အောက်တိုဘာ-၁၇၊၂၀၂၆။ဖိုးသား/People’s Spring
စစ်ရေးလုံခြုံရေးနဲ့ လမ်းပိုင်းအခြေအနေကြောင့် မကွေးတိုင်း၊ဆောမြို့နယ်က ကားလမ်းတချို့ကို ပိတ်ထားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင် တပ်ရင်း (၆)က ထုတ်ပြန်ပါတယ်။
ဆောမြို့နယ်၊ ပုပ္ပကိုင်း – လယ်ဖြူ – ဝက္ကု ကားလမ်းပိုင်းကို ဒီကနေ့( အောက်တိုဘာ ၁၇ ရက်) ကစပြီး ကားကြီး၊ ကားငယ် (ဆိုင်ကယ်မပါဝင်) သွားလာတာမလုပ်ဖို့ သတိပေးပါတယ်။
” လမ်းပိုင်းက မိုးတွင်းဆိုတော့ပျက်စီးတာများလို့ ရယ် စီးပွါးရေးသမား ဧည့်စိမ်းတွေများလို့ လုံခြုံရေးအရ ခေတ္တ ထိမ်းလိုက်တာ”လို့ ဂန့်ဂေါခရိုင်တပ်ရင်း (၆) တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement
ပြည်သူတွေ အနေနဲ့ ဘေးကင်းလုံခြုံဖို့အတွက် အခုထုတ်ပြန်ချက်ကို အလေးထားလိုက်နာပေးကြဖို့လည်းမေတ္တာရပ်ခံပါတယ်။
သတိပေးကြေညာချက်ကို မလိုက်နာရင် ဖြစ်ပေါ်လာမယ့်အကျိုးဆက်တွေကို ဂန့်ဂေါခရိုင်တပ်ရင်း (၆) က တာဝန်ယူနိုင်မှာမဟုတ်ဘူးလို့လည်း အသိပေးထာပါတယ်။
ပုပ္ပကိုင်း – လယ်ဖြူ – ဝက္ကု ကားလမ်းပိုင်းဟာ လောင်းရှည်မြို့ဘက်ကနေ ဆောမြို့ဘက်ကို သွား တဲ့ကွင်းလမ်းပိုင်းတစ်ခုဖြစ်ပြီး လောင်းရှည်-ဆော အဓိကလမ်း ဖြစ်တဲ့ လောင်းရှည်-တောင်ဘို့ကြီး-သီးကုံး-မင်းလယ် နဲ့ ဆော မှာတော့ မကြာခဏ ထိတွေ့မှုရှိနေတယ်လို့ သိရပါတယ်။
“ကျွန်တော်တို့ဘက်ကတော့ ပျောက်ကြားစနစ်နဲ့ ပဲ တိုက်ခိုက်နေရတာရှိတယ်”လို့ လောင်းရှည်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့၀င်တစ်ဦးက ပြောပါတယ်။
ဆောမြို့နယ်က အဓိကလမ်းပိုင်းတွေနဲ့ ချင်းပြည်နယ်တောင်ဘက် မင်းတပ်နဲ့ကန်ပက်လက်မြို့ တွေကို ထိန်းချုပ်ချင်နေတဲ့ စစ်တပ်ကမေလကစပြီး စက်တင်ဘာလကုန်အထိ ဆောမြို့နယ်ကို ငါးလအတွင်း ပို့ခဲ့တဲ့ အင်အား ၄၅၀၀ ၀န်းကျင်ရှိတယ်လို့ ဂန့်ဂေါခရိုင်စစ်ရေးတာ၀န်ရှိသူက ခန့်မှန်းထားပါတယ်။
ဒါ့အပြင် ဆောမြို့နယ်၊လောင်းရှည်မြို့ကတဆင့် ချင်းပြည်နယ် ကျင်ဒွေးမြို့ဘက်ကို အာဏာသိမ်းစစ် တပ်က စက်တင်ဘာ နောက်ဆုံးပတ်ကတည်းက စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။
ဒါ့အပြင် စက်တင်ဘာနောက်ဆုံးပတ်က ကျင်ဒွေးမြို့ မဆာတွီရွာအနီး တိုက်ပွဲတွေမှာ စစ်တပ်ဘက်က ၅၀ ဝန်းကျင်သေဆုံးကာ ဆယ်ချီလက်နက်ချကြတယ်လို့ စစ် ရေးသတင်းရင်းမြစ်တွေက ပြောထားပါတယ်။
အခုနှစ် မေလကစပြီး စစ်တပ်က ချင်းပြည်နယ်တောင်ပိုင်းထိုးစစ်အတွက် လောင်းရှည်မြို့အခြေစိုက် အမှတ် ၂၅ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ ၂၅)နဲ့ ပေါက်မြို့နယ်အခြေစိုက် ကပစ(၂၄)မှာ အင်အားစုဖွဲ့ခဲ့ပါတယ်။
ကပစ(၂၅) မှာရှိတဲ့ အင်အားတွေက လောင်းရှည်မြို့ကနေ ဆောမြို့ကို ရောက်ရှိပြီး အဲဒီကတဆင့် ကန်ပက်လက်မြို့ကို ထိုးစစ်ဆင်ခဲ့သလို ကပစ(၂၄)က အင်အားတွေကလည်း ကျောက်ထုမြို့ကတဆင့် မင်းတပ်မြို့ကို စစ်ကြောင်းထိုးခဲ့ပါတယ်။



















































