အောက်တိုဘာ-၁၉၊၂၀၂၆။ရွှေပြည်စိုး/ People’s Spring
နိုင်ငံတဝန်း အရပ်သားပြည်သူတွေကို နည်းမျိုးစုံဖိနှိပ်နေတဲ့ အာဏာသိမ်းစစ်တပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ မဟာမိတ်တပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကို အရှိန်မြှင့် တိုက်ခိုက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(စစ်ရုံးချုပ်)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
PDF နဲ့ မဟာမိတ်တပ်တွေကတရားမျှတမှုဖော်ဆောင်ရေး ထိုးစစ်ဆင်တိုက်ခိုက်မှုများကို အရှိန်အဟုန်မြှင့်တိုက်ခိုက်နေပြီးလက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေနဲ့ပတ်သက်လို့ စစ် ရေးသတင်းတွေကိုသင့်လျော်တဲ့အချိန်မှာ ထုတ်ပြန်သွားမယ်လို့လည်း အသိပေးထားပါတယ်။
ဒါ့အပြင် တိုက်ပွဲပြင်းထန်နေတဲ့စစ်ကိုင်းတိုင်းအင်းတော်မြို့နယ်ထဲမှာစစ်တပ်က အရပ်သားတစ်ဦးကိုရက်စက်စွာသတ်ဖြတ်ပြီး တစ်ဦးက်ို ဖမ်းဆီးသွားတယ်လို့ အောက်တိုဘာလ ၁၉ရက်မှာ ထုတ်ပြန်အသိပေးတာပါ။

Public Service Announcement
အင်းတော်မြို့နယ်မှာအောက်တိုဘာလ ၁၉ ရက် နေ့လယ်ပိုင်းက အမျိုးသားနှစ်ဦးဟာညောင်ကုန်းရွာ ကနေ ဆိုင်ကယ်နဲ့ ထွက်ခွာလာစဉ် ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့မဟာမိတ်တပ်တွေစိုးမိုးထားတဲ့ နယ်မြေကို ကျော်ပြီး စစ်တပ် တပ်စွဲနေရာယူထားတဲ့ မအူကုန်းရွာအနီးကို မှားယွင်းရောက်ရှိသွားတာလို့ သိရပါတယ်။
စစ်သားတွေကအသက် (၂၃) နှစ်အရွယ်ခန့်ရှိ လူငယ်ကို လက်နောက်ပြန်ကြိုးတုပ်၊ မြေပြင်မှာ မှောက်ခိုင်းပြီးသေနတ်ဒင်နဲ့အချက်ပေါင်းများစွာ ရိုက်နှက်ကာ သေနတ်နဲ့ အနီးကပ်ပစ်သတ်သွားတာလို့ ထုတ်ပြန်ထားပါတယ်။ အသက် ၅၀ ကျော်အရွယ်ကျန်အမျိုးသားကို လက်နောက်ပြန်ကြိုးတုပ်ပြီး ရိုက်နှက်နှိပ်စက်ကာ လယ်ပြင်ရွာဘက်ကို ဖမ်းခေါ်သွားတယ်လို့ ဆိုပါတယ်။
“လမ်းပိုင်းသတိပေးချက်တွေ ထုတ်ထားတာဗျ။ သူတို့က လမ်းမှားသွားတာ။လူငယ်ကိုသတ်ပြီးအလောင်းကို ထားခဲ့တယ်။ ဒီကောင်တွေ သွေးဆာနေတဲ့ အရိုင်းအစိုင်းတွေပဲ”လို့ တော်လှန်ရေးရဲဘော်တစ်ဦးကပြောပါတယ်။
စစ်တပ်ရဲ့ မတရားဖမ်းဆီးညှဉ်းပန်းသတ်ဖြတ်ခြင်းခံရတဲ့ အရပ်သားပြည်သူ တွေအတွက် ဝမ်းနည်းကြေကွဲရပြီး နိုင်ငံတစ်ဝန်းမှာ နည်းမျိုးစုံဖြင့် ဖိနှိပ်ခံနေရတဲ့ ပြည်သူ တွေအတွက် မဟာမိတ်တွေနဲ့အတူတရားမျှတမှုဖော်ဆောင်ရေး ထိုးစစ်ဆင်တိုက်ခိုက်မှု တွေ အရှိန်မြှင့်ထားတယ်လို့ ထုတ်ပြန်ချက်မှာဆက်လက်ဖော်ပြထားတာဖြစ်ပါတယ်။
လက်ရှိမှာ အင်းတော်-ထီးချိုင့်လမ်းနဲ့ အင်းတော်-ဝန်းသိုလမ်းမှာ စစ်တပ်စစ်ကြောင်းတွေရှိနေပြီး စစ်ရေးတင်းမာ နေပါတယ်။ စစ်ကောင်စီက လေကြောင်းကနေလည်း ဆက်တိုက်ဗုံးကြဲနေပါတယ်။
စစ်ကောင်စီက ယခုရက်ပိုင်းမှာ မကွေးတိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တွေကို လေကြောင်းကနေဗုံးကြဲလို့ ဒေသခံပြည်သူတွေထိခိုက်သေဆုံးမှုတွေများပြားနေပါတယ်။ တိုက်ပွဲတွေမှာ အထိနာတိုင်း တိုက်ပွဲနဲ့ လုံးဝသက်ဆိုင်ခြင်းမရှိတဲ့ အပြစ်မဲ့အရပ်သားပြည်သူတွေကို ပစ်မှတ်ထား ဖိနှိပ်သတ်ဖြတ်ခြင်းက အကြမ်းဖက်စစ်တပ် ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုဖြစ်တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော် (စစ်ရုံးချုပ်)က ထုတ်ပြန်ထားပါတယ်။


















































