Connect with us

Hi, what are you looking for?

ရသစာတမ်းငယ်

‘မမ်မောအော့ဖ် ငါတို့’

“ဘဝသည် နာကျင်နေပေမဲ့
ငါတို့က ပြုံးရီခဲ့ရတယ်။”

◼️ ဆောင်းသွေးရင့်

“ဘဝသည် နာကျင်နေပေမဲ့
ငါတို့က ပြုံးရီခဲ့ရတယ်။”

၁။

စီးကရက်မီးခိုးငွေ့တွေ ကြားကနေ မြင်နေရသော လေယာဥ်ကို လိုက်ကြည့်မိသည်။ အတက်လေယာဥ်လား၊ အဆင်းလေယာဥ်လားတော့ ကျနော်မသိ။ ကျနော်တို့ကို ဗုံးကျဲချရန် သယ်ဆောင်လာသည့် လေယာဥ်မဟုတ်တာတော့ သေချာနေပါသည်။ ခရီးသည်လေယာဥ်တခုကို ထိုင်ကြည့်နေရတာ ဘယ်လို အရသာရှိနေမှန်းမသိ။ တိုက်ရှေ့က လှေကားထစ်ပေါ်ထိုင်နေရင်း လိုက်ကြည့်မိတယ်။ တောင်တန်းတလျှောက်၊ ကောင်းကင်အကျယ်ကြီးနဲ့ ခြားနားနေသည့် ဘဝအစိတ်အပိုင်းများ။ ဒီဒေသမှာ ငေးမော အံသြစရာတွေများပါသည်။ ဖြတ်သန်းနေသော ကားများကို ရှောင်ကွင်းရင်း လမ်းတွေလဲ လျှောက်ရပါသည်။ တိုက်ရှေ့က ကတ္တရာလမ်းကျော်ပြီး ကြည့်တော့ မြက်ပင်အရှည်များကို စနစ်တကျ စိုက်ပျိုးထားသည့် မြေကွက်ကို တွေ့ရပါသည်။ နွားစားမြက်လို့ပြောကြတာပဲ အကိုရ ဆိုပြီး အငယ်ကောင်လေး အိက်စ် (X) မနေ့ညနေက ရှင်းပြနေသည်ကို မှတ်မိသွား၏။ မြေကွက်နှစ်ခုကြားတွင် မြေနီလမ်းတခုသည် ဖုန်မှုန့်အပြည့်။ ကလေးတသိုက် စက်ဘီးစီးလာသည်ကို ငေးမောနေ၏။ ဘာသာစကားကတော့ ကျနော် နားလည်သည့် စကားပါပဲ။ ရှိုက်ထုပ်နေသည့် စီးကရက်အငွေ့တွေထဲကို မကျေနပ်ခြင်းတွေ ထည့်လိုက်တယ်လို့ ပြောလိုက်ရအောင်ကလဲ ကျနော် လူငယ်အရွယ်မဟုတ်တော့။ နားထင်စအပြည့် ဖြူနေသည့် အချိန်တောင်ကျော်နေပေါ့။ ဒါပေမဲ့ မကျေနပ်နေတာက မကျေနပ်တာပါပဲလေ။ နာရီကြည့်လိုက်တော့ ရုံးဆင်းချိန်ရောက်နေပြီ။ အငယ်ကောင်တွေ ပြန်လာတော့မယ်ထင်ပါရဲ့။ ကျနော်လဲ တနေ့လုံးအိပ်ထားလို့ လူကတိုက်ထဲမှာမနေချင်တော့။ လမ်းပေါ်ထွက်ငေးရင်း ဘေးဘီလဲ သတိထားနေရ၏။ ညီညာသပ်ရပ်နေ့သည့် မြို့ရဲ့အလှတရားကိုတော့ သေချာကြည်နှုးရမယ်မဟုတ်လား။ ကျနော်တို့ဆီမှာရော။ ဖြစ်လာခဲ့ပြီးမှ ပျက်သွားရသည့် တရားသဘောအား မဆင်ခြင်ချင်တော့ပါ။ မလုပ်ချင်တာတွေ ကျနော် မတွေးတော့ပါဘူးလေ။ အရှေ့က မြက်ပင်ကွက်ကလေးတွေကိုက ချစ်စရာဖြစ်နေတာပဲ။ စီးကရက်တလိပ် မီးထပ်ညှိရင်း ပျော်နေတော့တာ။ ဘေးတိုက်ခန်းက ဆရာလဲ ဆေးလိပ်သောက်ရန် ထွက်လာတော့ ဆရာအား ရိုသေစွာ နှုတ်ဆက်လိုက်ပါသည်။ မီးခြစ်ယူဦးမလားဟု ဆရာ့အား ပေးတော့ ဆရာက ခေါင်းခါ၏။ ဆရာသည်အတွေးအခေါ် ပညာရှင် ပါမောက္ခ ပီပီ မတရားမှုတိုင်းကို ခေါင်းခါတတ်သူ မဟုတ်လား။ ဒီနိုင်ငံရဲ့ အလုပ်ဆင်းသည့် အချိန်ကို ကျနော် သဘောကျနေမိပါသည်။

Public Service Announcement

Public Service Announcement

၂။

မနေ့ညက ကျနော်တို့ ညီအကိုတတွေ သောက်ဖြစ်ကြ၏။ တိုက်အောက်ဆုံးထပ် ဧည့်ခန်းတွင် အာထွာ (Ultra) ရဲ့ ဒက်ကော်ရေးရှင်းသည် အနုပညာ ဆန်လွန်းလှပါသည်။ အာထွာ့နံရံတွင် ကဗျာအများအပြား တွေ့ရ၏။ တံခါးအဝင်ဝ နံရံဘက်ခြမ်းတွင်ရှိနေသော ပန်းချီများထဲတွင် အဲ့ဝက်မွန့်ရဲ့ `အော်သံ` ကို ကျနော် အကြိုက်ဆုံးပါ။ ထိုအော်သံထဲတွင် အကြောက်ဆုံးကတော့ ကျနော်တို့ကိုယ်တိုင်ရဲ့အသံပင်ဖြစ်ပါသည်ဟုဆိုခဲ့သော အက်ဆေးကို သတိရရင်း ရာထောင်ကို သောက်ရမည့် အလှည့်ကို ထိုင်စောင့်နေရသည်မှာ ဘယ့်လောက်များ ကြည်နှုးဖွယ်ကောင်းလိုက်မလဲ။ ရာထောင်ဝယ်ကြမည့် အချိန်များလဲ ကျနော် အမှတ်ရမိနေ၏။ ညီအကိုတတွေ တယောက် ဘယ်နှဘတ်နှုန်းဖြင့် တွက်ချက်ပြီး ငွေစုနေကြတော့ ကျနော် ပြုံးကြည့်မိပါသည်။ ငွေစုမိတော့ အဝယ်တော်ကျသူများသည် ထိုတုန်းက အထောက်အထားမဲ့နေသော X နှင့်ကျနော်။ ရာထောင်ရောင်းသည့်ဆိုင်သည် သိပ်တော့မဝေးလှပါ။ ရာထောင်လေးဘူး၊ စွန်းမွှေး ၄ ထုပ်နဲ့ သရက်သီးထုပ်ယူလာပြီး အိမ်ပြန်ရောက်တော့ ရေးလ် (Ray) သည် မီးဖိုချောင်မှာ အမြည်းအစုံအသင့် ပြင်ထားပြီးပြီ။ အာထွာရဲ့ အာလူးပြုတ်ကြော်က မပါမဖြစ်အမြည်းတခု။ ဘလိတ် (Blade)က ဂစ်တာကို ကိုင်ထားကာ သောက်ပြီးရင် P2 ဆော့ဖို့ လူစုနေပြီ။ ဖိလစ် (Phillip)တယောက် ဟိုဟာလုပ်မှာလိုလို ဒီဟာလုပ်မှာလိုလိုနဲ့ မီးဖိုချောင်ဘက်ပြေးလိုက် ဧည့်ခန်းပြေးလိုက်နဲ့ အလုပ်ရှုပ်နေတုန်း။ ထိုအချိန်မှာ ကျနော်တို့သည် မိုးကို ပြေးကြည့်မည့်သူများ ဖြစ်နေကြပါသည်။ ထိုနောက်တော့ ဘလိတ်ရဲ့ “အဝေးကလမ်းဟောင်းလေးကို ငါဟာနှုတ်ဆက်” ဆိုသည့် ထည်ဝါသည့် အသံထွက်လာတော့ ကျနော်တို့အားလုံး ရာထောင်ကို အလှည့်ကျ သောက်နေဆဲပါ။ ။

(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ’​ဆောင်း​သွေးရင့်’ရေးဖွဲ့တဲ့ “မမ်မောအော့ဖ် ငါတို့” ရသစာတမ်းငယ်ကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ရသစာတမ်းငယ်

အသက် အမျက်အငြိုးပြည့်နှက်နေသော ကမ္ဘာမြေကြီးပါလား။မိုးကော၊ ပိတောက်ကော နောက်ကျသည်။ သည်ကြားထဲ မုန်တိုင်းများက ဝင်ရန်ရှိကြောင်း သတင်းထွက်လာသေး၏။ မတတ်နိုင်တော့… ဒီကာလများ၌ ငါပျော်ခဲ့ဖူးတာ အရက်ဝိုင်းတခုသာရှိသည်။ အတွေးများသည့်၊ စကားလုံးတွေလျှံထွက်နေသည့်အပြင် မျက်နှာများစုံသည့်နေရာလည်းဖြစ်ပြန်သည်။ ငါ့မှာ ပိုက်ဆံမရှိပေ။ ဝိုင်းထဲ လူခြောက်ယောက်ရှိပြီး ငါးယောက်မှာ ဟိုခြစ်ခြစ်ဒီခြစ်ခြစ်နဲ့ မျက်နှာငယ်များဖြင့်တောင်းခံနေရသည်။ ကျန်တဦးကား...

ဝတ္ထုတို

လမ်းတံတားတွေပြုပြင် တိုးချဲ့တာက ကောင်းတော့ကောင်းပါရဲ့။ ဒါပေမဲ့ လမ်းဘေးအရိပ်ရပင်တွေ လုံးပါးပါးကုန်ပြီး ခုလိုနွေနေ့လယ်မျိုးဆို မြင်မြင်ရာဝန်းကျင်က ကွန်ကရစ်ပင်လယ်ပြင်ကြီးလို ဖြစ်နေသည်။ အရင်ကဆို ဒီလမ်းမကြီးက မဟော်ဂနီပင်ညိုရိပ်တွေအောက်မှာ လျောင်းစက်နေတဲ့ လမ်းမကြီးပေပဲ။

သတင်း

ခွန်းနီ ဒီနေ့ပြီးရင်ဒီနေ့လိုနေ့တွေပဲ ထပ်ရောက်လာညဆိုရင်လည်းလကတစ်ခြမ်းပဲ သာတော့တယ်အဝေးကြီးကနေရာကိုအဝေးကကြည့်နေရတာဘယ်သူပျော်မလဲ။ အမှောင်ထုထဲအရောင်တွေကလည်း ဖျော့နေလိုက်တာစိတ်ကူးကိုနည်းနည်းမှ မလျှော့နိူင်ဘူးငါဟာညတိုင်း အိမ်ပြန်လာနေကျအိမ်ရှေ့က သရက်ပင်ကြီးအောက်အရိပ်တစ်ခုထိုးကျနေတာ ငါပေါ့။ အမေ့ရဲ့ဆူငေါက်သံအဖေ့ရဲ့ကြိမ်းဝါးသံနောက်ပြီး တံခါးထဖွင့်ပေးသံအဲ့ဒီလိုနောက်ကျတတ်တဲ့အိမ်အပြန်တွေအခုတော့အရိပ်ယောင်ဆောင်ထားတဲ့အတိတ်တွေပဲ ငါပြန်ရတော့တယ်။ Public Service Announcement စောက်စနစ်ကဆိုးဝါးတော့ငါတို့လူငယ်တွေဟာစစ်ကြီးထဲလုံးလားထွေးလားပေါ့။ ပင်ပင်ပန်းပန်းသင်ယူရကျိုးကျိုးနွံနွံဆည်းပူးရခက်ခက်ခဲခဲတည်ဆောက်ရအပူတပြင်းအသားကျရမောကြီးပန်းကြီးရှေ့ဆက်ရမနိူင်မနင်းထမ်းပိုးခဲ့ရစနစ်တကျနဲ့လူငယ်ဘဝကိုဆုတ်ခွာပေးခဲ့ရအတူတူချီတက်ရင်းတချို့သူငယ်ချင်းတွေလွယ်လွယ်ကူကူသေပေးလိုက်ရ။ ဒီစစ်ကြီးထဲမယ်ရှင်ကျန်နေတဲ့ကောင်တွေအဖို့နှလုံးသားဟာ ဒဏ်ရာအရဆုံးပဲ။ ဆိုလိုရင်းကိုပြန်ဆက်ရရင်အိမ်ပြန်ဖို့ဆိုတဲ့အသိကလူငယ်တွေအားလုံးမှာရှိတယ်။ အတွေးတွေနဲ့ပိလာတဲ့ညဟာမိုးလင်းသွားပေမဲ့အာရုံထဲတော့စာသားတစ်ကြောင်းငြိနေတယ်။ အားလုံးကိုကျော်ဖြတ်ရမယ်ဆိုတဲ့စာသားဟာနေခြည်နွေးနု ပွင့်လုလုမနက်ခင်းအထိငါနဲ့အတူရှိနေတယ်...

ရသစာတမ်းငယ်

ကက်စပီယံ (၁) ကတုတ်ကျင်းဘေးက ဗွက်အိုင်ထဲမှာ မိုးစက်တွေ တဖျောက်ဖျောက်ကျနေတယ်။ ကင်းစောင့်နေရင်း လက်ထဲက သေနတ်ဒေါက်ကို မှီပြီး အဝေးက မှောင်မည်းနေတဲ့ တောင်တန်းကြီးတွေကို ငေးကြည့်နေမိတယ်။ ကျွန်တော် အိမ်ကထွက်လာတာ (၅) နှစ်ရှိပြီ။ အဖေနဲ့ အဆက်အသွယ်ပြတ်နေတာလည်း အတူတူပဲ။ ဒီနေ့က “အဖေများနေ့” တဲ့။...