Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တစ်ညတည်းမှာတင် ရုရှားကို ဒရုန်းပေါင်း ၁၀၀၀ ကျော်နဲ့ ယူကရိန်း တိုက်ခိုက်

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - Reuters

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

အဲဒီထဲက ရာဂဏန်း တော်တော်များများဟာ မြို့တော် မော်စကိုဆီ ဦးတည် ပျံသန်းခဲ့တာပါ။ ဒါဟာ ၂၀၂၂ နှစ်ဆန်းပိုင်းမှာ စတင်ခဲ့တဲ့ ရုရှားကျူးကျော်စစ် ကာလတလျှောက် မော်စကို မြို့တော်ထိ ယူကရိန်းက လက်တုံ့ပြန် တိုက်ခိုက်ဖူးသမျှ အတိုင်းအတာ ပမာဏ အကြီးမားဆုံး စစ်ရေးထိုးနှက်မှု တစ်ခုလည်း ဖြစ်လာပါတယ်။

ရုရှားစစ်တပ် ထိန်းချုပ်ထားရာ ယူကရိန်း နယ်မြေတွေ အပါအဝင် ဒေသတချို့မှာ ကျင်းပတဲ့ ရုရှား လွှတ်တော် ရွေးကောက်ပွဲတွေရဲ့ နောက်ဆုံးနေ့ဖြစ်တဲ့ စက်တင်ဘာ ၂၀ ညပိုင်းမှာ ယူကရိန်းက အခုလို ဒရုန်းတွေ အမြောက်အမြားနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

မော်စကို မြို့တော်ဝန်ရုံးကတော့ မော်စကိုမှာ တွေ့ဖူးသမျှ အကြီးမားဆုံး ဒရုန်းတိုက်ခိုက်မှုအတွင်း ရေနံချက် စက်ရုံတစ်ခု ထိခိုက် ပျက်စီးခဲ့ကြောင်း ပြောပါတယ်။ ပိုပြီး ကျယ်ပြန့်တဲ့ မော်စကို အုပ်ချုပ်ရေး နယ်မြေတစ်ခုလုံး အတိုင်းအတာမှာတော့ ယူကရိန်း ဒရုန်းတွေကြောင့် ၂ ဦးသေ၊ ၂၀ ဝန်းကျင် ဒဏ်ရာရပြီး အပျက်အစီးတွေလည်း ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

လွန်ခဲ့တဲ့ ၅ နှစ်နီးပါးလောက်က စတင်ခဲ့တဲ့ ရုရှားရဲ့ ကျူးကျော်စစ်ကို ခုခံတွန်းလှန်ရင်း ယူကရိန်းဟာ ကမ္ဘာပေါ်မှာ စစ်သုံးနည်းပညာနဲ့ ဒရုန်းစစ်ဆင်ရေး အတွေ့အကြုံတွေမှာ ကမ္ဘာ့ရှေ့ဆောင် နိုင်ငံတစ်ခု ဖြစ်လာခဲ့ပါတယ်။ နောက်ပိုင်း လတွေအတွင်း ယူကရိန်းရဲ့ တာဝေးပျံသန်းနိုင်တဲ့ ဒရုန်းတွေဟာ ရုရှားပိုင်နက် အတွင်းပိုင်းထိ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်ပြီး စစ်ရေးနဲ့ မဟာဗျူဟာ ပစ်မှတ်တွေကို ချေမှုန်းနိုင်စွမ်း ရှိလာပါတယ်။

စက်တင်ဘာ ၂၀ ရက်နေ့ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ထုတ်ပြန်ရာမှာတော့ ဒရုန်းတွေသာ မကဘဲ ဒုံးကျည်တွေကိုပါ အသုံးပြု ပစ်ခတ်ခဲ့တယ်လို့ ပါရှိပါတယ်။ အထူးသဖြင့် ရုရှားရဲ့ လောင်စာ ထုတ်လုပ်ရေးနဲ့ ထောက်ပံ့ ပို့ဆောင်ရေး အဆောက်အအုံတွေကို ယူကရိန်း ပြည်တွင်းဖြစ် Flamengoနဲ့ Pelican ဒုံးကျည်တွေ အသုံးပြု ဖျက်ဆီးနိုင်ခဲ့ကြောင်း ဇီလန်စကီးက ဆိုပါတယ်။

အခုတိုက်ခိုက်မှုဟာ ရုရှားရဲ့ ကျူးကျော်စစ်ပွဲကို ရန်ပုံငွေ ဖြည့်တင်းပေးနေတဲ့ ယန္တရားကြီးမှာ ဒေါ်လာ ဘီလီယံနဲ့ချီ များပြားတဲ့ ဆုံးရှုံးမှုတွေကို ဖြစ်ပေါ်စေခဲ့တယ်လို့လည်း သူက ပြောကြားခဲ့ပါတယ်။

အဲဒီနေ့မှာပဲ ဇီလန်စကီးက သူဟာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ ဖုန်းဆက် ဆွေးနွေးခဲ့ကြောင်း လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။ သူနဲ့ ထရမ့်တို့ဟာ အခုသီတင်းပတ်အတွင်း အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ကျင်းပမယ့် ကုလသမဂ္ဂ ညီလာခံ တက်ရောက်ရင်း တွေ့ဆုံကြဖို့ ချိန်းဆိုထားကြောင်းလည်း ဇီလန်စကီးက အတည်ပြုသွားပါတယ်။

ကိုးကား: PBS

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ယူကရိန်း အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။