ထိုင်းဝန်ကြီးချုပ် သက်ဆင် ရှီနာဝတ်ထ်ဟာ ထောင်ဒဏ် ကျခံနေရာကနေ ပြန်လည် လွတ်မြောက်လာပြီ ဖြစ်ပါတယ်။
သူဟာ စုစုပေါင်း ကျခံရတဲ့ ထောင်ဒဏ် တစ်နှစ်ထဲက သုံးပုံတစ်ပုံကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လျှော့ပေါ့ခံစားခွင့် ရခဲ့တဲ့နောက် ထောင်ဒဏ် ၈ လပြည့်ချိန် မေလ ၁၁ ရက်နေ့မှာ ပြန်လွတ်လာတာ ဖြစ်ပါတယ်။
ဒါပေမဲ့ အသက် ၇၆ နှစ်အရွယ် သက်ဆင်ဟာ ပြစ်ဒဏ်ကာလထဲ အကျုံးဝင်တဲ့ နောက်ထပ် ၄ လတာအတွင်း သူဘယ်နေရာမှာ ရှိနေသလဲ ဆိုတာကို ညွှန်ပြတဲ့ အီလက်ထရောနစ် ခြေရာခံ ကိရိယာကိုတော့ ဆက်ပြီး ဝတ်ဆင်ထားရမယ်လို့ ဆိုပါတယ်။ အစောပိုင်းတုန်းကတော့ သက်ဆင်ရဲ့ အသက်အရွယ်ကြောင့် အဲဒီ ကိရိယာကို ဝတ်ထားစရာ မလိုဘဲ ကင်းလွတ်ခွင့် ပေးမယ်လို့ သတင်းတချို့ ထွက်ပေါ်ခဲ့ပေမယ့် နောက်ဆုံး စည်းမျဉ်းအရတော့ ဆက်ပြီး ဝတ်ထားဖို့ လိုအပ်လိမ့်မယ်လို့ သိရပါတယ်။
ပြည်ပမှာ ဆယ်စုနှစ်တစ်ခုကျော်ကြာ တိမ်းရှောင်နေခဲ့တဲ့ သက်ဆင်ဟာ ၂၀၂၃ ခုနှစ်မှာ ထိုင်းနိုင်ငံကို ပြန်လာခဲ့ပြီး သူ့ရဲ့ မျက်ကွယ်မှာ ချမှတ်ထားတဲ့ အဂတိမှု၊ အာဏာ အလွဲသုံးစားမှုလို ပြစ်ဒဏ်တွေအတွက် ထောင်ဒဏ် ၈ နှစ် စီရင်ချက်ကို လက်ခံခဲ့ပါတယ်။ ဒါပေမဲ့ ထိုင်းဘုရင်ရဲ့ အမိန့်အရ သူ့ရဲ့ ပြစ်ဒဏ်ကို ၁ နှစ်အထိ လျှော့ချပေးခဲ့ပါတယ်။

Public Service Announcement
သက်ဆင်ဟာ အကျဉ်းထောင်ထဲမှာ ၁ ရက်ပြည့်အောင် မနေခဲ့ဘဲ ကျန်းမာရေး အခြေအနေကို အကြောင်းပြပြီး ၆ လလုံးလုံး ဆေးရုံတက်နေခဲ့ပါတယ်။ ဆေးရုံရဲ့ VIPခန်းမှာ ၆ လ ကြာမြင့်ပြီးတဲ့နောက် အထူး လွတ်ငြိမ်းချမ်းသာခွင့်နဲ့ သက်ဆင်က ပြန်လွတ်လာခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီဖြစ်ရပ်အပေါ် ဝေဖန်မှုတွေ မြင့်တက်လာခဲ့တဲ့နောက် တရားရုံးမှာ ပြန်လည်စစ်ဆေးခဲ့ပြီး သက်ဆင် ဆေးရုံတက်နေခဲ့တဲ့ ကာလကို ထောင်ဒဏ်အဖြစ် သတ်မှတ်လို့ မရကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့် မနှစ်က စက်တင်ဘာလမှာ သက်ဆင်ဟာ မူလ ပြစ်ဒဏ်အတိုင်း ထောင် ၁ နှစ် စီရင်ချမှတ် ခံခဲ့ရတာ ဖြစ်ပါတယ်။
သူဟာ ဘန်ကောက်မှာရှိတဲ့ ခလွန်ပရမ် ထောင်ထဲမှာ ၈ လကြာ ဖြတ်သန်းအချိန်ကုန်ခဲ့ပြီး မေလ ၁၁ ရက်နေ့ မနက်ပိုင်းမှာ လွတ်မြောက်လာခဲ့ပါတယ်။ သက်ဆင်ဟာ ထောင်ရှေ့မှာ လာစောင့်ကြိုနေတဲ့ မိသားစုဝင်တွေနဲ့ ပွေ့ဖက်နှုတ်ဆက်နေခဲ့ပြီး သူ့ကို အားပေးထောက်ခံတဲ့ ရှပ်နီ အင်အားစုဝင် ရာဂဏန်းလောက်ကလည်း စုဝေး ကြိုဆိုခဲ့ကြပါတယ်။ တချို့က သက်ဆင်ကို ချစ်တယ်လို့ အော်ဟစ်နေခဲ့ကြပါတယ်။
သက်ဆင် လွတ်မယ့်နေ့မှာ ခွင့်ယူပြီး လာကြိုတဲ့ အသက် ၇၀ အရွယ် ဂျန်သာနာ ချိုင်ဒက်ဂျ်ဆိုတဲ့ စားသောက်ဆိုင် စားဖိုမှူးက သက်ဆင်ဟာ နိုင်ငံရေး လောကကို ကျောခိုင်းသွားမယ်လို့ သူတော့ မထင်ဘူးလို့ ပြောပါတယ်။
သက်ဆင်ဟာ ထောက်ခံသူတွေကို ပြုံးပြပြီး လက်ဝှေ့ယမ်း ကားတစ်စီးနဲ့ ထွက်ခွာသွားပါတယ်။ သူဟာ ထောင်ရှေ့မှာ စောင့်နေခဲ့တဲ့ သတင်းထောက်တွေရဲ့ မေးခွန်းတွေကို မဖြေခဲ့ပါဘူး။
သက်ဆင်ဟာ ၂၁ ရာစုအတွင်း ထိုင်းနိုင်ငံရေး လောကမှာ ပုံရိပ်အကြီးမားဆုံး နိုင်ငံရေးသမား တစ်ဦးအဖြစ် ရပ်တည်ခဲ့ပါတယ်။ သူဦးဆောင်တဲ့ ဖျူထိုင်းပါတီဟာ လက်ရှိမှာ ဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူရဲ့ ဖုန်ချိုင်ထိုင်းပါတီ ဦးဆောင်တဲ့ ညွန့်ပေါင်းအစိုးရထဲမှာ ပါဝင်နေပါတယ်။
ကိုးကား: AFP




















































