လာအိုနိုင်ငံက ဝေးလံသီခေါင်ပြီး ရေလျှံနေတဲ့ ကျောက်ဂူတစ်ခုထဲ ပိတ်မိနေသူ ၇ ဦးကို ကယ်ဆယ်တဲ့ မစ်ရှင်မှာ ထိုင်းက စေတနာ့ဝန်ထမ်း အဖွဲ့တွေနဲ့ ပညာရှင်တွေပါ ပူးပေါင်း ပါဝင်လာကြပါတယ်။
ရှေဆွမ်ဘွန် ပြည်နယ်ထဲက ကျောက်ဂူထဲကို အဲဒီအဖွဲ့ဟာ အမဲလိုက်ဖို့နဲ့ ရွှေသတ္တုရိုင်းတွေ ရှာဖွေဖို့အတွက် မေလ ၂၀ ရက်နေ့ကတည်းက အဲဒီအဖွဲ့ ဝင်ရောက်သွားခဲ့တာ ဖြစ်ပါတယ်။ နောက်တော့ မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး မြေသားတွေ ပြိုကျရာက ဂူဝင်ပေါက် ပိတ်သွားပြီး သူတို့တွေ ဒုက္ခရောက်ကုန်ကြတာ ဖြစ်ပါတယ်။
၅ ရက်အကြာမှာတော့ အဲဒီပိတ်မိနေသူတွေကို ရှာဖွေတဲ့ မစ်ရှင်မှာ ထိုင်းအဖွဲ့တွေပါ ပူးပေါင်းလာတာလို့ သိရပါတယ်။ ပြီးတော့ ၂၀၁၈ တုန်းက တစ်ကမ္ဘာလုံး အာရုံစိုက်ခြင်း ခံခဲ့ရတဲ့ ထိုင်းလူငယ် ဘောလုံးအသင်းတစ်သင်း ကျောက်ဂူထဲ ပိတ်မိနေတာကို ဘေးမသီ ရန်မက ကယ်ထုတ်ခဲ့တဲ့ ထိုင်းကယ်ဆယ်ရေး အဖွဲ့တွေလည်း လာအိုက မစ်ရှင်မှာ ပါဝင်နေကြပါတယ်။
ထိုင်းစေတနာ့ဝန်ထမ်း ကယ်ဆယ်ရေး အဖွဲ့တွေက ထုတ်ပြန်တဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေမှာတော့ ကယ်ဆယ်ရေး ဝန်ထမ်းတွေဟာ မှောင်မည်းပြီး ကျဉ်းမြောင်းတဲ့ ဥမင် ကျဉ်းကျဉ်းလေးတွေထဲမှာ တွားသွားလိုက်၊ တွယ်တက်လိုက်နဲ့ ခက်ခက်ခဲခဲ ရှေ့တိုးနေကြတာကို တွေ့ခဲ့ရပါတယ်။

Public Service Announcement
ပိတ်မိနေသူတွေဆီ ရောက်ဖို့ တွားသွားဝင်ရတဲ့ ဥမင်တစ်ခုဟာ ၂ ပေလောက်သာ အမြင့်ရှိကြောင်း ကယ်ဆယ်ရေးတွေက ပြောပါတယ်။ အဲဒီ ဥမင်ရဲ့ အစိတ်အပိုင်း တချို့ကတော့ နောက်ကျိတဲ့ ရွှံ့ရေတွေ ဖုံးလွှမ်းနေပါတယ်။
ရေငုပ်သမားတွေက အဲဒီနေရာကို တိုးဝင်နေတဲ့ အချိန် ဂူအပြင်ဖက်က အဖွဲ့တွေကတော့ ရေတွေကို စုပ်ထုတ်ရင်း၊ ရေငုပ်သမားတွေနဲ့ ဆက်သွယ်ထားတဲ့ လုံခြုံရေး ကြိုးတွေကို အချိန်ပြည့် စစ်ဆေးရင်း အလုပ်များနေခဲ့ကြပါတယ်။
လမ်းကြောင်းက အရမ်းမရှုပ်ထွေးဘူး ဆိုပေမယ့် အဓိက ပြဿနာက ကျဉ်းလွန်းနေတာ ဖြစ်ကြောင်း၊ ပြီးတော့ ဥမင်ဘေးတဝိုက် ကျောက်သားတွေက အရမ်း ထက်မြေ့နေခဲ့ကြောင်း မက်တာသမ် ကယ်ဆယ်ရေးအဖွဲ့ ခေါင်းဆောင် ကန်ကက် ဘွန်ကာဝမ်က ရှင်းပြခဲ့ပါတယ်။
လောလောဆယ် အထိတော့ ကျောက်ဂူထဲမှာ လူတွေ အသက်ရှင် ကျန်နေသေးတယ်ဆိုတဲ့ အထောက်အထားမျိုး၊ ဒါမှမဟုတ် ဆက်သွယ် တုံ့ပြန်မှုမျိုး ဘာမှ မရသေးဘူးလို့ ကယ်ဆယ်ရေးတွေက ပြောပါတယ်။ ဒါပေမဲ့ ပိတ်မိနေသူတွေနဲ့ ပါမသွားဘဲ လွတ်မြောက်လာသူ တစ်ဦးကတော့ ဂူရဲ့ အတွင်းပိုင်းမှာ ရေလွတ်နိုင်တဲ့ ကုန်းမြေအမြင့် နေရာတစ်ခု ရှိတယ်လို့ ကယ်ဆယ်ရေးတွေကို အခိုင်အမာ ပြောဆိုထားပါတယ်။
ဂူထဲမှာ လေဝင်လေထွက် ရှိနေသေးတဲ့အတွက်တော့ ပိတ်မိနေသူတွေ အသက်ရှင်နေဦးမယ်လို့ မျှော်လင့်ချက် ထားနိုင်သေးကြောင်း ကန်ကက်က ဆိုပါတယ်။ ကန်ကက်ဟာ ၂၀၁၈ တုန်းက ထိုင်းနိုင်ငံရဲ့ ချင်းရိုင် ပြည်နယ်ထဲက သမ်လောင် ကျောက်ဂူမှာ ပိတ်မိနေတဲ့ ထိုင်းလူငယ် ဘောလုံးသမား ၁၂ ဦးကို ကယ်ဆယ်ခဲ့တဲ့ မစ်ရှင်မှာ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။
လာအိုက ကျောက်ဂူမှာတော့ ကယ်ဆယ်ရေး အဖွဲ့တွေဟာ ဝင်ပေါက်ကနေ မီတာ ၄၀ လောက် အကွာအဝေးထိ ခရီးရောက်နေပြီ ဖြစ်ပေမယ့် ပိတ်မိနေသူတွေကို ရှာမတွေ့သေးပါဘူး။ နောက်ပြီး မိုးသည်းသည်းထန်ထန် ရွာသွန်းတဲ့ အချိန်တွေမှာလည်း ကယ်ဆယ်ရေး မစ်ရှင်တွေကို ဆိုင်းငံ့ထားရပါတယ်။
အဲဒီ ကျောက်ဂူဟာ အနီးဆုံး ကျေးရွာတွေနဲ့ ၅ ကီလိုမီတာလောက်အကွာ တောင်တက်ခရီးမှာ တည်ရှိနေတာကြောင့် ကယ်ဆယ်ရေး အဖွဲ့တွေဟာလည်း ရွာဆီမပြန်တော့ဘဲ ဂူနားမှာပဲ စခန်းချနေကြပါတယ်။ မိုးရွာသွန်းမှုတွေကို အခြေခံပြီး မစ်ရှင်ရဲ့ အခက်အခဲ အတိုင်းအတာက အပြောင်းအလဲ ဖြစ်နိုင်တယ်လို့ ကယ်ဆယ်ရေးတွေက ဆိုပါတယ်။
ပိတ်မိနေသူတွေဟာ ကိုယ်ထူကိုယ်ထ ရွှေတူးသူတွေလား၊ သတ္တုတူးဖော်ရေး ကုမ္ပဏီ တစ်ခုခုရဲ့ ဝန်ထမ်းတွေလား ဆိုတာကိုလည်း တိတိကျကျ မသိရသေးပါဘူး။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း လာအိုမှာ ရွှေနဲ့ တခြားသတ္တုတွေ တူးဖော်တဲ့ လုပ်ငန်းတွေက သိသိသာသာ တိုးပွားလာခဲ့ပါတယ်။
ကွန်မြူနစ် စနစ်နဲ့ အုပ်ချုပ်ပြီး မီဒီယာ လွတ်လပ်ခွင့်ကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတဲ့ လာအို အစိုးရကတော့ လက်ရှိ ကယ်ဆယ်ရေး မစ်ရှင်တွေနဲ့ ပတ်သက်လို့ တစ်ခွန်းမှ မဟသေးဘဲ နှုတ်ဆိတ်နေဆဲ ဖြစ်ပါတယ်။
ကိုးကား: Guardian


















































