အီရန်စစ်ပွဲကြောင့် အမေရိကန်ဟာ ထိုင်ဝမ်ဆီ လက်နက် တင်ပို့မှုတွေကို ယာယီ ဆိုင်းငံ့ထားကြောင်း အမေရိကန် ရေတပ် ထိပ်တန်း အရာရှိ တစ်ဦးက ပြောကြားခဲ့ပါတယ်။
စစ်ပွဲအတွက် လိုအပ်တဲ့ လက်နက်ခဲယမ်း အပိုဆောင်း သိုလှောင်မှုတေ လုံလုံလောက်လောက် ရှိနေတာ သေချာစေဖို့အတွက် အခုလို ဆုံးဖြတ်ခဲ့တာလို့ ရေတပ် ဦးစီးအရာရှိ ဟွမ်ကောင်က အသိပေးခဲ့တာပါ။
အမေရိကန် လွှတ်တော်ရဲ့ ကြားနာမှု အစီအစဉ် တစ်ခုမှာ အမေရိကန်က ထိုင်ဝမ်ဆီ ဒေါ်လာ ၁၄ ဘီလီယံဖိုး စစ်လက်နက်တွေ ရောင်းချဖို့ သဘောတူထားတဲ့ ကိစ္စကို မေးမြန်းတဲ့အခါ ကောင်က Epic Fury စစ်ဆင်ရေးအတွက် လုံလောက်တဲ့ ခဲယမ်းမီးကျောက်တွေ ပိုင်ဆိုင်တာ သေချာစေဖို့အတွက် အဲဒီ လက်နက် ရောင်းချရေး အစီအစဉ်ကို ယာယီ ဆိုင်းငံ့ထားတယ်လို့ ပြန်ဖြေခဲ့တာပါ။
တကယ်တော့ အမေရိကန်မှာ လက်နက်ခဲယမ်း ပိုင်ဆိုင်မှု အများအပြား ရှိနေကြောင်း၊ ဒါပေမဲ့ အလုံးစုံ သေချာအောင်၊ စိတ်ချရအောင် စီစဉ်ထားတာဖြစ်ပြီး အစိုးရက နိုင်ငံရပ်ခြားကို လက်နက် ရောင်းချဖို့ ပြန်လည်ခွင့်ပြုသင့်ပြီလို့ ဆုံးဖြတ်တဲ့ အချိန်တစ်ခုရောက်ရင် မူလ အစီအစဉ်အတိုင်း ရှေ့ဆက်မှာဖြစ်ကြောင်းလည်း သူက ပြောပါတယ်။

Public Service Announcement
အမေရိကန်နဲ့ ထိုင်ဝမ်တို့ကြား စစ်လက်နက် ရောင်းဝယ်ရေး သဘောတူညီမှု ရထားပေမယ့် သမ္မတ ဒေါ်နယ်လ်ထရမ့်ဆီက တရားဝင် ခွင့်ပြုချက်တော့ မရသေးပါဘူး။ ထရမ့်ဟာ မကြာသေးခင်က တရုတ်နိုင်ငံကို အလည်အပတ် ခရီးစဉ် သွားရောက်ရင်း တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့ ထိုင်ဝမ်အရေးလည်း ထည့်သွင်း ဆွေးနွေးခဲ့ပါတယ်။
တရုတ်ဟာ ထိုင်ဝမ်ကျွန်းကို ပိုင်နက်နယ်မြေ တစ်ခုအဖြစ် သတ်မှတ်ထားပြီး လိုအပ်လာရင် စစ်အင်အားသုံး တိုက်ခိုက် သိမ်းယူမယ်လို့ ခြိမ်းခြောက်ထားပါတယ်။ ထိုင်ဝမ်ကတော့ သီးခြားလွတ်လပ်တဲ့ ရပ်တည်မှုမျိုးကိုပဲ လိုလားနေတာပါ။ ထရမ့်က ထိုင်ဝမ်အတွက် လက်နက်ရောငးချပေးမယ့် အစီအစဉ်ကို မီးစိမ်းမပြသေးတာကလည်း ထိုင်ဝမ်ရဲ့ ရပ်တည်မှုအပေါ် ထိထိရောက်ရောက် အကာအကွယ်ပေးဖို့ သူ့မှာ ဆန္ဒရှိပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေကို မြင့်တက်လာစေပါတယ်။
မေလလယ်တုန်းက တရုတ်မှာ ရှီနဲ့ တွေ့ဆုံခဲ့ချိန်တုန်းကတော့ သူဟာ ထိုင်ဝမ်အရေးနဲ့ ပတ်သက်လို့ ဘာမှ စကားမလွန်ခဲ့ကြောင်း ထရမ့်က ပြောပါတယ်။
အမေရိကန် အစိုးရဟာ တရုတ်ကိုသာ အချုပ်အခြာ အာဏာပိုင် နိုင်ငံအဖြစ် သတ်မှတ်ထားပြီး ထိုင်ဝမ်ကိုတော့ အလားတူ အသိအမှတ် ပြုမထားပါဘူး။ ဒါပေမဲ့ ထိုင်ဝမ် အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း ရှိစေဖို့ အတွက်တော့ လက်နက်တွေ ရောင်းချပေးနေပါတယ်။
ကိုးကား: AFP
















































