ဥဂ္ဂါ ရေးသားသည်။
မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တာ၊ ပုံမှန်ဘဏ်စနစ်နဲ့ မလုပ်နိုင်တဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပို့ဆောင်ရာမှာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍကို ဆက်လက်ထမ်းဆောင်နေဆဲ ဖြစ်ပါတယ်။ အထူးသဖြင့် အဲဒီဒေသတွေမှာ စစ်အုပ်စုထိန်းချုပ်ထားတဲ့ ဘဏ်စနစ်ကို အသုံးပြုဖို့ မဖြစ်နိုင်သလောက် ခက်ခဲနေပါတယ်။
ဒီသုံးသပ်ချက်ဟာ East Asia Forum ရဲ့ မြန်မာ့ဟွန်ဒီငွေလွှဲစနစ်ဆိုင်ရာ ဆောင်းပါးကို အခြေခံပြီး၊ လက်ရှိနှိမ်နင်းမှုတွေရဲ့ နောက်ကွယ်က အကျိုးဆက်တွေကို ပိုမိုကျယ်ပြန့်စွာ လေ့လာသုံးသပ် ထားပါတယ်။
ဟွန်ဒီကို နှိမ်နင်းပြီး စစ်အုပ်စုထိန်းချုပ်ထားတဲ့ ဘဏ်လမ်းကြောင်းတွေထဲ မဖြစ်မနေ ဝင်ရောက်အသုံးပြုစေခြင်းက စစ်အုပ်စုရဲ့ နိုင်ငံခြားငွေ စီးဆင်းမှုအပေါ် ထိန်းချုပ်နိုင်စွမ်းကို ပိုအားကောင်းလာစေပြီး၊ ပြည်သူများရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းကိုမူ လျှော့ကျစေပါတယ်။ အာဆီယံနိုင်ငံတွေအတွက်လည်း ဒီနှိမ်နင်းမှုဟာ တကယ့်ငွေကြေးခဝါချမှုကို ထိရောက်စွာ တိုက်ဖျက်နိုင်တာ မဟုတ်ဘဲ၊ ရွှေ့ပြောင်းလုပ်သားတွေကိုသာ ပိုမိုထိခိုက်စေပြီး၊ မြန်မာ့ဘဏ်စနစ်အပေါ် စစ်အုပ်စုရဲ့ ချုပ်ကိုင်နိုင်စွမ်း ပိုမိုခိုင်မာစေမယ့် အန္တရာယ်တွေကိုသာ ဖြစ်ပေါ်စေပါတယ်။

Public Service Announcement
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၎င်းတို့ ထိန်းချုပ်ထားတဲ့ ဘဏ်စနစ်အပြင်ဘက်က ငွေလွှဲပေးနေတဲ့ ဟွန်ဒီစနစ်ဟာ စစ်အုပ်စုရဲ့ အဓိကပစ်မှတ်တစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒီလိုနှိမ်နင်းရတဲ့ ရည်ရွယ်ချက်က စီးပွားရေးလုပ်ငန်းတွေနဲ့ ပြည်သူတွေ၊ အထူးသဖြင့် ရွှေ့ပြောင်းလုပ်သားတွေကို တရားဝင်ဘဏ်စနစ်ထဲ ပြန်လည်ဝင်ရောက်အသုံးပြုစေဖို့နဲ့ နိုင်ငံခြားငွေ စီးဆင်းမှုတွေကို စစ်အုပ်စုက ပိုပြီးထိန်းချုပ်နိုင်ဖို့ ရည်ရွယ်ပုံရပါတယ်။ ဒါပေမယ့် အဲဒီလုပ်ရပ်ရဲ့ အကျိုးဆက်ကိုတော့ အကျပ်အတည်း ကြုံနေရတဲ့ ဒေသတွေက အကြီးမားဆုံး ခံစားနေရပြီး၊ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ အထိပါ နောက်ဆက်တွဲ သက်ရောက်မှုတွေ ရောက်ရှိလာနေပါတယ်။
မြန်မာနိုင်ငံမှာ ဟွန်ဒီစနစ်ကို ကိုလိုနီခေတ်ကတည်းက အသုံးပြုလာခဲ့တဲ့ ရှည်လျားတဲ့ သမိုင်းကြောင်း ရှိပါတယ်။ အဲဒီအချိန်က ဘဏ်ဝန်ဆောင်မှုတွေ လူတိုင်းအလွယ်တကူ မရရှိနိုင်တာကြောင့် ပြည်သူတွေဟာ ငွေလွှဲပြောင်းမှုတွေအတွက် ဘဏ်စနစ်ပြင်ပက ကွန်ရက်တွေကို အားထားခဲ့ကြ ရပါတယ်။
ယနေ့အချိန်မှာလည်း ပြည်ပရောက် မြန်မာရွှေ့ပြောင်းလုပ်သားအများအပြားဟာ မိသားစုဆီ ငွေပြန်ပို့ရာမှာ ဟွန်ဒီစနစ်ကို အသုံးပြုနေကြဆဲ ဖြစ်ပါတယ်။ အထူးသဖြင့် စစ်ပွဲနဲ့ အကျပ်အတည်းကြောင့် ပုံမှန်ဘဏ်ဝန်ဆောင်မှု မရရှိနိုင်တဲ့ ဒေသတွေမှာ ဟွန်ဒီကွန်ရက်တွေဟာ ငွေကြေးစီးဆင်းမှုကို ဆက်လက်ထိန်းသိမ်းပေးနေတဲ့ အရေးပါတဲ့ လမ်းကြောင်းတစ်ခု ဖြစ်နေပါတယ်။
ဒါ့အပြင် ပုံမှန်ဘဏ်စနစ်ကနေ ဆောင်ရွက်ရန် ခက်ခဲတဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီပေးပို့မှုတွေမှာလည်း ဟွန်ဒီစနစ်က အခန်းကဏ္ဍတစ်ခုအဖြစ် ဆက်လက်ပါဝင်နေပါတယ်။
မြန်မာစစ်အုပ်စုထိန်းချုပ်ထားတဲ့ ဘဏ်စနစ်နဲ့ နှိုင်းယှဉ်လိုက်ရင် ဟွန်ဒီစနစ်မှာ အားသာချက်တွေ များစွာရှိပါတယ်။ အစိုးရဘဏ်စနစ် မရောက်နိုင်တဲ့ မြန်မာနိုင်ငံရဲ့ ဒေသအများအပြားအထိ ဟွန်ဒီကွန်ရက်တွေက ရောက်ရှိနိုင်သလို၊ စစ်အုပ်စု သတ်မှတ်ထားတဲ့ တရားဝင်ငွေလဲနှုန်းထက် ပိုကောင်းတဲ့ ငွေလဲနှုန်းကိုလည်း ပေးနိုင်ပါတယ်။ ဒေသတွင်း ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့ ကတောင် ဟွန်ဒီစနစ်ဟာ ရွှေ့ပြောင်းလုပ်သားတွေရဲ့ တရားဝင်ငွေလွှဲမှုတွေကို အထောက်အကူ ပြုနေတဲ့ နည်းလမ်းတစ်ခုဖြစ်ကြောင်း အသိအမှတ်ပြုထားပါတယ်။
တစ်ဖက်မှာလည်း ဟွန်ဒီကွန်ရက်တွေမှာ အန္တရာယ် မရှိတာတော့ မဟုတ်ပါဘူး။ အချို့ကွန်ရက်တွေဟာ ငွေကြေးခဝါချမှု၊ မူးယစ်ဆေးဝါးလုပ်ငန်းတွေနဲ့ ကျားဖြန့်လုပ်ငန်းတွေလို တရားမဝင် စီးပွားရေးလုပ်ငန်းတွေရဲ့ ငွေပေးချေမှုတွေကို ကူညီဆောင်ရွက်ပေးနေတာတွေ ရှိပါတယ်။ ဒီကွန်ယက်တွေဟာ စစ်အုပ်စုရဲ့ ဖိနှိပ်မှုကို စိုးရိမ်ရတာကြောင့် ဘဏ္ဍာရေးမှတ်တမ်းတွေကိုလည်း မပြည့်မစုံသာ ထားရှိကြပြီး၊ ပမာဏကြီးမားတဲ့ ဒါမှမဟုတ် သံသယဖြစ်ဖွယ် ငွေလွှဲမှုတွေကို စစ်အုပ်စုဆီ အစီရင်ခံတာမျိုးလည်း မလုပ်ကြပါဘူး။
ဒါပေမယ့် ဟွန်ဒီကို အသုံးပြုနေတဲ့ လူသားချင်းစာနာထောက်ထားမှု အဖွဲ့အစည်းအချို့ကတော့ ဝန်ဆောင်မှုမယူခင် သေချာစွာ စိစစ်အကဲဖြတ်မှုတွေ (due diligence) ပြုလုပ်ပြီး ဒီလိုစွန့်စားရမှု တွေကို တတ်နိုင်သမျှ လျှော့ချနိုင်ဖို့ ဆောင်ရွက်နေကြပါတယ်။
ဟွန်ဒီကွန်ရက်တွေကို တရားဝင်အသုံးပြုနေတဲ့ အခြေအနေတွေ ရှိနေသော်လည်း မြန်မာစစ်အုပ်စုဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ဒီစနစ်ကို ပိုမိုပြင်းထန်စွာ နှိမ်နင်းခြင်းနဲ့အတူ “တရားမဝင်” လို့ သတ်မှတ်ခဲ့ပြီး၊ သူတို့ရဲ့ အရေးယူမှုတွေကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအတွက် လုပ်ဆောင်နေခြင်း ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။
ဒါပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ငွေကြေးခဝါချမှု အန္တရာယ်တွေ ဘာကြောင့် ပိုမိုကြီးထွားလာသလဲဆိုတာ၊ အရင်က တရားဝင်အသုံးပြုနေခဲ့တဲ့ ဟွန်ဒီစနစ်ကို ဘာကြောင့် အခုမှ တရားမဝင်အဖြစ် သတ်မှတ်လာရသလဲဆိုတာကိုတော့ စစ်အုပ်စုဘက်က ရှင်းလင်းတဲ့ အကြောင်းပြချက် မပေးနိုင်သေးပါဘူး။
အမှန်တကယ်မှာတော့ စစ်အုပ်စုရဲ့ ဟွန်ဒီကွန်ရက်အပေါ် အာရုံစိုက်မှုဟာ ဒီစနစ်မှာရှိနေတဲ့ အန္တရာယ်ပမာဏနဲ့ နှိုင်းယှဉ်ရင် အလွန်အမင်း လွန်ကဲနေပါတယ်။ တကယ်လိုအပ်နေတဲ့ ဘဏ္ဍာရေးနဲ့ အိမ်ခြံမြေကဏ္ဍတွေထဲမှာ ရှိနေတဲ့ လူသိများတဲ့ ငွေကြေးခဝါချမှု ပြဿနာတွေ ဖြေရှင်းဖို့ကိုတော့ ယခုချိန်ထိ ထိရောက်တဲ့ အရေးယူမှုတွေ မပြုလုပ်သေးပါဘူး။
ဒါ့အပြင် ကျားဖြန့်စင်တာတွေနဲ့ ငွေကြေးခဝါချမှုလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲခံထားရတဲ့ ကရင်အမျိုးသားတပ်မတော် (KNA/BGF) နဲ့လည်း နီးကပ်တဲ့ ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားပါတယ်။ စစ်အုပ်စုဟာ ကျားဖြန့်လုပ်ငန်းတွေကနေ အကျိုးအမြတ် ရရှိနေတယ်လို့ စွပ်စွဲခံနေရသလို၊ စစ်အုပ်စုနဲ့ ဆက်နွယ်သူအချို့ဟာ မူးယစ်ဆေးဝါးနဲ့ ငွေကြေးခဝါချမှု ဆိုင်ရာ လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်ခဲ့တဲ့ သမိုင်းကြောင်းတွေလည်း ရှိနေပါတယ်။
ဒါကြောင့် ဟွန်ဒီကွန်ရက်တွေကို အလွန်အမင်း အာရုံစိုက်နှိမ်နင်းနေခြင်းဟာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ရည်ရွယ်ချက်တစ်ခုတည်းကြောင့် မဟုတ်ဘဲ မသမာသော အခြားရည်ရွယ်ချက်တစ်ခု ရှိနေတယ်လို့ သုံးသပ်နိုင်ပါတယ်။ အဲဒါကတော့ ပြည်သူတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို စစ်အုပ်စု ထိန်းချုပ်ထားတဲ့ ဘဏ်စနစ်ကို အသုံးပြုလာအောင် ဖိအားပေးပြီး နိုင်ငံခြားငွေ စီးဆင်းမှုတွေကို ပိုမိုထိန်းချုပ်နိုင်ဖို့ ဖြစ်ပါတယ်။
ဒီလိုလုပ်ဆောင်မှုဟာ နိုင်ငံတကာ ငွေကြေးစနစ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို မသမာတဲ့နည်းနဲ့ အသုံးချနေတဲ့ နည်းလမ်းသစ်တစ်ခု ဖြစ်ပါတယ်။
ဒီအခြေအနေကြောင့် ပြည်ပရောက် မိသားစုဝင်တွေထံက ရရှိတဲ့ငွေဟာ စစ်အုပ်စု သတ်မှတ်ထားတဲ့ ငွေလဲနှုန်းတွေကြောင့် တန်ဖိုးလျော့နည်းသွားပြီး၊ ဝင်ငွေကို မှီခိုနေရတဲ့ မိသားစုတွေရဲ့ စားဝတ်နေရေး အခြေအနေကို ပိုမို ခက်ခဲသွားစေပါတယ်။
ပြည်ပက ပြန်လွှဲပို့တဲ့ ငွေကြေးနဲ့ မိသားစုတွေရဲ့ နေထိုင်မှုအခြေအနေကြားမှာ တိုက်ရိုက်ဆက်နွယ်မှု ရှိပါတယ်။ ပြည်ပက ငွေလွှဲရရှိတဲ့ အိမ်
ထောင်စုတွေဟာ အစားအသောက်သုံးစွဲမှု ပိုမိုကောင်းမွန်ပြီး အာဟာရပြည့်ဝမှုလည်း ပိုမိုရရှိနိုင်ကြပါတယ်။ ဒါ့အပြင် နိုင်ငံတကာက ငွေလွှဲရရှိတဲ့ အိမ်ထောင်စုတွေဟာ ဆင်းရဲနွမ်းပါးမှု ကြုံတွေ့ရနိုင်ခြေ ၂၅ ရာခိုင်
နှုန်းအထိ လျော့နည်းကြောင်း လေ့လာချက်တွေက ဖော်ပြထားပါတယ်။
ဟွန်ဒီကွန်ရက်တွေကို အသုံးပြုပြီး ငွေလွှဲပို့ရတာဟာ တစ်ခုတည်းသော ရွေးချယ်စရာလို ဖြစ်နေတဲ့ စစ်မက်ဖြစ်ပွားရာဒေသတွေမှာတော့ ဒီနှိမ်နင်းမှုရဲ့ သက်ရောက်မှုက ပိုမိုပြင်းထန်ပါတယ်။ ရခိုင်ပြည်နယ်လို ဒေသတွေမှာ ပုဂ္ဂလိကဘဏ်အများစုဟာ ပိတ်ထားရပြီး၊ ပုံမှန်ဘဏ်ဝန်ဆောင်မှုတွေ ရရှိဖို့ အလွန်ခက်ခဲနေပါတယ်။
မိုဘိုင်းငွေကြေးဝန်ဆောင်မှုတွေ ဆက်လက်အသုံးပြုနိုင်တဲ့ နေရာအချို့ ရှိနေသေးပေမယ့် ငွေသား ထုတ်ယူခတွေ မြင့်မားလာတာ၊ စစ်အုပ်စုက ငွေကြေးလှုပ်ရှားမှုတွေကို ပိုမိုနီးကပ်စွာ စောင့်ကြည့် နေတာတွေကြောင့် ပြည်သူတွေအတွက် အခက်အခဲတွေ ပိုများလာပါတယ်။
ဟွန်ဒီကွန်ရက်တွေကို နှိမ်နင်းလိုက်ခြင်းဟာ ဒီလိုဒေသတွေဆီ ငွေကြေးပို့ဆောင်ဖို့ ကုန်ကျစရိတ် ပိုမိုမြင့်တက်လာစေပြီး လုပ်ရကိုင်ရ ပိုမိုခက်ခဲစေပါတယ်။ ဒါ့အပြင် အကျပ်အတည်းဖြစ်နေတဲ့ ဒေသတွေမှာ အရေးပေါ် ငွေသားအကူအညီတွေ ပေးပို့ဖို့ ဒီကွန်ရက်တွေကို အသုံးပြုနေတဲ့ လူသားချင်းစာနာထောက်ထားမှု အဖွဲ့အစည်းတွေကိုပါ ထိခိုက်စေပါတယ်။
စစ်အုပ်စုရဲ့ ဟွန်ဒီနှိမ်နင်းမှုဟာ အာဆီယံနိုင်ငံတွေအတွက်လည်း စိုးရိမ်စရာကိစ္စတစ်ခု ဖြစ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဟွန်ဒီကွန်ရက်တွေကနေတစ်ဆင့် လွှဲပြောင်းပေးနေတဲ့ ငွေကြေးတွေဟာ မြန်မာနိုင်ငံအတွင်းမှာသာ သက်ရောက်မှုရှိတာ မဟုတ်ဘဲ အာဆီယံဒေသတွင်း စီးပွားရေးနဲ့ လူမှုရေးအခြေအနေတွေနဲ့ပါ သွယ်ဝိုက်သောနည်းဖြင့် အကျိုးပြုနေပါတယ်။
ပြည်ပရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ ငွေလွှဲပို့မှုတွေဟာ မြန်မာနိုင်ငံအတွင်းက မိသားစုတွေရဲ့ စားဝတ်နေရေးကို ထောက်ပံ့ပေးနေသလို၊ အဲဒီမိသားစုတွေကနေတစ်ဆင့် အာဆီယံနိုင်ငံတွေက တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေကို ဝယ်ယူနိုင်စွမ်းလည်း တိုးမြင့်စေပါတယ်။ အထူးသဖြင့် ထိုင်းနိုင်ငံလို အိမ်နီးချင်းနိုင်ငံတွေအတွက် မြန်မာပြည်သူတွေရဲ့ ဝယ်ယူနိုင်စွမ်းဟာ ဒေသတွင်း စီးပွားရေးနဲ့ တိုက်ရိုက်ဆက်နွယ်နေပါတယ်။
ဒါတင်မက ပြည်တွင်းမှာ မိသားစုတွေကို အထောက်အပံ့ပေးနိုင်ခြင်းဟာ လူတွေကို အန္တရာယ်ရှိတဲ့ တရားမဝင် ရွှေ့ပြောင်းသွားလာမှုတွေ၊ လူကုန်ကူးခံရနိုင်ခြေတွေကနေ လျှော့ချပေးနိုင်ပါတယ်။ ဒါပေမယ့် ဟွန်ဒီစနစ်ကို ပိတ်ပင်ပြီး ရွှေ့ပြောင်းလုပ်သားတွေကို စစ်အုပ်စုထိန်းချုပ်ထားတဲ့ ငွေလွှဲလမ်းကြောင်းထဲ ဝင်ရောက်အသုံးပြုစေမယ်ဆိုရင် စစ်အုပ်စုရဲ့ အာဏာနဲ့ ထိန်းချုပ်မှုကိုသာ ပိုမိုခိုင်မာအား ကောင်းလာစေပြီး အာဆီယံရဲ့ ဘုံသဘောတူညီချက် (၅) ချက်အပေါ် မြန်မာစစ်အုပ်စုရဲ့ ငြင်းဆန်မှုကို ပိုမိုအားပေးရာ ရောက်ပါလိမ့်မယ်။
အကြောင်းကတော့ ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်တွေကို ဖြေရှင်းပေးမယ့်အစား စစ်အုပ်စုရဲ့ ထိန်းချုပ်နိုင်စွမ်းကိုသာ ပိုမိုအားကောင်းစေနိုင်တာကြောင့် ဖြစ်ပါတယ်။
နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုကွန်ရက်တွေရဲ့ ငွေကြေးစီးဆင်းမှုကို တားဆီးဖို့ မြန်မာနိုင်ငံအနေနဲ့ အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကတိပြုထားတာပေမယ့် လက်ရှိ ဟွန်ဒီနှိမ်နင်းမှုဟာ တကယ့် တရားမဝင် လုပ်ငန်းကြီးတွေကို ထိရောက်စွာ တားဆီးတာထက် ရွှေ့ပြောင်းလုပ်သားတွေရဲ့ တရားဝင် ငွေလွှဲမှုတွေကိုသာ ပိုမို ထိခိုက်စေပါတယ်။
နိုင်ငံတကာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး စံနှုန်းတွေအရ ပုံမှန်မဟုတ်တဲ့ ငွေကြေးဝန်ဆောင်မှု ပေးသူတွေကို မှတ်ပုံတင်ခွင့်ပြုခြင်း၊ စောင့်ကြည့်ထိန်းချုပ်ခြင်းတွေက ပိုမိုသင့်လျော်တဲ့ နည်းလမ်း ဖြစ်နိုင်ပါတယ်။ ဒီလိုမဟုတ်ဘဲ ဟွန်ဒီကွန်ရက်တွေကိုသာ အတင်းအကျပ် နှိမ်နင်းပြီး စစ်အုပ်စု ထိန်းချုပ်ထားတဲ့ ဘဏ်စနစ်ထဲ တွန်းပို့လိုက်ခြင်းကတော့ ရွှေ့ပြောင်းလုပ်သားတွေနဲ့ သူတို့ရဲ့ မိသားစုတွေကို စစ်အုပ်စု သတ်မှတ်ထားတဲ့ မတရားတဲ့ ငွေလဲနှုန်းတွေအောက် ရောက်ရှိသွားစေ နိုင်ပါတယ်။
အာဆီယံနိုင်ငံများအနေနဲ့လည်း တရားဝင်ငွေလွှဲမှုများနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ စီးဆင်းမှုများကို မထိခိုက်စေဘဲ၊ တကယ်အရေးကြီးတဲ့ အမှန်တကယ်ဖြစ်ပေါ်နေသော ငွေကြေးခဝါချမှုများကိုသာ ထိရောက်စွာ တားဆီးနိုင်ရေးအပေါ် အာရုံစိုက်သင့်ပါတယ်။
ဒါ့အပြင် အာဆီယံနိုင်ငံတွေဟာ ကိုယ့်နိုင်ငံတွေရဲ့ မူဝါဒတွေကို ပြန်လည်သုံးသပ်ပြီး တရားဝင် ဟွန်ဒီငွေလွှဲစနစ်တွေကို ဘယ်လိုနည်းလမ်းနဲ့ ခွင့်ပြုနိုင်မလဲဆိုတာ ရှာဖွေသင့်ပါတယ်။ တစ်ဖက်မှာလည်း ပြည်သူတွေဟာ စစ်အုပ်စု ထိန်းချုပ်ထားတဲ့ ဘဏ်နဲ့ ငွေကြေးစနစ်တွေကို မယုံကြည်တော့ဘဲ ဟွန်ဒီစနစ်ကို ဘာကြောင့် အသုံးပြုနေရသလဲဆိုတဲ့ အခြေခံအကြောင်းရင်းကို ဖြေရှင်းဖို့ မြန်မာစစ်အုပ်စုကို ဖိအားပေးနိုင်ပါတယ်။
East Asia Forum ကတော့ အာဆီယံစီးပွားရေးအသိုက်အဝန်းနဲ့ ကိုက်ညီတဲ့ ပွင့်လင်းပြီး တည်ငြိမ်တဲ့ စီးပွားရေးစနစ်ကို ပြန်လည်တည်ဆောက်နိုင်မှသာ ဟွန်ဒီစနစ်အပေါ် ပြည်သူတွေရဲ့ မှီခိုအားထားမှုကို တားမြစ်နှိမ်နင်းမှုတွေထက် ပိုမိုထိရောက်စွာ လျှော့ချနိုင်မယ်လို့ သုံးသပ်ထားပါတယ်။
သို့သော် လက်ရှိ စစ်အာဏာရှင်စနစ်အောက်မှာတော့ ပြည်သူတွေ ယုံ
ကြည်အားထားနိုင်တဲ့ ပွင့်လင်းတည်ငြိမ်တဲ့ ငွေကြေးနဲ့ ဘဏ္ဍာရေးစနစ်တစ်ခု ပေါ်ပေါက်လာနိုင်မယ့် အခြေအနေ မရှိပါဘူး။
ကိုးကား – East Asia Forum



















































