင်းမှာ မကြုံဖူးတဲ့ အောင်မြင်မှုအထွဋ်အထိပ်တွေကိုလည်း ရရှိခဲ့တာတွေ့ရပါတယ်။ ဒါပေမယ့် လက်ရှိ အချိန်မှာ ကျွန်တော်တို့ဟာ ပြည်သူလူထုတစ်ရပ်လုံး လိုလားတဲ့ ခရီးဆုံးပန်းတိုင်ကိုတော့ မရောက်သေးဘူးဆိုတာ သတိပြုရမှာဖြစ်ပါတယ်”လို့လည်း ယာယီသမ္မတက ပြောပါတယ်။

လက်ရှိ အချိန်မှာ ကြုံတွေ့နေရတဲ့ နိုင်ငံရေးစိန်ခေါ်ချက်တွေ အမြောက်အမြား ရှိနေသလို၊ စစ်ရေးအရ လက်လွှတ်ဆုံးရှုံးရမှု တချို့လည်း ခပ်စိပ်စိပ် ကြုံတွေ့နေရတယ်လို့လည်း သတိပေးစကားပြောပါတယ်။

“တော်လှန်ရေးရဲ့ သဘောဟာ အနိမ့်အမြင့်၊ အတက်အကျတွေ ရှိတတ်သလို၊ ရှေ့နှစ်လှမ်းတိုး နောက်တစ်လှမ်း ဆုတ်ရတဲ့ ဖြစ်စဉ်မျိုးတွေလည်း ရှိတတ်ကြောင်း ပြောကြားလိုပါတယ်။ ဒါ့အပြင် နိုင်ငံရေးမိုးသက်မုန်တိုင်းကြားထဲမှာ ပြင်းထန်တဲ့ လှိုင်းတွေအပေါ် စီးနင်း ကျော်ဖြတ်ကြရတာတွေ လည်း ရှိနေတတ်ပါတယ်”လို့ ယာယီသမ္မတက ပြောပါတယ်။

ဒါ့ကြောင့် မြေပြင်မှာ ဖြစ်ပေါ်နေတဲ့ အရှိပကတိတွေကို လျစ်လျှူရှုလို့ မရသလို၊ အားလုံး မျှော်လင့်တဲ့ ရည်မှန်းချက်ပန်းတိုင်ကိုလည်း မျက်ခြေပြတ်လို့ မရဘူးလို့ ယာယီသမ္မတက ပြောပါတယ်။

တော်လှန်ရေးရဲဘော်တွေဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားအားလုံးဟာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးမှာ ခြေစုံရပ် ပါဝင်ထားကြတဲ့သူတွေ ဖြစ်ပြီး ပြည်သူ့ကာကွယ် ရေးတပ်မတော်သားတွေဟာ တစ်ဖက်မှာလည်း တော်လှန်ရေးသမားတွေဖြစ်သလို၊ တစ်ဖက်မှာလည်း ပြည်သူ့အရေးတော်ပုံတပ်သားတွေအဖြစ် တာဝန်ယူထားကြရတယ်လို့ ယာယီသမ္မတက ပြောပါတယ်။

ဒါ့ကြောင့် ရဲဘော်ရဲဘက် အားလုံးဟာ တော်လှန်ရေးကာလအတွင်းမှာ အသိဉာဏ်ပညာကိုယ်ခံအားကို ဖြည့်တင်းရင်း ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်ကြဖို့ လေးနက်စွာ တိုက်တွန်းကြောင်းလည်း ယာယီသမ္မတက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။