Connect with us

Hi, what are you looking for?

မေးမြန်းခန်း

“ကျွန်တော်တို့ ဖြစ်စေချင်တာကတော့ ရှင်းလင်းတဲ့ နိုင်ငံရေး အနာဂတ် တစ်ခုအတွက် အားလုံး အတူတူ စုဝေးသွားတာမျိုးပါ”

— ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ The Diplomat သတင်းဌာန ​မေးမြန်းခန်း (အပိုင်း ၁)

— ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ The Diplomat သတင်းဌာန ​မေးမြန်းခန်း (အပိုင်း ၁)

မေလ ၄ ရက်နေ့မှာThe Diplomat သတင်းဌာနကအာရက္ခတပ်တော် (AA)ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်နဲ့ အထူးသီးသန့် အင်တာဗျူးကို ဖော်ပြခဲ့ပါတယ်။ The Diplomatရဲ့ သတင်းထောက် ရာဂျိဗ် ဘက်တာချာရီယာက ရခိုင်ပြည်

နယ်ရဲ့ တစ်နေရာမှာ မတ်လ ၂ ရက်နေ့တုန်းက ဗိုလ်ချုပ် ထွန်းမြတ်နိုင်နဲ့ လုကိုယ်တိုင်​တွေ့ဆုံ​မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ ရခိုင်ပြည်နယ်ထဲမှာ AAရဲ့ အောင်မြင်တဲ့ စစ်ဆင်ရေးတွေကို ဦးစီးနေသူ ဗိုလ်ချုပ် ထွန်းမြတ်နိုင်ဟာ အွန်လိုင်း အင်တာဗျူးတွေကို လက်ခံဖြေကြားတာမျိုး ရှိခဲ့ပေမယ့် နိုင်ငံခြား သတင်းထောက် တစ်ဦးနဲ့ လူချင်းတွေ့ဆုံ စကားပြောတာကတော့ ဒါဟာ ပထမဆုံး အကြိမ်လို့ The Diplomatက ဆိုပါတယ်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဟာ မြန်မာ့နိုင်ငံရေး အခြေအနေ၊ AAနဲ့ အိမ်နီးချင်း နိုင်ငံတွေကြား ဆက်ဆံရေး၊ AAရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ စွပ်စွဲခံရမှု ကိစ္စတွေ အပါအဝင် အကြောင်းအရာ အတော်များများကို ဆွေးနွေး ပြောဆိုသွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ The Diplomatရဲ့ အင်တာဗျူးကို People’s Springက ဘာသာပြန်ဆိုပြီး အပိုင်းနှစ်ခု ခွဲခြား ဖော်ပြလိုက်ပါတယ်။

​မေး-ခင်ဗျားရဲ့ နောက်ခံဘဝဇာတ်ကြောင်းကို ပြောပြနိုင်မလား။ AAရဲ့ ခေါင်းဆောင်ဘယ်လိုဖြစ်လာသလဲ ဆိုတာပေါ့။

​ဖြေ-စစ်တွေမှာ ကျွန်တော် ဥပဒေကျောင်း တက်ခဲ့ပါတယ်။ ဒါပေမဲ့ကျောင်းမပြီးခဲ့ပါဘူး။ ကျွန်တော်က ကျောင်းသားခေါင်းဆောင် အနေနဲ့ လှုပ်ရှားခဲ့ဖူးတယ်။ ကျွန်တော် ၉ တန်းကျောင်းသား ဘဝတုန်းကမြန်မာစစ်တပ်နဲ့ ပဋိပက္ခ ဖြစ်ဖူးတယ်။ အရမ်း ဆိုးဆိုးရွားရွားတွေတော့ မကြုံခဲ့ပါဘူး။ အဲဒါက ကျွန်တော့်အတွက်တော့ စစ်တပ်နဲ့ ပထမဆုံးအကြိမ် ထိပ်တိုက်တွေ့မှု ဖြစ်ခဲ့တာပေါ့။

၁၉၉၀ ပြည့်လွန်နှစ်တွေမှာ ကျွန်တော်ကဘင်္ဂလားဒေ့ရှ်နယ်စပ်ဖက်ကိုစပြီးဖြတ်သန်းဝင်ရောက်ခဲ့တယ်။ပထမဆုံး အကြိမ်ကတော့ ၁၉၉၈ ခုနှစ်၊ အိန္ဒိယရဲ့Operation Leech(မျှော့စစ်ဆင်ရေး)ကြောင့် ရခိုင်တော်လှန်ရေးအင်အားစုတချို့ ပျက်သုဉ်းခဲ့တဲ့ ကာလမှာပါ။ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) နဲ့ ရခိုင်ပြည် အမျိုးသား ညီညွတ်ရေးပါတီ (NUPA)တို့လို အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတွေကနေ ကျွန်တော်တို့တွေ အများကြီး သင်ယူခွင့် ရခဲ့ပါတယ်။ ဒါပေမဲ့ နောက်တော့ အဲဒီ အဖွဲ့အစည်းတွေဟာကျွန်တော်တို့ထင်ထားသလောက် အားမကောင်းခဲ့ဘူးဆိုတာ သဘောပေါက်လာခဲ့ပါတယ်။ ညီညွတ်မှု တည်ဆောက်ဖို့ လိုတယ်ဆိုတာ ကျွန်တော် သတိထားမိလာတယ်။ ၂၀၀၆ခုနှစ်ထိအခြေအနေအရကျွန်တော်တို့ မျှော်လင့်ခဲ့တာက ရခိုင်အစုအဖွဲ့အားလုံး ညီညွတ်နိုင်ရေး ဆိုတာပါပဲ။

အဲဒီနှစ်မှာတော့ ကျွန်တော်က အိန္ဒိယကို တရားမဝင် (အထောက်အထားမဲ့) သွားရောက်ခဲ့တယ်။ မဏိပူရ ပြည်နယ်ကနေ အိန္ဒိယနယ်စပ်ထဲဖြတ်ဝင်ပြီးတဲ့နောက်အင်ဖာမှာ၊ ပြီးတော့ အာသံပြည်နယ်ထဲကဂူဝါဟာတီမှာ ကျွန်တော် နေခဲ့ဖူးတယ်။ အဲဒီကာလမှာထရီပူရကတစ်ယောက်အပါအဝင်ခေါင်းဆောင်တွေ တော်တော်များများနဲ့ ထိတွေ့ဆက်ဆံခဲ့ဖူးတယ်။ နောက်တော့ ဂူဝါဟာတီကနေ ဒေလီမြို့တော်ဆီ ကျွန်တော်တို့ ရထားနဲ့ သွားခဲ့တယ်။ ဒေလီမှာ ရက်ပေါင်း ၂၀ နေထိုင်ရင်း ရခိုင်ပြည် အမျိုးသား ညီလာခံကို ဗီကက်စ်ပူရီမှာ ပထမဆုံးအကြိမ် တက်ရောက်ခဲ့ပါတယ်။ အဲဒီမှာ ခေါင်းဆောင်ပိုင်းတွေက အရေးမပါတဲ့ ကိစ္စလေးတွေကို အကျယ်ချဲ့ပြီး ငြင်းနေခုံနေခဲ့ကြတယ်။ အဲဒီမှာတင် ကျွန်တော်တို့ လိုလားတဲ့ စည်းလုံးမှုမျိုးကို ဒီနေရာမှာ ရယူဖို့ မဖြစ်နိုင်ဘူးဆိုတာလက်ခံလိုက်ပါတယ်။သူတို့နဲ့ အချိန်ဖြုန်းနေလို့မရမှန်း ကျွန်တော် သတိပြုမိလာတယ်။

နောက်တော့ ကချင်လွတ်မြောက်ရေးတပ် (KIA)နဲ့ မြန်မာနိုင်ငံရဲ့ တခြားအစိတ်အပိုင်းတွေထဲက အဖွဲ့အစည်းတွေကို ချိတ်ဆက်ကြည့်ဖို့ဆိုတဲ့ စိတ်ကူးကကျွန်တော့်ကိုဆွဲဆောင်လာတယ်။ရန်ကုန် တက္ကသိုလ်မှာရှိတဲ့ မိတ်ဆွေတွေရဲ့ အကူအညီနဲ့အတူ ကျွန်တော်တို့ဟာ ကရင် အမျိုးသား လွတ်မြောက်ရေးတပ် (KNLA)နဲ့ အောင်အောင်မြင်မြင် ဆက်သွယ်နိုင်ခဲ့ပါတယ်။ စစ်တွေ တက္ကသိုလ်မှာ ဥပဒေတန်း တက်နေရင်းကျွန်တော်ဟာဧည့်လမ်းညွှန်အဖြစ်၊ ကျောက်မျက်ရောင်းသူ တစ်ယောက်အဖြစ် ဆက်အလုပ်လုပ်နေခဲ့တယ်။ အဲဒီအလုပ်တွေက ဂျာမနီ၊ ဆွစ်ဇာလန်နဲ့ တခြားနိုင်ငံတွေဆီက ကမ္ဘာလှည့် ခရီးသွားတွေနဲ့ ချိတ်ဆက်မိစေပြီး ကျွန်တော့်ရဲ့ ကွန်ရက်ကိုလည်း ပိုဖြန့်ကျက်လာနိုင်စေခဲ့ပါတယ်။ အမေရိကန် မိတ်ဆွေတချို့က သူတို့ဆီမှာ လာလေ့လာဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်က ကွင်းဆင်းအလုပ်မျိုးကို ပိုပြီး စိတ်ဝင်စားခဲ့တာပါ။

၂၀၀၅ ခုနှစ်မှာ ကျွန်တော် အိမ်ထောင်ကျပြီးနေပြီ။ ရခိုင်ပြည်နယ်အတွက် ကျွန်တော် စဉ်းစားထားတဲ့ အစီအစဉ်တွေအကြောင်း ကျွန်တော့် ဇနီးကို ပြောပြခဲ့ပါတယ်။ အခု ကျွန်တော်တို့ရဲ့ အဖွဲ့အစည်းမှာ ဒုတိယ ဥက္ကဋ္ဌ ၃ အဖြစ် တာဝန်ယူထားတဲ့ ကျွန်တော့် အစ်ကိုကြီးက KIA နဲ့ အဆက်အသွယ် ရအောင် ကူညီပေးခဲ့ပါတယ်။ ကချင်ပြည်နယ်ထဲ ရောက်အောင်သွားဖို့ ကျွန်တော့် Omega လက်ပတ်နာရီကို ဒေါ်လာ ၄၀၀ နဲ့ ရောင်းခဲ့တယ်။၂၀၀၆ ခုနှစ်၊ ပထမဆုံး ကချင်ပြည်နယ် ခရီးစဉ်ကတော့ KIAနဲ့ သဘောထားအယူဝါဒတွေ ဖလှယ်ဖို့၊ သူတို့ရဲ့ လေ့ကျင့်ရေး အစီအစဉ်တွေကို နှစ်ပတ်လောက်လေ့လာဖို့ဖြစ်ပါတယ်။KIAနဲ့ယုံကြည်မှု တည်ဆောက်ဖို့က ၃ နှစ်လောက် အချိန်ယူခဲ့ရပါတယ်။

အဲဒီတုန်းက KIAဟာ အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုယူထားတာပါ။ပြီးတော့ KIA ကို ကချင်နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ ဖိအားပေးခံရတာတွလည်း ရှိနေတယ်။ အဲဒီ အဆိုပြုချက်အပေါ် KIAထဲမှာလည်း သဘောထားကွဲလွဲတာတွေ ဖြစ်နေတယ်။ ၂၀၀၈ ခုနှစ်မှာ KIAက ကျွန်တော်တို့ဘက်ကို မီးစိမ်းပြလိုက်တယ်။ နောက်တစ်နှစ်မှာ လေ့ကျင့်မှုတွေ စခဲ့ပါတယ်။ ကျွန်တော်တို့က သင်တန်းသား ၅၀ လောက်ထိ ပေးပို့ပြီး စစ်ပညာသင်ယူချင်ခဲ့ပေမယ့် KIAက စုစုပေါင်း၂၆ယောက်ကိုပဲလက်ခံခဲ့ပါတယ်။ ကချင်ပြည်နယ်ဆီ အသွားမှာ ကျွန်တော်တို့ရဲ့ မိတ်ဆွေတချို့ဟာ စစ်ထောက်လှမ်းရေးတွေက ဖမ်းဆီးတာကို ခံခဲ့ရပါတယ်။

အဲဒီနောက်၂ နှစ်အကြာမှာကျွန်တော်တို့ဟာ ရိုင်ဖယ်သေနတ်အလက်ပေါင်း၂၀၀နဲ့အတူ ကချင်ပြည်နယ်ကနေ ပြန်လာခဲ့တယ်။ စစ်မှုရေးရာ ကိစ္စတွေ အများကြီးကို ကျွန်တော်တို့ သင်ယူခွင့် ရခဲ့တယ်။ကျွန်တော်လည်းစစ်ရေးဗျူဟာတွေ၊ နည်းစနစ်တွေအကြောင်း ကိုယ်တိုင် လေ့လာနေခဲ့ပါတယ်။အဲဒီအတောအတွင်းကျွန်တော်တို့ဟာ ထိုင်း-မြန်မာ နယ်စပ်မှာ ပညာသင်ယူနေတဲ့ လူငယ်တွေနဲ့ ချိတ်ဆက်ပြီး လေ့ကျင့်ပေးဖို့ သင့်တော်မယ့် သူတွေကို ရှာဖွေခဲ့ပါတယ်။ (စစ်တပ်နဲ့ အပစ်ရပ်ထားတဲ့ ကာလ ဖြစ်တာကြောင့်) KIAက အဲဒီ လူသစ်စုဆောင်းရေးနဲ့ လေ့ကျင့်ရေး ကိစ္စတွေကို သိုသိုသိပ်သိပ် ဖြစ်စေချင်ခဲ့တယ်။ ၂ နှစ်အတွင်း ကျွန်တော်တို့ဟာ သင်တန်းသား ၃၀၀ လောက်ကို လေ့ကျင့်ပေးပြီးဖြစ်လာပါတယ်။ရိက္ခာလုံးဝ ပြတ်သွားတဲ့ ကာလမျိုးတွေ ကျွန်တော်တို့ ကြုံခဲ့ဖူးတယ်။နောက်တော့နယ်စပ်ကကျောက်စိမ်းလုပ်ငန်းတွေမှာ ကျွန်တော်တို့ ပါဝင်ပတ်သက်လို့ ရလာတယ်။ ၂၀၁၃ ခုနှစ်မှာတော့ ကျွန်တော်တို့ဟာ ရွှေတြိဂံ ဒေသနဲ့ ဘင်္ဂလားဒေ့ရှ်ဆီကို ကျွန်တော်တို့ရဲ့လူ ၁၉ ယောက်ကို စေလွှတ်ပြီး အဖွဲ့ရဲ့ ကွန်ရက်ကို ချဲ့ထွင်နိုင်ခဲ့တယ်။ရှမ်းပြည်နယ်ထဲမှာရှိတဲ့ကိုးကန့်နဲ့ ပလောင် အဖွဲ့အစည်းတွေနဲ့လည်း ခင်မင်ရင်းနှီးမှု တည်ဆောက်ယူနိုင်ခဲ့တယ်။ အဲဒီ ဒေသတွေကနေ ကျွန်တော်တို့ လက်နက်တချို့လည်း ရလာခဲ့ပါတယ်။

AAနဲ့ မြန်မာစစ်တပ်ကြား ထိပ်တိုက်တွေ့ခဲ့တာက၂၀၁၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့မှာ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ နယ်စပ်နား၊ချင်းပြည်နယ်၊ ပလက်ဝ မြို့နယ်ထဲမှာပါ။ကျွန်တော်တို့လက်ချက်နဲ့ စစ်တပ်ဖက်က ဗိုလ်ကြီးတစ်ယောက် ကျခဲ့တယ်။

​မေး-ခင်ဗျားမှာ စစ်ရေးအတွေ့အကြုံ မရှိပေမယ့် AAကတော့ စစ်ရေးအရ အံ့မခန်း အောင်ပွဲတွေ ရယူနိုင်ခဲ့တယ်။ခင်ဗျားရဲ့အောင်မြင်မှုတွေ နောက်ကွယ်က လျှို့ဝှက်ချက်ကို ပြောပြပါဦး။

​ဖြေ-ပြောပဲပြောပြီး မလုပ်ရတဲ့ ကိစ္စတွေ ရှိတယ်။ ထုတ်မပြောပေမယ့် လုပ်ရတဲ့ ကိစ္စတွေလည်း ရှိတယ်။ ပြီးတော့ ပြောလည်းပြော၊ လုပ်လည်းလုပ်ရတဲ့ ကိစ္စတွေလည်း ရှိပါသေးတယ်။ ရခိုင်ပြည်နယ်ဟာ ကျဉ်းမြောင်းသွယ်လျတဲ့ ကုန်းမြေမျိုးပဲ ရှိနေတဲ့ နေရာပါ။ ဒါပေမဲ့ တစ်ချိန်ကတော့ ရခိုင်ပြည်ရဲ့ ဧရိယာဟာ ကျဉ်းကျဉ်းလေး မဟုတ်ခဲ့ပါဘူး။လက်တစ်ဆုပ်စာ နယ်မြေလေးအတွက် ငြင်းခုံနေမယ့်အစားတကယ်တမ်းလုပ်ဖို့ လိုတာတွေကို ကျွန်တော်တို့လုပ်ရမယ်။နယ်မြေအရေးရည်မှန်းချက်တွေအကြောင်း ပြောဆိုနေမယ့်အစား ကိုယ့်မစ်ရှင်အတွက် အာရုံစိုက်ထားတာက ပိုကောင်းပါတယ်။

ကျွန်တော်တို့ရဲ့ အောင်မြင်မှုတွေအကြောင်း ပြောရင်အကြောင်းရင်းတွေအများကြီးပါဝင်ပတ်သက်ပါလိမ့်မယ်။ဒါပေမဲ့ကျွန်တော်တို့ဟာ အင်မတန်ထူးကဲခမ်းနားတဲ့ အောင်မြင်မှု အဆင့်တစ်ခုဆီကိုတော့ မရောက်သေးပါဘူး။ ကျွန်တော်တို့ စိတ်ရှည်ရပါမယ်။ အာရုံလွင့်လို့ မရပါဘူး။ ပြီးတော့ အကန့်အသတ်တွေ ရှိနေတဲ့ အရင်းအမြစ်တွေကိုသေချာစီမံအသုံးချနိုင်ရပါမယ်။

အောင်မြင်မှုတွေအတွက်အဓိကအကျဆုံး အကြောင်းတရားကို ရွေးထုတ်ပြပါ ဆိုရင်တော့ လူထုရဲ့ ထောက်ခံမှုလို့ပဲ ပြောရမှာပါ။ ရခိုင်ပြည်နယ်ထဲက ကွဲပြားတဲ့ လူ့အဖွဲ့အစည်းတွေကြားမှာ ယုံကြည်မှု ပြန်တည်ဆောက်ဖို့ ကျွန်တော်တို့ လုပ်ဆောင်နိုင်ခဲ့တယ်။အရင်ကတော့ယုံကြည်မှု ပျက်ပြားမှုတွေက အများကြီး ဖြစ်နေခဲ့တာပါ။အထူးသဖြင့် ၂၀၁၂ ကနေ ၂၀၁၇ ကြား ကာလတွေအတွင်း ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေကြောင့်မွတ်ဆလင် အသိုက်အဝန်းက သံသယတွေ အများကြီးရှိနေခဲ့ပါတယ်။ အဲဒီကာလတွေအတွင်း မွတ်ဆလင် အတော်များများဟာ မြန်မာနိုင်ငံကနေ အတင်းအကြပ် မောင်းထုတ်ခံခဲ့ရပါတယ်။ ပုံမှန် အခြေအနေမှာတော့ သူတို့ကို ချဉ်းကပ်ဖို့ မဖြစ်နိုင်လောက်ပါဘူး။ ဒါပေမဲ့ သူတို့က မိတ်ဆွေလိုအပ်နေပြီး ကျွန်တော်တို့ဖက်ကလည်း ကျွန်တော်တို့ရဲ့ သဘောထားတွေကို ရှင်းပြခဲ့ပါတယ်။ ဒါက အရေးကြီးတဲ့ ခြေလှမ်းတစ်ခု ဖြစ်လာခဲ့ပါတယ်။

ရေမြေအနေအထားက ကျွန်တော်တို့ရဲ့ အောင်မြင်မှုတွေမှာ နောက်ထပ် အကြောင်းတရားတစ်ခု ဖြစ်ပါတယ်။ စစ်တပ်မှာကပိုပြီးတောင့်တင်းတဲ့ အခြေခံ အဆောက်အအုံတွေပိုင်ဆိုင်ထားပါတယ်။ ကျွန်တော်တို့ရဲ့ အရင်းအမြစ်တွေကျတော့ အများကြီး အကန့်အသတ် ရှိတယ်လေ။ ဒါပေမဲ့ ကျွန်တော်တို့ အဲဒီ အရင်းအမြစ်တွေကို အထိရောက်ဆုံး အသုံးချနိုင်ခဲ့တယ်။စစ်ပွဲတွေမှာပြောင်မြောက်တဲ့ သတ္တိ၊ ထူးကဲတဲ့ စွမ်းရည်မျိုး ပြသခဲ့တဲ့ ကျွန်တော့် တပ်သားတွေ၊ အရာရှိတွေအတွက် အရမ်းဂုဏ်ယူပါတယ်။ကျွန်တော်တို့ရဲ့ဌာနချုပ်ဟာရနိုင်သမျှ နည်းပညာတွေ အကုန်လုံးကိုအသုံးပြုခဲ့တယ်။ ဂြိုဟ်တု ဆက်သွယ်ရေး နည်းပညာတွေ အပါအဝင်ပေါ့။ အဲဒီ နည်းပညာတွေကို သုံးပြီး တပ်ဖွဲ့ဝင်တွေကြား ထိရောက်တဲ့ ဆက်သွယ်နိုင်စွမ်းမျိုးတည်ဆောက်ဖို့ စီစဉ်ပေးခဲ့ပါတယ်။

အဲဒီတုန်းက ကျွန်တော် ပြန်သုံးသပ်ကြည့်တဲ့အခါ ကျွန်တော့်အဖွဲ့ကတကယ့်ကိုစိတ်ပိုင်းဖြတ်မှု အားကောင်းပြီး အများကြီး ပြင်ဆင်ထားတဲ့သူတွေ အလုံးအရင်း စုဖွဲ့ထားနိုင်မှန်းတွေ့လာတယ်။ သူတို့နဲ့ လိုက်လျောညီထွေဖြစ်အောင်ကျွန်တော်ကအလုပ်လုပ်ရုံပါပဲ။

​မေး-၂၀၂၅ ကတော့ ရခိုင်ပြည်နယ်ဖက်မှာ နည်းနည်းငြိမ်သက်တဲ့ နှစ်တစ်နှစ် ဖြစ်ခဲ့တယ်နော်။ AAဟာ ကျောက်ဖြူနဲ့ စစ်တွေတို့မှာ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ လုပ်ဆောင်တာမျိုးကို ရှောင်ပြီး အဲဒီအစား မဟာမိတ် အဖွဲ့အစည်းတွေ၊ တခြား တော်လှန်ရေး အင်အားစုတွေနဲ့ ပူးပေါင်းပြီး ပြည်မဖက်ကို ဝင်ရောက်ခဲ့တယ်။ ဒါက မဟာဗျူဟာ အပြောင်းအလဲ တစ်ခုများလား။

​​ဖြေ-မဟာဗျူဟာအကြောင်း အသေးစိတ် ပြောဖို့ကတော့ လောလောဆယ်မှာ အရမ်းစောလွန်းနေပါသေးတယ်။ အချိန်မတန်သေးပါဘူး။

​မေး-ပြေငြိမ်းရေးကိစ္စ ဆွေးနွေးဖို့ စစ်တပ်ဖက်က ကမ်းလှမ်းမှု တစ်ခုခု ရှိလာရင် AAက ကြိုဆိုလိမ့်မယ်လို့ ထင်ကြေးတွေ ထွက်ပေါ်နေ

​ဖြေ-နိုင်ငံရေး ဆွေးနွေးမှုနဲ့ တည်ငြိမ်မှု ဆိုတာတွေက လူတိုင်းအတွက် အကျိုးဖြစ်ထွန်းစေမယ့် အကြောင်းအရာတွေပါ။ ကျွန်တော်တို့ဟာ နိုင်ငံရေးအရ ရင့်ကျက်ဖို့ လိုပါတယ်။ ဒီသဘောထားမျိုးပဲ ကျွန်တော် ဆွဲကိုင်ထားချင်ပါတယ်။

​မေး-လွန်ခဲ့တဲ့ တစ်လလောက်က ရခိုင်ပြည်နယ်ထဲ ကျွန်တော် ရောက်ခဲ့ချိန် ကတည်းက လေကြောင်း တိုက်ခိုက်မှု အနည်းဆုံး ၆ ခါလောက် ဖြစ်ခဲ့ပြီးပြီ။ ပုဏ္ဏားကျွန်း မြို့နယ်ထဲမှာ ဗုံးကြဲခံရပြီး လူ ၁၇ ယောက်လောက် သေဆုံးခဲ့တဲ့ နေရာကို ကျွန်တော် ရောက်ခဲ့တယ်။ ရွေးကောက်ပွဲတွေ ပြီးပြီဆိုတော့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုပြီးတော့ ကြုံလာနိုင်ပါတယ်။ ဒီအန္တရာယ်ကို တားဆီးဟန့်တားဖို့ ခင်ဗျား ဘာတွေ ပြင်ဆင်ထားသလဲ။

​​​ဖြေ-ပြည်သူတွေရဲ့လုံခြုံမှုကကျွန်တော်တို့ရဲ့ဦးစားပေးပါ။ အရပ်သား ပြည်သူတွေကို အကာအကွယ်ပေးဖို့ ဖြစ်နိုင်သမျှ နည်းလမ်း အားလုံးကို ကျွန်တော်တို့ ရှာဖွေနေပါတယ်။ခက်တော့ခက်ပါတယ်။ စစ်တပ်ရဲ့ ဗုံးကြဲမှုတွေကို မှတ်တမ်းတင်ဖို့ နိုင်ငံတကာ အသိုက်အဝန်းနဲ့ ပူးပေါင်း ဆောင်ရွက်တာတွေ ရှိခဲ့ပေမယ့် အရမ်းကြီး အကျိုးသက်ရောက်မှု အားကောင်းတာမျိုးလည်းမဟုတ်သေးဘူး။ လူသားချင်း စာနာမှု ရှုထောင့်ကနေ ကြည့်ရင်တော့ အခြေအနေကတကယ့်ကို စိုးရိမ်စရာဖြစ်ပါတယ်။ ဒါကြောင့်လည်း စစ်တပ်က အရပ်သားတွေကို ဆက်ပြီး ဗုံးကြဲနေသ၍ ကျွန်တော်တို့ အတွက်လည်း နိုင်ငံရေးအရ အဖြေရှာဖို့ အရမ်းခက်ခဲနေမှာပါ။စစ်အစိုးရ (မူရင်းအသုံးအနှုန်းအတိုင်း)က အထက်စည်းဆန်တဲ့ ပုံစံနဲ့ စကားပြောချင်ပေမယ့် ကျွန်တော်တို့က ဒီလို ဖိအားပေးမှုမျိုးမှာ အလျှော့မပေးနိုင်ပါဘူး။

​မေး-လွန်ခဲ့တဲ့ ၂ နှစ်လောက်တုန်းက AAဟာ စစ်တပ်ရဲ့ ကိုယ်စားလှယ်တွေနဲ့ တရုတ်မှာ ဆွေးနွေးဖြစ်ခဲ့ကြတယ်နော်။ အဲဒီတုန်းက ရခိုင်ပြည်နယ်ထဲမှာ မြန်မာစစ်တပ် အခြေစိုက် တပ်စွဲတာကို လုံးဝ လက်မခံဘူးလို့ AAက အခိုင်အမာ တောင်းဆိုခဲ့တာကြောင့် ညှိနှိုင်းမှုတွေ ပျက်ခဲ့တယ်။ လက်ရှိမှာရော အစိုးရနဲ့ အဲဒီလို ဆွေးနွေးမှုမျိုး လုပ်ဆောင်ဖို့ ဆန္ဒရှိပါသလား။

​ဖြေ-ခင်ဗျားပြောတာ မှန်ပါတယ်။ အဲဒါက ကျွန်တော်တို့ရဲ့ လိုလားချက်ပဲ။ အစိုးရဟာ ၂၀၂၃ မတိုင်ခင်တုန်းက အခြေအနေတွေဆီ ကျွန်တော်တို့ကို ပြန်ရောက်သွားစေချင်တယ်။ ကျွန်တော်တို့ကတော့ ၁၇၈၄ (ရခိုင်မင်းဆက်များ အဆုံးသတ်သည့်ကာလ) မတိုင်ခင် အခြေအနေဆီကို ပြန်သွားချင်ပါတယ်။ လက်တွေ့မကျတဲ့ ကိစ္စတွေကို တောင်းဆိုနေမယ့်အစား အစိုးရဟာ စုံလင်ပြီး လေးနက်တဲ့ ညှိနှိုင်းမှုမျိုးတွေကို ပကတိ အခြေအနေမှန်တွေအပေါ် မူတည်ပြီး လုပ်ဆောင်သင့်ပါတယ်။ စားပွဲဝိုင်းပေါ်က ဆွေးနွေးမှုတွေဟာ မြေပြင် အခြေအနေမှန်တွေနဲ့ အဆက်ပြတ်နေလို့ မရပါဘူး။

​မေး-၂၀၂၃ခုနှစ်တုန်းကစစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်ထဲ သွားရောက်ရင်း တော်လှန်ရေး ခေါင်းဆောင်တချို့နဲ့ ကျွန်တော် တွေ့ဖြစ်ခဲ့တယ်။ အဲဒီတုန်းကတော့ သူတို့တွေ တော်တော်များများက စစ်အစိုးရဟာ ၂၀၂၅ နှစ်ကုန်ပိုင်းလောက်မှာ ပြုတ်ကျသွားလိမ့်မယ်လို့ ယုံကြည်ချက်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ထင်သလို ဖြစ်မလာခဲ့ဘူး။ ဒါတင်မကဘဲ တချို့ဒေသတွေမှာစစ်တပ်ဟာအားကောင်းကောင်းနဲ့ ပြန်လာနိုင်ခဲ့ပါတယ်။ဒီအခြေအနေတွေကို ခင်ဗျား ဘာပြောချင်သလဲ။

​​ဖြေ-အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)ဟာ အရေးကြီးတဲ့အင်အားစုတစ်ခုပါ။ဒါကိုကျွန်တော်တို့ လေးစားပါတယ်။ တခြား အင်အားစုတွလည်းပဲ ရှိပါသေးတယ်။ ကျွန်တော်တို့ ဖြစ်စေချင်တာကတော့ ရှင်းလင်းတဲ့ နိုင်ငံရေး အနာဂတ် တစ်ခုအတွက် အားလုံး အတူတူ စုဝေးသွားတာမျိုးပါ။ လက်ရှိအခြေအနေတွေကတော့မှန်းရခက်ပါတယ်။ နောက်ပြီး စစ်အစိုးရ ကျင့်သုံးနေတဲ့ ဗျူဟာတွေကြောင့် နောက်ထပ် သွေးထွက်သံယို ကိစ္စတွေလည်း ရှိလာဦးမှာပါ။

(အပိုင်း ၂ ကိုဆက်လက်​ဖော်ပြပါမယ်)

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တပ်တွေ ကပဲခူးတိုင်း ၊ပန်းတောင်းမြို့နယ်၊ အမှတ် (၁၆)ကာကွယ်​ရေးပစ္စည်းထုတ်စက်ရုံ (ကပစ-၁၆)ရဲ့ ကာကင်းစခန်း ၃ ခုကို ဇွန်လ ဒုတိယလပတ်အတွင်းထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ မြေပြင် စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းအနီးအ၀တောင်ကျေးရွာဝန်းကျင်တိုက်ပွဲအတွင်း အာဏာသိမ်း စစ်တပ်ဘက်က လက်နက်ချအလင်းဝင်လာသူတွေ ဆက်တိုက်ရှိနေပြီး အခုရက်ပိုင်းအတွင်းမှာလည်း တဆယ်လောက်ရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ရဲ့ အဝေးပစ်လက်နက်တွေအပြင် မြေပြင်ကပါ ထိုးစစ်ဆင်တိုက်ခိုက်ခြင်း ခံနေရတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်တွေမြို့နယ်အတွင်းရှိ ဒေသကွပ်ကွဲမှုစစ်ဌာနချုပ်(ဒကစ-စစ်တွေ)နဲ့ တပ်ရင်းတွေအနီးက ကျေးရွာတွေ ဖျက်ဆီးကာ စစ်စခန်းတွေ တိုးချ ခံစစ်ပြင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကျောက်ဖြူ-ရမ်းဗြဲလမ်းဆုံ စနဲမြို့ဆီထိုးစစ်ဆင်ဖို့ အင်အားအလုံးအရင်းသုံး စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းတွေကို အာရက္ခတပ်တော်(AA)က ကြားဖြတ်တိုက်ခိုက်တာကြောင့် စစ်တပ်ဘက်က​သေဆုံးထိခိုက်မှုများပြီး နောက်ပြန်ဆုတ်နေရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။