Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နှစ် ၇၀ လောက် သက်တမ်းရှိတဲ့ ဗုံးကြဲလေယာဉ်ကြီးတွေကို ၂၀၅၀ ထိ ဆက်သုံးနိုင်အောင် အဆင့်မြှင့်မယ့် အမေရိကန်

နှစ်ပေါင်း ၇၀ လောက် အသုံးပြုခဲ့ပြီးဖြစ်တဲ့ B-52 Stratofortress ဗုံးကြဲလေယာဉ်ကြီးတွေကို အနည်းဆုံး ၂၀၅၀ ပြည့်လွန် နှစ်တွေထိ ဆက်လက် သုံးစွဲနေနိုင်မယ့် မွမ်းမံ အဆင့်မြှင့်တင်ရေး အစီအမံကို အမေရိကန် လေတပ်က စတင် အကောင်အထည် ဖော်နေပါတယ်။

ဓာတ်ပုံ - U.S. Department of War

နှစ်ပေါင်း ၇၀ လောက် အသုံးပြုခဲ့ပြီးဖြစ်တဲ့ B-52 Stratofortress ဗုံးကြဲလေယာဉ်ကြီးတွေကို အနည်းဆုံး ၂၀၅၀ ပြည့်လွန် နှစ်တွေထိ ဆက်လက် သုံးစွဲနေနိုင်မယ့် မွမ်းမံ အဆင့်မြှင့်တင်ရေး အစီအမံကို အမေရိကန် လေတပ်က စတင် အကောင်အထည် ဖော်နေပါတယ်။

အမေရိကန် လေတပ်ဟာ ရန်သူ့ရေဒါနဲ့ ထောက်လှမ်းမှုတွေကို ရှောင်ကွင်းနိုင်ပြီး အဆင့်အမြင့်ဆုံး စစ်ရေးနည်းပညာတွေ ပိုင်ဆိုင်ထားတဲ့ မျိုးဆက်သစ် B-21 Raider ဗုံးကြဲလေယာဉ် အသစ်တွေကို ထုတ်လုပ်ဖို့ ပြင်ဆင်နေပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း ကာလရှည်ကြာ အားကိုးခဲ့ရတဲ့ B-52တွေကို အနားမပေးနိုင်သေးဘဲ ခေတ်နဲ့အညီ မွမ်းမံ အဆင့်မြှင့်ပြီး နောက်ထပ် ဆယ်စုနှစ်တွေနဲ့ချီ ကြာအောင် ဆက်လက် အသုံးပြုဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

ပထမဆုံး B-52တွေ ပျံသန်းခဲ့တာဟာ ၁၉၅၂ ခုနှစ်တုန်းပါ။ အခုအချိန်ထိ အဲဒီ လေယာဉ်ကြီးတွေဟာ အမေရိကန် လေတပ်ရဲ့ အရေးအပါဆုံး တိုက်ခိုက်ရေး မဏ္ဍိုင်တွေအဖြစ် အသုံးတော် ခံနေဆဲ ဖြစ်ပါတယ်။ B-52တွေဟာ ရန်သူ့ လေကြောင်း ကာကွယ်ရေး စနစ်တွေ သိပ်သိပ်သည်းသည်း ဖြန့်ကျက်မထားတဲ့ နေရာမျိုးတွေမှာ ပျံသန်းရင်း တာဝေးကနေ တိုက်ခိုက်နိုင်တဲ့ စစ်ဆင်ရေး စွမ်းဆောင်ရည်မျိုးကို ပိုင်ဆိုင်ထားပါတယ်။

ဒါပေမဲ့လည်း ဒီအခြေအနေဟာ လာမယ့် ဆယ်စုနှစ်တွေအတွင်း ပြောင်းလဲလာမယ့် စစ်ဆင်ရေးတွေအတွက် မလုံလောက်တော့ဘူးလို့ ယူဆတဲ့အတွက် အမေရိကန် လေတပ်ဟာ B-52တွေရဲ့ သမိုင်းတလျှောက်မှာ အကြီးကျယ်ဆုံး အကြီးစား မွမ်းမံပြင်ဆင်မှုတွေ လုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် လေတပ်ဟာ လက်ရှိ အသုံးပြုနေတဲ့ B-52H ဗုံးကြဲလေယာဉ်ကြီး ၇၆ စီး စလုံးကို B-52J အဆင့် မြှင့်တင်ဖို့ ဆုံးဖြတ်ထားပါတယ်။ အဲဒီ အဆင့်မြှင့်တင်မှု စီမံကိန်းမှာတော့ အင်ဂျင်၊ ရေဒါ၊ ထိန်းချုပ်စနစ်နဲ့ လက်နက်တပ်ဆင်နိုင်စွမ်း စတာတွေက စွမ်းဆောင်ရည်ပိုင်း သိသိသာသာ ပိုကောင်းလာမှာ ဖြစ်ပါတယ်။

ပထမဆုံး အနေနဲ့ B-52တွေမှာ တပ်ဆင်ထားတဲ့ ဂန္ထဝင်မြောက် Pratt & Whitney TF33 အင်ဂျင် ၈ လုံးစလုံးကို Rolls-Royce F-130 Turbofan အင်ဂျင်တွေနဲ့ အစားထိုး လဲလှယ်သွားမှာ ဖြစ်ပါတယ်။ အင်ဂျင် အသစ်တွေဟာ အရပ်ဖက် ခရီးသည်တင် လေယာဉ်တွေမှာ အသုံးပြုတဲ့ အမျိုးအစားကို စစ်ရေးလိုအပ်ချက်နဲ့ ကိုက်ညီအောင် ပြင်ဆင်ထားတာဖြစ်ပြီး B-52တွေရဲ့ လောင်စာ သုံးစွဲမှုကို လက်ရှိထက် ၃၀ ရာခိုင်နှုန်း လျှော့ချပေးပြီး စစ်ဆင်ရေး ပျံသန်းနိုင်မှု အကွာအဝေးကိုလည်း မြှင့်တင်ပေးမှာ ဖြစ်ပါတယ်။ အင်ဂျင် အသစ်တွေဟာ စွမ်းဆောင်ရည်ပိုင်းမှာ ပိုမို ယုံကြည်စိတ်ချရသလို လေယာဉ်ကို ဆီမဖြည့်ဘဲ မိုင် ၈၈၀၀ လောက်ထိ ဆက်တိုက် ပျံသန်းနိုင်အောင် ကူညီပေးမှာ ဖြစ်ပါတယ်။

နောက်ပြီး B-52တွေမှာ အသုံးပြုနေတဲ့ ၁၉၈၀ ပြည့်လွန်နှစ် နည်းပညာသုံး APQ-166 analog ရေဒါတွေကိုလည်း APQ-188 AESA ခေတ်မီ ရေဒါစနစ်နဲ့ အစားထိုးသွားမှာ ဖြစ်ပါတယ်။ အဲဒီ ရေဒါမှာ ပါဝင်တဲ့ အာရုံခံ စနစ်တွေဟာ ပိုမိုတိကျတဲ့ အချက်အလက်တွေကို ပိုမိုကွာဝေးတဲ့ အတိုင်းအတာထိ ထောက်လှမ်းနိုင်ပြီး မြေပြင်အနေအထားကို scanဖတ် မှတ်သားတာ၊ ရေပြင်ပစ်မှတ်တွေကို ပိုင်းခြားဆုံးဖြတ်တာတွေကို ပိုပြီး မြန်မြန်ဆန်ဆန် လုပ်ဆောင်လာနိုင်မယ်လို့ ဆိုပါတယ်။ တိုက်ခိုက်ရေး မစ်ရှင်တွေမှာလည်း ပစ်မှတ်တွေကို ခွဲခြားမှတ်သားနိုင်စွမ်းကို ရေဒါအသစ်က အများကြီး အထောက်အကူပြု ပံ့ပိုးပေးမှာပါ။

တတိယမြောက် အားဖြည့်မှုကတော့ လေယာဉ်မှူးရဲ့ ထိန်းချုပ်ခန်း တစ်ခုလုံးကို အကြီးအကျယ် မွမ်းမံပြီး ဒစ်ဂျစ်တယ် စနစ်တွေနဲ့ အစားထိုးဖို့ ဖြစ်ပါတယ်။ ပြီးတော့ ပျံသန်းမှု ထိန်းချုပ်ရေး စနစ်တွေကိုလည်း ပိုမိုခေတ်မီတဲ့ နည်းပညာတွေနဲ့ ပေါင်းစပ်ပေးသွားမှာပါ။

နောက်ပြီး လေယာဉ်ရဲ့ အတွင်းပိုင်း လက်နက်တင်ဆောင်နိုင်စွမ်းကိုလည်း မြှင့်တင်သွားမှာ ဖြစ်တာကြောင့် စမတ်နည်းပညာသုံး စစ်လက်နက်တွေ သယ်ဆောင်နိုင်မှုကို လက်ရှိထက် ၆၆ ရာခိုင်နှုန်းလောက် ထပ်မံချဲ့ထွင်နိုင်မယ်လို့ သိရပါတယ်။

လေယာဉ်ရဲ့ ဆက်သွယ်ရေး၊ အာရုံခံစနစ်၊ ကာကွယ်ရေးစတဲ့ ကဏ္ဍအားလုံးမှာလည်း သီးခြား အဆင့်မြှင့်တင်မှုတွေ ပါဝင်လာမှာဖြစ်ပြီး ၂၀၃၀ ပြည့်နှစ် မတိုင်ခင် B-52 အားလုံးကို B-52Jအဆင့် မြှင့်တင်နိုင်ဖို့ လေတပ်က မျှော်လင့်ထားပါတယ်။

နှစ် ၇၀ လောက် သက်တမ်းရှိနေတဲ့ လေယာဉ်တွေမှာ အဆင့်အမြင့်ဆုံး နည်းပညာတွေ ပေါင်းစပ်ဖို့ သက်သက်အတွက် ဒေါ်လာ ၂၀.၂ ဘီလီယံလောက် ကုန်ကျမှာဖြစ်ပြီး B-52J စီမံကိန်း တစ်ခုလုံးရဲ့ လျာထား သက်တမ်းတလျှောက် စုစုပေါင်း ကုန်ကျစရိတ်ကတော့ ဒေါ်လာ ၄၈.၆ ဘီလီယံလောက်ထိ များပြားနိုင်ကြောင်းလည်း သိရပါတယ်။

ကိုးကား: Army Recognition

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အိမ်ဖြူတော်နားမှာ ဆောက်လုပ်မယ့် အောင်ပွဲ အထိမ်းအမှတ် မုခ်ဦးကြီးဟာ စစ်အခြေစိုက် စခန်းတစ်ခု အဖြစ်ပါ အသုံးချနိုင်ဖို့ ရည်ရွယ်ပြီး မူလစီမံကိန်းကို နှစ်ဆချဲ့ထွင်လာနိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒိန်းမတ်ပိုင် ဂရင်းလန်ကျွန်းရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဒိန်းမတ် အစိုးရတို့ကြား ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ပြီလို့ အသီးသီး ကြေညာခဲ့ပါတယ်။

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်