ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ရဲ့ နှစ်ပတ်လည် ကမ္ဘာ့ကျန်းမာရေး ညီလာခံ (WHA)ဆီ ထိုင်ဝမ် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဖို့ ခွင့်ပြုမှာ မဟုတ်ကြောင်း တရုတ် အစိုးရက သတိပေး ပြောကြားလိုက်ပါတယ်။
လာမယ့် သီတင်းပတ်မှာ ကျင်းပမယ့် WHOရဲ့ ပုံမှန် လုပ်ငန်းစဉ် အစည်းအဝေးတွေမှာ တက်ရောက်ခွင့် မရရင်တောင်မှ ဆက်စပ် အစည်းအဝေးတွေ တက်ရောက်ဖို့အတွက် ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့ဆီကို ကိုယ်စားလှယ် အဖွဲ့တစ်ခု ကျိန်းသေ စေလွှတ်မယ်လို့ ထိုင်ဝမ် အစိုးရက ပြောကြားထားတဲ့နောက် တရုတ်က အခုလို တုံ့ပြန်လာတာပါ။
တရုတ်ဟာ ထိုင်ဝမ်ကျွန်းကို ပိုင်နက်နယ်မြေအဖြစ် သတ်မှတ်ထားပြီး ထိုင်ဝမ်အစိုးရကို သံတမန်ရေးအရ ဆက်ဆံတာမျိုး မလုပ်ဖို့ နိုင်ငံတကာကို ဖိအားပေးထားပါတယ်။ တရုတ်ရဲ့ ဟန့်တားမှုကြောင့် ထိုင်ဝမ်ဟာ နိုင်ငံတကာ အစည်းအဝေး အများအပြားကိုလည်း တက်ရောက်ခွင့် မရှိပါဘူး။
ထိုင်ဝမ်ဟာ ၂၀၀၉ ကနေ ၂၀၁၆ ခုနှစ်တုန်းကတော့ အဲဒီတုန်းက သမ္မတ မာယင်ကျောက်နဲ့ တရုတ် အစိုးရကြားက သဘောတူညီမှုအရ WHAကို တက်ရောက်ခွင့် ရခဲ့ဖူးပါတယ်။

Public Service Announcement
ဒါပေမဲ့ တရုတ်က ခွဲထွက်ရေးသမားလို့ စွပ်စွဲတာ ခံရသူ ဆိုင်အင်ဝမ်က ထိုင်ဝမ်မှာ သမ္မတ ဖြစ်လာတဲ့ ၂၀၁၇ ခုနှစ်ကလို့ အဲဒီလို အစည်းအဝေး တက်ခွင့်ကို တရုတ်က ပြန်လည် ပိတ်ပင်ခဲ့ပါတယ်။ သမ္မတ ဆိုင်ရော၊ သူ့နေရာကို ဆက်ခံသူ လက်ရှိ ထိုင်ဝမ် သမ္မတ လိုင်ချင်တေးတို့ကပါ ထိုင်ဝမ်ဟာ တရုတ်ရဲ့ အစိတ်အပိုင်း ဖြစ်တယ်ဆိုတဲ့ တရုတ်ရဲ့ ဝမ်းချိုင်းနား ပေါ်လစီကို ငြင်းဆန်ခဲ့သူတွေပါ။
ဝမ်းချိုင်းနား မူဝါဒကို ကာကွယ်ဖို့၊ အဲဒီ မူဝါဒနဲ့ ပတ်သက်ပြီး တရုတ်ရဲ့ အလေးအနက်ထားမှုကို ပြသဖို့ ရည်ရွယ်ပြီး အခုနှစ် WHAမှာ ထိုင်ဝမ်ဒေသ ပါဝင်တက်ရောက်မှုကို ခွင့်မပြုဖို့ တရုတ်က ဆုံးဖြတ်ထားကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ကောင်ကျိကွန်က ပြောကြားခဲ့ပါတယ်။
ထိုင်ဝမ်ရဲ့ မြို့တော် ထိုင်ပေမှာတော့ ကျန်းမာရေးဝန်ကြီး ရှချွန်လျန့်က ကမ္ဘာကြီးမှာ ကျန်းမာရေးဆိုင်ရာ အရေးကြီး စိန်ခေါ်မှုတွေ ကြုံနေတဲ့ အချိန်မျိုးမှာ ထိုင်ဝမ်ကို WHAအတွက် ဖိတ်ခေါ်မှု မရှိခြင်းက စိတ်ပျက်စရာ၊ ရှက်စရာ ကိစ္စလို့ ဝေဖန်ခဲ့ပါတယ်။ ထိုင်ဝမ်ကို ဖယ်ထုတ်တာမျိုး မဖြစ်သင့်ကြောင်း၊ တကယ်တမ်းဆို ထိုင်ဝမ် ပါဝင်ရေးကို ပိုပြီးတော့တောင် တက်တက်ကြွကြွ အကောင်အထည် ဖော်သင့်ကြောင်းလည်း သူက ဆက်ပြောပါတယ်။
ကျန်းမာရေး ဝန်ကြီးက သူဟာ အစည်းအဝေး မတက်ရရင်တောင်မှ ကမ္ဘာအနှံ့က ကျန်းမာရေး ပညာရှင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့အတွက် အစိုးရ ကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်ပြီး ဂျနီဗာကို သွားဖို့ စီစဉ်ထားကြောင်း ဆိုပါတယ်။ ရှနဲ့အတူ ရှိနေတဲ့ နိုင်ငံခြားရေး ဝန်ကြီး လင်ချိုင်လွန်းက သူဟာလည်း အဲဒီ အဖွဲ့နဲ့အတူ ဂျနီဗာကို လိုက်သွားဖို့ စဉ်းစားထားကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
အခုနှစ် WHAကိုတော့ မေလ ၁၈ ရက်နေ့ကနေ ၂၃ ရက်နေ့ထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။
ကိုးကား: Reuters
















































