မေ-၁၅၊၂၀၂၆။ဒလပန်း/People’s Spring
ပဲခူးတိုင်း၊ပြည်ခရိုင်၊ပေါင်းတည်မြို့နယ်အတွင်းကို နယ်မြေရှင်းလင်းဖို့ ဝင်ရောက်လာတဲ့ စစ်တပ် စစ်ကြောင်းတိုက်ခိုက်ခံခဲ့ရပြီးစစ်တပ်တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့မေလ ၁၁ ရက် မနက်ပိုင်းမှာ ပေါင်းတည်မြို့နယ်အတွင်းကို နယ်မြေရှင်းလင်းဖို့ ဝင်ရောက်လာတဲ့ အင်အား (၆၀) ဝန်းကျင်ပါ စစ်တပ် စစ်ကြောင်းကို အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၁) ကွပ်ကဲမှုအောက်မှာရှိတဲ့ အမှတ်(၃၆၀၁) တပ်ရင်း၊ တပ်ခွဲ(၂) က မိုင်းဆွဲ တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။
စစ်တပ် စစ်ကြောင်းကို (၇)ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်တပ်တပ်ဖွဲ့ဝင် (၂)ဦးသေဆုံးပြီး (၂)ဦးမှာထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။

Public Service Announcement
စစ်တပ်စစ်ကြောင်းကလက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တဲ့အပြင်ကျေးရွာအတွင်းကပြည်သူပိုင်ဆိုင်ကယ် (၆)စီး၊ နွား (၂)ကောင်ကို လုယက်ခိုးယူကာ လူနေအိမ် ( ၉ ) လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ဖော်ပြထားပါတယ်။
“ပေါင်းတည်မြို့နယ်၊ပေါက်တောကျေးရွာ ခမရ ၁၀ တပ်ထဲက ထွက်လာတဲ့ စစ်ကြောင်းပါ။ မိုင်းဆွဲပြီးတဲ့နောက်မှာတော့ သူတို့က သေဆုံးလူနာတွေကို ကောက်သွားပြီး တပ်ထဲပြန်ဝင်သွားကြတယ်” လို့ ပြည်ခရိုင်တပ်ရင်း ၁ စစ်ထောက်လှမ်းရေးနဲ့ သတင်းပြန်ကြားရေးတာဝန်ခံရဲဘော် Shadow ကပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုအတွင်းတော်လှန်ရေးတပ်ဘက်က အထိအခိုက်မရှိဘဲ အောင်မြင်စွာ စစ်ဆင်ရေး ဖော်ဆောင်နိုင်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနက ထုတ်ပြန်ထားပါတယ်။
မိုင်းဆွဲခံရပြီးပေါက်တောကျေးရွာခမရ(၁၀)တပ်ထဲပြန်ဝင်သွားတဲ့ စစ်တပ်စစ်ကြောင်းဟာ အင်အားပြန်လည်ဖြည့်တင်းပြီးမေလ၁၅ရက်မှာ ပေါင်းတည်မြို့နယ်၊ အဂ္ဂရာပြည့်ကွက်သစ်ကျေးရွာကို ရောက်ရှိနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကသိရပါတယ်။

















































