Connect with us

Hi, what are you looking for?

သတင်း

မြောက်ဒဂုံမှာ ထမင်းစားနေတဲ့လူငယ်ကို အိမ်ပေါ်တက်လက်ထိပ်ခတ်​ပြီးစစ်မှုထမ်းဖို့ခေါ်​ဆောင်

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်က နေအိမ်မှာ ထမင်းစားနေတဲ့လူငယ်တစ်ဦးကို အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က ဝင်ဖမ်းပြီး လက်ထိပ်ခတ်ကာ စစ်မှုထမ်းဖို့ ​ခေါ်​ဆောင်သွားကြောင်း မိသားစုဝင်တွေက ပြောပါတယ်။

(အဖမ်းခံရတဲ့ လူငယ်မိသားစုက ဆရာ​တော်ထံ​လျှောက်ထားစဥ်)

မေလ-၁၃၊၂၀၂၆။ဟာနာဆန်/People’s Spring

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်က နေအိမ်မှာ ထမင်းစားနေတဲ့လူငယ်တစ်ဦးကို အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က ဝင်ဖမ်းပြီး လက်ထိပ်ခတ်ကာ စစ်မှုထမ်းဖို့ ​ခေါ်​ဆောင်သွားကြောင်း မိသားစုဝင်တွေက ပြောပါတယ်။

ရန်ကုန်မြို့ပေါ်မှာ ဖြစ်ပွားခဲ့တဲ့ နေအိမ်ပေါ်တက် ပေါ်တာဆွဲဖမ်းဆီးမှုကို ဦးသမာဓိဆိုတဲ့ Facebook အကောင့်ကနေမေလ ၁၂ ရက်မှာ ရုပ်သံမှတ်တမ်းနဲ့တကွ တင်ခဲ့တာဖြစ်ပါတယ်။

အဆိုပါရုပ်သံမှတ်တမ်းနဲ့အတူ စစ်မှုထမ်းဥပဒေကိုအကြောင်းပြုပြီး မြန်မာနိုင်ငံအတွင်းရှိအရွယ်ရောက်သူတိုင်း ၎င်းတို့ရဲ့ မိသားစုဝင်အားလုံးစိတ် သောကရောက်နေရကြောင်း၊ ထမင်းစားနေစဥ် အပြစ်မရှိသူကို ရာဇဝတ်သားကဲ့သို့လာရောက်ဖမ်းဆီးသွားတာဖြစ်ကြောင်း ရေးသားထားပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီရုပ်သံမှာ သံဃာတစ်ပါးဆီကို ပေါ်တာဆွဲခံရတဲ့သားဖြစ်သူရဲ့မိခင်က လာရောက်လျှောက်ထားကာအကူညီတောင်းခဲ့တာဖြစ်ပြီး ဘေးမှာလည်း မိသားစုဝင်လို့ယူဆရတဲ့ကလေးမိခင်တစ်ဦးကိုပါတွေ့ရပါတယ်။

ပေါ်တာဆွဲခံရတဲ့သူရဲ့မိခင်က ပြောပြရာမှာ ပြီးခဲ့တဲ့ မေလ ၈ ရက် ည ၉ နာရီခွဲခန့်က ဒဂုံမြို့သစ်မြောက်ပိုင်း၊ အနော်ရထာလမ်း၊ ၅၀ ရပ်ကွက်က ၎င်းတို့ နေအိမ်ကို ၎င်းရပ်ကွက်က အုပ်ချုပ်ရေးမှူးဦးလှစိန်အပါအဝင် သိန်းထိုက်၊ နေဝင်းမောင်၊ အောင်ကိုလတ်တို့ ရောက်ရှိလာကြောင်း၊ ထို့နောက် ထမင်းစားနေတဲ့ သားဖြစ်သူ အသက် ၃၁ နှစ်အရွယ် ကိုကျော်ကျော်အောင်ဆိုသူကို လက်ထိပ်ခတ်ကာ စစ်မှုထမ်းဖို့ ဖမ်းဆီးသွားတာဖြစ်ကြောင်း ဖမ်းဆီးခံရသူရဲ့ မိခင်က ပြောပါတယ်။

“လာဦးဆင်းလာဦးဆိုပြီး အောက်လည်းကျရော နေဝင်းမောင်က လက်ထိပ်ခတ်ပါတယ်။… နှစ်ဖက်စလုံး လက်ထိပ်ခတ်ခေါ်တယ်”လို့ မိခင်က ပြောပါတယ်။

ဖမ်းဆီးခံရသူဟာ အိမ်ထောင်ရှိပြီး ကလေး ၃ ယောက်ဖခင်ဖြစ်ကြောင်း သိရပါတယ်။

“စစ်မှုထမ်းထဲကိုထည့်မလိုခေါ်တာ။ နင်တို့မေးစရာအကြောင်းမရှိဘူးတဲ့။…လိုက်တောင်းပန်တော့ ရိုက်မယ်နှက်မယ်လုပ်တာ”လို့ မိခင်ဖြစ်သူက ဆရာတော်ကို လျှောက်ထားခဲ့ပါတယ်။

အဆိုပါလူငယ်ကို မြောက်ဒဂုံအထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ပို့ဆောင်ခဲ့ပြီး နောက်တနေ့မနက် မိသားစုဝင်တွေ တွေ့ခွင့်ရတဲ့အခါ အုပ်ချုပ်ရေးမှူးက ရောင်းစားလိုက်တာလို့ ပြောဆိုခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

“ကောင်လေးကို မင်းတပ်ထဲကိုဝင်ရမယ်လို့ပြောတယ်တဲ့။ ကောင်လေးက ကျွန်တော့်မှာအဘွားကြီးလုပ်ကျွေးနေရတာ ကလေးကလည်း ၃ ယောက်နဲ့ ဘယ်လိုမှမဝင်နိုင်ဘူးလို့ ပြောတယ်တဲ့။ မဝင်နိုင်လည်းပဲ ဟိုမှာငါကရောင်းစားပြီးသွားပြီလို့ ပြောတယ်ဥက္ကဌက။”လို့ မိခင်ဖြစ်သူက ပြောပါတယ်။

မိခင်ဘေးနားမှာ ထိုင်နေတဲ့ အမျိုးသမီးက “သိန်း ၈၀နဲ့”လို့ ဝင်ရောက်ပြောဆိုခဲ့တာ တွေ့ရပါတယ်။ ဆရာတော်ကတော့ ငွေကြေးကိစ္စနဲ့ပတ်သက်ပြီး ဆက်လက်မေး​မြန်းတာ မတွေ့ရပါဘူး။

ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း ရန်ကုန်က ဆင်ခြေဖုံးရပ်ကွက်တွေမှာအလုပ်သမားတချို့ ပျောက်ဆုံးခဲ့ပြီး စစ်မှုထမ်းဖို့ ပေါ်တာဆွဲခံလိုက်ရပါသေးတယ်။ စစ်ကောင်စီဟာ ဧပြီလထဲမှာပဲ စစ်မှုထမ်း အပတ်စဥ် (၂၄)ကို စတင်ခဲ့ပြီဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က အင်အား ၅၀ဝ ခန့် ထပ်မံရောက်ရှိလာပြီး စစ်မှုထမ်းတပ်သားသစ်တွေလည်း ပါဝင်လာကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဖို့ လူငယ်တွေအမြန်ပို့ဖို့ တောင်းခံပြီးနောက် စစ်မှုထမ်း လူစုပေးနေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ညီဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ ထောင်ကျခံပြီးသား တပ်ပြေးတစ်ဦးကို စသ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးက ဖမ်းဆီးပြီး စစ်မှုထမ်းထဲ ပြန်ထည့်လိုက်ကြောင်း Voice Of Mandalay အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ စစ်မှုထမ်းအပတ်စဥ် (၂၇)အတွက် လူငယ်တွေ အမြန်ပို့ပေးဖို့နဲ့ ပျက်ကွက်ရင်အရေးယူမယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က ခြိမ်းခြောက်ထားကြောင်း သတင်းရရှိပါတယ်။