Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်ဝမ်အရေးမှာ ခြေလှမ်းမမှားဖို့ ထရမ့်ကို ရှီကျင့်ဖျင် သတိပေး

ထိုင်ဝမ် အရေးနဲ့ ပတ်သက်ပြီး ခြေလှမ်းမမှားဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တရုတ် သမ္မတ ရှီကျင့်ဖျင်က သတိပေး ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - AP

ထိုင်ဝမ် အရေးနဲ့ ပတ်သက်ပြီး ခြေလှမ်းမမှားဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တရုတ် သမ္မတ ရှီကျင့်ဖျင်က သတိပေး ပြောကြားခဲ့ပါတယ်။

မေလ ၁၄ ရက် မနက်ပိုင်းက ဘေဂျင်းမှာ ပြုလုပ်ခဲ့တဲ့ နှစ်နိုင်ငံ ခေါင်းဆောင်တွေကြား ထိပ်သီး အစည်းအဝေးမှာ ရှီက အခုလို ပြောဆိုခဲ့တာလို့ သိရပါတယ်။ ထိုင်ဝမ်နဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ မှားယွင်းတဲ့ ရွေးချယ်မှုတိုင်းဟာ ကမ္ဘာပေါ်မှာ စီးပွားရေးအင်အား အတောင့်တင်းဆုံး စူပါပါဝါ နိုင်ငံကြီး နှစ်ခုကြားမှာ ပဋိပက္ခတွေ ဖြစ်သွားစေနိုင်တယ်လို့ ရှီက ပြောဆိုခဲ့ပါတယ်။

တရုတ်ဟာ ထိုင်ဝမ်ကျွန်းကို ပိုင်နက်နယ်မြေ တစ်ခုအဖြစ် သတ်မှတ်ထားပြီး ထိုင်ဝမ်ကတော့ သီးခြားလွတ်လပ်တဲ့ အချုပ်အခြာ အာဏာပိုင် ရပ်တည်မှုမျိုးကို လိုလားနေပါတယ်။ အမေရိကန်က ထိုင်ဝမ်ဟာ တရုတ်ရဲ့ အစိတ်အပိုင်းဆိုတာ မူအားဖြင့် လက်ခံထားပေမယ့် ဒီမိုကရေစီ ထွန်းကားတဲ့ ကျွန်းနိုင်ငံနဲ့ သီးခြားထိတွေ့ ဆက်ဆံမှုတွေ ရှိနေသလို လက်နက်တွေလည်း ရောင်းချပေးနေပါတယ်။

ထိုင်ဝမ်နဲ့ ပတ်သက်တဲ့ မေးခွန်းတွေဟာ တရုတ်-အမေရိကန် ဆက်ဆံရေးမှာ အရေးအကြီးဆုံး ကိစ္စဖြစ်ကြောင်း ရှီက ထရမ့်ကို ပြောဆိုခဲ့တယ်လို့ တရုတ် အစိုးရ မီဒီယာက ဖော်ပြခဲ့ပါတယ်။ ထိုင်ဝမ် အရေးမှာ ကိုင်တွယ်ပုံမှားရင် အမေရိကန်နဲ့ တရုတ်ဟာ ထိပ်တိုက်တွေ့ကြရုံသာ မကဘဲ အခန့်မသင့်ရင် ပဋိပက္ခ အဆင့်ထိပါ ရောက်သွားနိုင်ကြောင်း၊ ဒါဆိုရင် နှစ်ဖက် ဆက်ဆံရေးဟာ ပိုပြီး အန္တရာယ် များသွားစေနိုင်ကြောင်း ရှီက ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်နဲ့ ရှီတို့ရဲ့ အဖွင့်တွေ့ဆုံ ဆွေးနွေးမှုဟာ ၂ နာရီနဲ့ ၁၅ မိနစ် ကြာမြင့်ခဲ့ပါတယ်။ ထရမ့်ဟာ မေလ ၁၅ ရက်နေ့ထိ ဘေဂျင်းမှာ ဆက်ရှိနေပြီး ရှီနဲ့ နောက်ထပ် တွေ့ဆုံ ဆွေးနွေးမှုတွေအတွက် စီစဉ်ထားပါတယ်။

ထရမ့်ရဲ့ တရုတ် ခရီးစဉ်မှာ နှစ်နိုင်ငံ ကုန်သွယ်ရေး၊ အီရန်စစ်ပွဲနဲ့ ထိုင်ဝမ်အရေးတွေဟာ အဓိက ညှိနှိုင်းအဖြေရှာရမယ့် ကဏ္ဍတွေ ဖြစ်နိုင်ကြောင်း ခန့်မှန်းမှုတွေလည်း ရှိနေပါတယ်။

မေလ ၁၄ ရက် မနက်ပိုင်းက ထရမ့်ကို တွေ့ဆုံပြီး ကိုယ်တိုင် ကြိုဆိုခဲ့တဲ့နောက် ရှီက အမေရိကန်နဲ့ တရုတ်တို့ဟာ နိုင်ငံတကာ တည်ငြိမ်ရေးအတွက် ပိုပြီး ပူးပေါင်း ဆောင်ရွက်သင့်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ပူးပေါင်း ဆောင်ရွက်မှုတွေက နှစ်နိုင်ငံစလုံးကို အကျိုးဖြစ်ထွန်းစေမယ့် ထိပ်တိုက်တွေ့မယ့် လမ်းစဉ်ကတော့ အကျိုးယုတ်မှုတွေကိုပဲ ဦးတည်သွားစေလိမ့်မယ်လို့လည်း ရှီက ထောက်ပြခဲ့ပါတယ်။

ရှီနဲ့ ထရမ့်ရဲ့ တွေ့ဆုံမှုမှာ အီရန်စစ်ပွဲ ကိစ္စဟာလည်း အရေးအကြီးဆုံး ဆွေးနွေးမှု ခေါင်းစဉ်တစ်ခု ဖြစ်လာဖွယ် ရှိနေပါတယ်။ ထရမ့်ကတော့ အီရန်စစ်ပွဲကို ရပ်တန့်မယ့် သဘောတူညီမှုတစ်ခု ရရှိလာစေရေးအတွက် တရုတ်က ကြားဝင် စေ့စပ်ပေးဖို့ အကူအညီ တောင်းမှာ မဟုတ်ဘူးလို့ ခရီးစဉ် မတိုင်ခင်မှာ ပြောကြားထားပါတယ်။ အီရန်ကိစ္စမှာ အမေရိကန်ဟာ ဘယ်သူ့ အကူအညီကိုမှ မလိုကြောင်း၊ အီရန်အပေါ် အမေရိကန်က အသာစီး ရနေနှင့်ပြီးသားဖြစ်ကြောင်း ထရမ့်က ဆိုပါတယ်။

ဒါပေမဲ့ တရုတ်အပေါ် ခါးသီးတင်းမာတဲ့ သဘောထားရှိသူလို့ လူသိများတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုကတော့ ထရမ့်ရဲ့ ခရီးစဉ်ကနေ အီရန်ကိစ္စမှာ တရုတ်ဆီက ပိုပြီး တက်ကြွတဲ့ ပါဝင်မှုမျိုး ရှိလာအောင် ဆွဲဆောင်နိုင်ဖို့ မျှော်လင့်ထားကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။ တရုတ်ဟာ အီရန်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိနေသလို အီရန်ရေနံတွေကို အများဆုံး ဝယ်ယူနေတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

ထရမ့်ရဲ့ ဘေဂျင်း ခရီးစဉ်အတွင်း နှစ်နိုင်ငံကြား စိုက်ပျိုးရေး၊ လေကြောင်းနဲ့ တခြားစက်မှုနဲ့ နည်းပညာ ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူ စာချုပ်တွေကို လက်မှတ်ရေးထိုး ဖြစ်လိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

သတင်း

အမေရိကန် သမ္မတရဲ့ ညွှန်ကြားချက်အရ မြန်မာ အပါအဝင်နိုင်ငံ​ပေါင်း ၂၃ ခုကို ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်ရာ၊ ဖြတ်သန်းသယ်ယူ ပို့ဆောင်ရာနိုင်ငံတွေအဖြစ်သတ်မှတ်ကြောင်းအမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကစက်တင်ဘာ ၁၅ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။

ဆောင်းပါး

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က မြန်မာနိုင်ငံကို ကမ္ဘာ့တရားမဝင် မူးယစ်ဆေးဝါး အဓိက ထုတ်လုပ်ရာနှင့် သယ်ယူဖြန့်ဖြူးရာ နိုင်ငံတစ်ခုအဖြစ် သတ်မှတ်လိုက်ကြောင်း အိမ်ဖြူတော်ကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကုန်းပိတ် ဒေသတွေကို ပင်လယ်နဲ့ ရေလမ်းကြောင်း တိုက်ရိုက် ဆက်စပ်ပေးမယ့် တူးမြောင်းကြီး တစ်ခုကို တရုတ်က စတင်ဖွင့်လှစ်လိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။