အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း မမျှော်လင့်ဘဲ လူအများရဲ့ အာရုံစိုက်မှုကို ခံလာရတဲ့ အမျိုးသမီးတစ်ဦး ရှိပါတယ်။ တရုတ် သမ္မတ ရှီကျင့်ဖျင်က တည်ခင်းတဲ့ ဂုဏ်ပြု ညစာစားပွဲမှာ Apple ကုမ္ပဏီရဲ့ အမှုဆောင်ချုပ် တင်မ်ကွတ်ခ်၊ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်တဲ့ နည်းပညာ လုပ်ငန်းရှင် Tesla ကားကုမ္ပဏီရဲ့ အမှုဆောင်ချုပ် သူဌေးကြီး အီလွန်မတ်စ်ခ်တို့ နှစ်ဦးရဲ့ အလယ်မှာ အရေးတယူ နေရာချထားပေးခြင်း ခံခဲ့ရတာက ကျို့ကန်းဖေ့ကို အများစုက စိတ်ဝင်စားစေခဲ့တဲ့ အဓိက အကြောင်းရင်းပါပဲ။ ကမ္ဘာပေါ်မှာ အထင်ရှားဆုံး နည်းပညာ လုပ်ငန်းရှင်တွေကြားမှာ တခုပ်တရ နေရာထိုင်ခင်း စီစဉ်ပေးခြင်း ခံထားရတဲ့ အမျိုးသမီးက ဘယ်သူလဲ ဆိုတာကို သိချင်သူတွေ အရမ်းများလာခဲ့ပါတယ်။
ကျို့ကန်းဖေဟာ တရုတ်ရဲ့ စက်မှုနည်းပညာ ထိပ်တန်း လုပ်ငန်းစုကြီး Lens Technologyကို ပဲ့ကိုင်နေသူ ဖြစ်ပါတယ်။ အသက် ၅၆ နှစ်အရွယ် အမျိုးသမီးဟာ ၁၉၉၃ ခုနှစ်မှာ Lens Technologyကို စတင် ထူထောင်ခဲ့ပါတယ်။ သူ့ရဲ့ ကုမ္ပဏီဟာ အဆင့်မြင့် နည်းပညာတွေနဲ့ တိတိကျကျ တိုင်းတာ ထုတ်လုပ်ရတဲ့ ကုန်ပစ္စည်းတွေကို တာဝန်ယူ ကိုင်တွယ်ပါတယ်။
တရုတ်-အမေရိကန် ထိပ်သီး အစည်းအဝေးရဲ့ ညစာစားပွဲမှာတော့ ကမ္ဘာ့စူပါပါဝါ နိုင်ငံကြီး နှစ်ခုရဲ့ တကယ့် ထိပ်သီးအဆင့် စီးပွားရေး လုပ်ငန်းရှင်ကြီးတွေကို လက်ရွေးစင် ဖိတ်ကြားခဲ့တာပါ။ အမေရိကန်ဖက်က Apple၊ Tesla၊ Boeing၊ Nvidiaတို့လို လုပ်ငန်းစုကြီးတွေရဲ့ အကြီးအကဲတွေ တက်ရောက်ကြသလို တရုတ်ဖက်ကလည်း Hisense၊ Air China၊ ByteDanceစတဲ့ ကုမ္ပဏီကြီးတွေရဲ့ အမှုဆောင်ချုပ်တွေ၊ ဥက္ကဋ္ဌတွေ ဖိတ်ကြားခံခဲ့ရပါတယ်။ အဲဒီထဲကမှ ကျို့ကတော့ ကွတ်ခ်နဲ့ မတ်စ်ခ်တို့လို ပုဂ္ဂိုလ်တွေကြားမှာ သေသေချာချာ နေရာချပေးခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။
လူမှုကွန်ရက်တွေမှာတော့ ကျို့ရဲ့ တက်လှမ်းမှုတွေဟာ ရုပ်ရှင်ဆန်လွန်းလောက်အောင် ခမ်းနားကြောင်း ချီးကျူးရေးသားမှုတွေ ရှိနေပါတယ်။ သူက ဆင်းရဲတဲ့ စက်ရုံ အလုပ်သမလေးတစ်ဦး၊ ကျောင်းစောစော ထွက်ခဲ့ရတဲ့ မိန်းကလေးငယ် တစ်ဦးဘဝကနေ တရုတ်ရဲ့ ထိပ်တန်း ဘီလီယံနာ သူဌေးမကြီး ဖြစ်လာတဲ့အထိ ကိုယ့်ထူးကိုယ်ချွန် ရုန်းကန်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement
ကျို့ကို ၁၉၇၀ ပြည့်နှစ်တုန်းက ဟူနန်ပြည်နယ်ထဲက ရွာလေးတစ်ခုမှာ ဆင်းရဲတဲ့ မိဘတွေက မွေးဖွားခဲ့ပါတယ်။ အသက် ၁၅ နှစ်မှာ ကျောင်းထွက်ပြီး ရှန်ဇန်းကို ပြောင်းရွှေ့ပြီး စက်ရုံ အလုပ်သမလေး ဖြစ်လာခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်၊ သူ့အသက် ၂၃ နှစ် အရွယ်မှာတော့ ကျို့ဟာ ဆွေမျိုးတချို့ကို စည်းရုံးပြီး ရှန်ဇန်းမြို့ရဲ့ ပေါင်အန်းခရိုင်ထဲက လူနေအဆောက်အအုံ တစ်ခုမှာ အသေးစား လုပ်ငန်းလေးတစ်ခု စတင် ထူထောင်ခဲ့ပါတယ်။ မူလက သူ့လုပ်ငန်းဟာ လက်ပတ်နာရီ မှန်သားပေါ်မှာ ဆေးရိုက်တာကို အဓိကထားပြီး အစပြုခဲ့ပါတယ်။ အဲဒီ အိမ်ဆိုင်ဆန်ဆန် လုပ်ငန်းငယ်လေးဟာ Lens Technologyရဲ့ မူလအစပါပဲ။
Lens Technologyဟာ တိတိကျကျ အမှားအယွင်းမရှိ တိုင်းတာ ဖြတ်တောက်ရတဲ့ မှန်သား၊ ကြွေထည်စတဲ့ ထုတ်ကုန်တွေကို တာဝန်ယူ ထုတ်လုပ်ပေးပါတယ်။ Touchscreen နည်းပညာသုံး စမတ်ဖုန်းတွေ အရမ်းကျယ်ကျယ်ပြန့်ပြန့် ခေတ်စားမလာခင် ကတည်းက ကျို့ရဲ့ ကုမ္ပဏီဟာ မိုဘိုင်းဖုန်း စမတ်ဖုန်းတွေအတွက် မှန်သားပြင်တွေကို ထုတ်လုပ်ပေးနေခဲ့ပါတယ်။ ၂၀၀၀ ပြည့်လွန် နှစ်တွေမှာတော့ Lens Technologyဟာ ကမ္ဘာ့ စမတ်ဖုန်း စျေးကွက်မှာ အဓိက ကုန်ကြမ်းထောက်ပံ့တဲ့ လုပ်ငန်းစုတစ်ခု ဖြစ်လာပါတယ်။ နောက်တော့ Appleနဲ့ လက်တွဲဖြစ်ခဲ့ပြီး တောက်လျှောက် အောင်မြင်တိုးတက်လာပါတော့တယ်။ ၂၀၀၇ ခုနှစ်မှာ Appleရဲ့ iPhoneတွေအတွက် စမတ်ဖုန်း မှန်သားပြင်တွေ ထုတ်လုပ်ပေးဖို့ စာချုပ်ကို Lens Technologyက ရရှိခဲ့ပါတယ်။ အဲဒီနောက် iPhoneတွေက ကမ္ဘာ့ စမတ်ဖုန်း စျေးကွက်ရဲ့ သွင်ပြင် လက္ခဏာတွေကို ဖန်တီးလာတဲ့ အချိန်မှာ Lens Technologyလည်း တစ်ပါတည်း အောင်မြင်လာခဲ့ပါတယ်။
၂၀၁၅ ခုနှစ်မှာတော့ Lens Technologyဟာ ရှန်ဇန်းရဲ့ ဟဲဗီးဝိတ် နည်းပညာ လုပ်ငန်းစုတွေကို စောင့်ကြည့်တဲ့ ChiNext ညွှန်ကိန်းမှာ ထည့်သွင်းဖော်ပြ ခံခဲ့ရပါတယ်။ ကျို့ကလည်း တရုတ်မှာ အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် အမျိုးသမီး လုပ်ငန်းရှင်တစ်ဦး ဖြစ်လာပါတယ်။ ၂၀၂၅ ခုနှစ်မှာတော့ ဟောင်ကောင် စတော့အိတ်ချိန်းမှာ အများပိုင် ရှယ်ယာတွေ ရောင်းချတဲ့ လုပ်ငန်းစုအဖြစ် Lens Technologyကို မှတ်ပုံတင်ခဲ့ပါတယ်။ အခုတော့ ကုမ္ပဏီရဲ့ တန်ဖိုးဟာ ဒေါ်လာ ၂၆.၆ ဘီလီယံလောက်ထိ ရှိနေပါပြီ။
Lens Technologyရဲ့ ထုတ်ကုန်တွေဟာလည်း မျက်မှောက်ကာလမှာ စမတ်ဖုန်း မှန်သားပြင်တွေလောက်နဲ့တင် ကန့်သတ်မထားတော့ပါဘူး။ Tesla လျှပ်စစ်ကားတွေအတွက် လိုအပ်တဲ့ screen အစိတ်အပိုင်းတွေ၊ စက်ရုပ်တွေအတွက် လိုအပ်တဲ့ အစိတ်အပိုင်းတွေ၊ အာကာသယာဉ်တွေမှာ အသုံးပြုတဲ့ ပစ္စည်းတွေကိုပါ ထုတ်လုပ်ပေးနေပါပြီ။ Lens Technologyရဲ့ မိတ်ဖက်တွေထဲမှာ ကမ္ဘာ့ နာမည်အကြီးဆုံး နည်းပညာ လုပ်ငန်းစုတွေဖြစ်တဲ့ Apple၊ Samsung၊ Huaweiတို့တွေ တန်းစီ ပါဝင်နေပါတယ်။ ဉာဏ်ရည်တု နည်းပညာ (AI) ထွန်းကားလာတဲ့ ကာလမှာ AIအတွက် hardwareထုတ်လုပ်မှုတွေကိုလည်း ကုမ္ပဏီက တာဝန်ယူထားပါတယ်။
တစ်ချိန်က စောစောစီးစီး ကျောင်းထွက်ပြီး စက်ရုံ အလုပ်သမလေး ဖြစ်ခဲ့တဲ့ အမျိုးသမီးဟာ အခုတော့ ဒေါ်လာ ၁၆ ဘီလီယံလောက် ကြွယ်ဝပြီး အများလေးစားရတဲ့ ကိုယ့်ထူးကိုယ်ချွန် လုပ်ငန်းရှင်တစ်ဦး ဖြစ်နေပါပြီ။ သူဟာ ကံ၊ ဉာဏ်၊ ဝီရိယ သုံးပါးရဲ့ ထောက်ပံ့မှုကို ထိထိရောက်ရောက် အသုံးချရင်း အမြင့်ဆုံး အဆင့်ထိ လမ်းကြောင်းမှန်မှန် တက်လှမ်းပြနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း တရုတ်နိုင်ငံရဲ့ အရေးအကြီးဆုံး သံတမန်ရေးရာ အခမ်းအနားမှာ အရေးအကြီးဆုံး ပုဂ္ဂိုလ်တွေကြား ထိုက်ထိုက်တန်တန် နေရာပေး ဂုဏ်ပြု ခံခဲ့ရတာ ဖြစ်ပါတယ်။
ဓာတ်ပုံ – CCTV, Lens Technology


















































