မေ ၂၃၊ ၂၀၂၆။ခိုင်မြတ်/People’s Spring
ရခိုင်ပြည်နယ်က မြို့နယ် ၁၄ ခု၊ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့ကို ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေး၊ ဥပဒေစိုးမိုးရေး ၊ တရားစီရင်ရေးနဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေလုပ်နေတဲ့ အာရက္ခတပ်တော်(AA) ဟာ အာရက္ခလောင်ဘော်(အာရက္ခထီ)ကို လာမယ့် ဇွန်လ ၁ ရက်ကစပြီး စရောင်းတော့မယ်လို့ အသိပေးလာပါတယ်။
AA ရဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ ဗဟိုအကောက်ခွန်နဲ့ အခွန်ဌာနဟာ လောင်ပေါ်(ထီ)ဌာနခွဲကို အသစ် ဖွဲ့စည်းပြီး အခုလို ထီစရောင်းဖို့ စီစဉ်လာတာပါ။
“စီစဉ်နေတာက နည်းနည်းကြာပြီ၊ ထီဌာနဖွဲ့တာလည်း နှစ်လ၊ သုံးလရှိပြီ။ အစကတော့ သင်္ကြန်ပြီးတာနဲ့ စရောင်း မလို့ လုပ်တာ မဖြစ်လိုက်ဘူး။ အခု ဇွန်လ ၁ ရက်နေ့ စရောင်းမယ့် နောက်တလ ဇူလိုင် ၁ ရက်နေ့မှာ ထီစဖွင့်ပါ မယ်” လို့ ဗဟိုအကောက်ခွန်နဲ့ အခွန်ဌာနမှ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

Public Service Announcement
ထီဆုအနေနဲ့ ဂဏန်းခြောက်လုံးတူ ပထမဆု ကျပ်သိန်းငါးရာ၊ ဂဏန်းခြောက်လုံးတူ ဒုတိယဆု ကျပ်သိန်း သုံးရာ၊ ဂဏန်းခြောက်လုံးတူ တတိယဆု ကျပ်သိန်းတစ်ရာနဲ့ ကျပ်သိန်း ငါးဆယ်တန် စတုတ္ထဆု၆ ဆု၊ ကျပ်ဆယ်သိန်း တန် ပဉ္စမဆု ၁၀ဆု၊ ကျပ်ငါးသိန်းတန် ဆဌမဆု ၂၀ဆု၊ စုစုပေါင်း ဆု ၃၉ ဆု ပါဝင်တယ်လို့ သိရပါတယ်။
အခုလို ထီလက်မှတ်တွေ ရောင်းချရတာဟာ ထီရောင်းရာကနေ ရတဲ့အခွန်ငွေတွေကို ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေဖြစ်တဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုဖွံ့ဖြိုးရေးအတွက် အသုံးပြုနိုင်ဖို့ ရည်ရွယ်ရောင်းချတာလို့ ဗဟိုအ အကောက်ခွန်နဲ့ အခွန်ဌာန၊ ထီဌာနခွဲက အသိပေးထားပါတယ်။
“အဓိကတော့ အခွန်ရအောင်၊ ပြည်သူတွေ ထီထိုးလို့ရအောင် လုပ်ပေးတာပေ့ါ။ ပြီးရင် နှစ်လုံး၊ သုံးလုံး(ချဲ) တွေ ပျောက်အောင် လုပ်တာလည်း ပါတယ်” လို့ အခွန်ဌာန၊ ဝန်ထမ်းက ပြောပါတယ်။
လက်မှတ်ရောင်းရငွေရဲ့ ၅၀ ရာခိုင်နှုန်းကို ဆုငွေအဖြစ် ခွဲဝေပေးပြီး ကျန် ၅၀ ရာခိုင်နှုန်းကို ပြည်သူ့ဝန် ဆောင်မှုလုပ်ငန်းတွေမှာ အသုံးပြုမယ် လို့ ဆိုပါတယ်။
ဒါဟာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ပထမအဆုံးဖွင့်လှစ်၊ ရောင်းချတဲ့ ထီလည်းဖြစ်ပါတယ်။
အခုလို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ထီလက်မှတ်တွေရောင်းချလာတဲ့အစီအစဉ်အပေါ် ကြိုဆိုတယ်လို့ မင်းပြားမြို့မှာ နေထိုင်တဲ့ ပုံမှန်ထီထိုးနေသူတစ်ဦးက ပြောပါတယ်။
“ကျွန်မက ထီကံစမ်းရတာ ဝါသနာပါတယ်။ အရင်ကတော့ အောင်ဘာလေထီ ထိုးတယ်။ အာဏာသိမ်းပြီးနောက် ပိုင်းတော့ လိုင်းပေါ်က ထိုင်းထီထိုးတယ်။ အခု ဆိုရင် ကိုယ့်အစိုးရက ရောင်းတဲ့ထီကိုပဲ ထိုးတော့မယ်။ အကုန်လုံး အတွက် အဆင်ပြေသွားတယ်” လို့ ၎င်းက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက် တိုက်ပွဲတွေဖြစ်လာပြီးနောက်ပိုင်း ဒေသခံတွေဟာ စစ်ကောင်စီရောင်းချတဲ့ထီတွေ မထိုးကြတော့ဘဲ နှစ်လုံး၊ သုံးလုံး ချဲထီတွေ ထိုးလာကြတယ်လို့ ဒေသခံတွေ ကေ ပြောပါတယ်။
အခုထီလက်မှတ်တွေ ရောင်းချတဲ့အခါမှာတော့ ချဲထီတွေလည်း အတိုင်းအတာတခုထိ လျော့နည်းသွားနိုင်တယ်လို့ သုံးသပ်ကြပါတယ်။
“ကိုယ့်ဘက်က ချဲတွေ ပိတ်ထားတယ်။ ဒါပေမယ့် လူတွေကတော့ နားလည်မှုနဲ့ရော၊ မှောင်ခိုရော ရောင်းနေကြ တာပဲ၊ ချဲရောင်းလို့ အကြွေးနစ်သွားတဲ့သူတွေလည်း အများကြီး။ အခု ထီရောင်းတော့ ချဲပိတ်တာလည်း အတိုင်း တာတခုထိ အောင်မြင်သွားမယ်ထင်တယ်” လို့ ကျောက်တော်မြို့နယ်မှ ချဲထီရောင်းချနေခဲ့သူတစ်ဦးက ပြောပါတယ်။
အာရက္ခတပ်တော်(AA)ဟာ ပြီးခဲ့တဲ့ ၂၀၂၄ နှစ်လယ်ပိုင်း မြို့တွေသိမ်းပိုက်ပြီးနောက်ပိုင်းကနေစပြီး ဒေသတွင်း အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေ၊ တရားစီရင်ရေးတို့အပြင် ပညာရေး၊ ကျန်းမာရေး၊ စည်ပင်သာယာရေးစတဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ တစတစတိုးချဲ့ ဆောင်ရွက်လာနေခဲ့တာဖြစ်ပါတယ်။
















































