အောက်တိုဘာ-၂၂၊၂၀၂၆။ခိုင်မြတ်/People’s Spring
စစ်တွေမြို့နယ် ၊ပါဒလိတ်တပ်ရင်းတွေရဲ့ အဓိကရှေ့ထွက်ကာကင်းတွေရှိရာ အမြင့်ကျွန်းဝန်းကျင်က စစ်တပ်စခန်း နောက်တခုကို အာရက္ခတပ်တော်(AA)က ဒီနေ့ ထပ်မံသိမ်းပိုက်လိုက်တယ်လို့ AA နဲ့နီးစပ်တဲ့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။
စစ်တပ်က စစ်တွေမြို့အရှေ့ဘက်ရှိပေါက်တောမြို့နယ် ငပြီကျွန်းကို ကမ်းထပ်တက်၊ ထိုးစစ်ဆင်ဖို့ ကြိုးစားနေချိန် AA ဟာ စစ်တွေမြို့နယ်အတွင်းက စစ်တပ်စခန်းတွေကို ဝန်းရံပိတ်ဆို့တိုက်ခိုက်နေပြီး စစ်တပ်စခန်းတခုကို အောက်တိုဘာလ ၂၂ ရက်မှာထပ်မံ သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။
“စခန်းတခုထပ်ရတယ်။လေယာဉ်တွေလည်း အများကြီးလာတယ် ဒီနေ့။ အမြင့်ကျွန်းမှာက သိပ်မကျန်တော့ပါဘူး။ ပါဒလိတ်ဘက်ထွက်၀မှာပဲ နည်းနည်းကျန်တယ်။အဲဒါတွေကိုလည်း ဆက်ရှင်းနေတယ်”လို့ AA နဲ့ နီးစပ်တဲ့ မြေပြင်သတင်းရင်းမြစ်တဦးက လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement
AA ကပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တို့ကလည်း အမြင့်ကျွန်းရွာဝန်းကျင်က စစ်တပ်စခန်းနှစ်ခုကိုသိမ်းပိုက်ခဲ့ပါသေးတယ်။ စစ်တပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့မှာ အမြင့်ကျွန်းကနေ အင်အားရာချီနဲ့ အမြင့်ကျွန်းတံတားကိုကျော်ပြီး ပုဏ္ဏားကျွန်းမြို့နယ်ဘက် ထိုးစစ်ဆင်နေခဲ့ပေမယ့် စစ်ဦးကျိုးပြန်လှည့်ခဲ့ရကာအခုအခါအမြင့်ကျွန်းက အခြေစိုက်စစ်စခန်းတွေကိုပါလက်လွှတ်နေရတာဖြစ်ပါတယ်။
ဒါ့အပြင် ပါဒလိတ်တပ်ရင်းပတ်လည်ရှိငတောက်တက်ဝန်းကျင်၊ ဒေသကွပ်ကဲမှုစစ်
ဌာနချုပ်(ဒကစ)စစ်တွေအနီး နာရီကန်၊ တောကန်ဝန်းကျင်၊ ဆေးတပ်၊ ထောက်ပို့တပ်တို့အနီးရှိ ရေချမ်းပြင်ဝန်းကျင်၊ ရွှေမင်းဂံရေတပ်ဝန်းကျင် တို့မှာလည်း စစ်တပ်နဲ့ AA တို့ တိုက်ပွဲအပြင်းအထန်ဖြစ်နေကြပါတယ်။
“ပါဒလိတ်နားကိုကပ်လာတယ်။ ရွှေမင်းဂံဘက်မှာလည်း တိုက်ပွဲကနေ့တိုင်းရှိတယ်” လို့ အခြားမြေပြင်သတင်းရင်းမြစ်တဦးကပြောပါတယ်။
ပါဒလိတ်ရွာမှာ စစ်တပ်ရဲ့ ခလရ ၂၃၂၊ ခမရ ၃၄၄၊ အမှတ်(၁၀)ပညာရေးသင်တန်းကျောင်းနဲ့ အမှတ်(၃၄၃) စစ်လက် နက်ပစ္စည်းတပ်ခွဲတို့ အခြေခိုက်ပြီး ကျားမသောက်ရွာမှာတော့ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းအခြေစိုက်ပါ တယ်။ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကနေ စစ်တွေမြို့ကို ကားလမ်းအတိုင်းလာရင် အမြင့်ကျွန်း၊ ပါဒလိတ်၊ ကျားမ သောက်တို့ကို တွေ့ရပြီး ယင်းကနေ ဆက်လာရင် ဒကစစစ်တွေနဲ့ ကပ်ရပ်နာရီကန်ရွာကိုရောက်ပါတယ်။
အဲဒီလို မြို့ပတ်လည်က တပ်စခန်းတွေ တိုက်ခိုက်ခံနေရချိန် စစ်တပ်ဟာငပြီကျွန်းပေါ်ကို ကမ်းတက်ဖို့နေ့စဉ်နီးပါးကြိုးစားနေပြီး ကမ်းတက်နိုင်တာမရှိဘဲ ပြီးတဲ့ရက်ပိုင်းက ကမ်းစပ်တိုက်ပွဲအတွင်း စစ်သား တစ်ဆယ်ကျော် သေဆုံး ပြီး နှစ်ဆယ်ဝန်းကျင် အရှင်ဖမ်းဆီးခံခဲ့ရပါတယ်။
နှစ်ဖက်တိုက်ပွဲတွေအတွင်း အထိနာနေတဲ့ စစ်တပ်ဟာ စစ်တွေမြို့နယ်နဲ့ ထိစပ်နေတဲ့ ပေါက်တော၊ ပုဏ္ဏားကျွန်း မြို့နယ်တို့အတွင်းရှိ အရပ်သားလူနေကျေးရွာတွေကိုလေယာဉ်တွေနဲ့ နေ့တိုင်းဗုံးကြဲနေပါတယ်။
“မနေ့ကလည်းရွာတွေအကုန်ပတ်ကြဲသွားတယ်။စစ်ရှောင်တွေလည်း အများကြီးတိုးလာတယ်။ဘယ်ကိုပြေးလို့ ပြေးရမလဲတောင် မသိကြတော့ဘူး။ဒီဘက်က ရွာတဆယ်လောက်က လူတွေ ပြေးနေရတယ်” လို့ ပေါက်တောဒေ သခံတဦးက ပြောပါတယ်။
AA ဟာ စစ်တွေတိုက်ပွဲအတွင်း အမြင့်ကျွန်းရွာဝန်းကျင်က စခန်း ၃ ခု၊ ရေချမ်းပြင်ဝန်းကျင်က စခန်း ၁ ခု၊ ကံ့ကော် ကျွန်းဝန်းကျင်က စခန်း ၃ ခုတို့အပါအဝင် စစ်တပ်ကာကင်းစခန်း ၁၃ ခုထက်မနည်းကို သိမ်းပိုက်ထားပြီဖြစ်ပါ တယ်။
စစ်တွေအပြင် ကျောက်ဖြူနဲ့ ရခိုင်ပြည်ဝင်ပေါက် ရိုးမရှေ့ဘက်ခြမ်း မကွေးတိုင်း မင်းတုန်း၊ ပဒါန်း၊ ပဲခူးတိုင်း ပန်းတောင်း၊ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်တို့မှာလည်း စစ်တပ်နဲ့ AA တို့ တိုက်ပွဲတွေ ရှိနေပါတယ်။




















































