မေ – ၂၇ ၊၂၀၂၆ ၊ဆိုင်းမင်း/People’s Spring
စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်၊ကံသစ်ကျေးရွာမှာပြီးခဲ့တဲ့ရက်ပိုင်း မေလ ၂၂ ရက် မနက်ပိုင်းက စစ်ရှောင်မိသားစု ရွာကိုပြန်လည်ဝင်ရောက်ချိန်မှာ မိုင်းနင်းမိပြီး ကလေးငယ်အပါအဝင် သုံးဦးသေဆုံးခဲ့တယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။
စစ်တပ်စစ်ကြောင်းရွာကနေတိမ်းရှောင်ရတဲ့ကံသစ်ရွာက မိသားစုသုံးဦး ရွာထဲ ပြန်လည်ဝင်ရောက်ချိန်မှာ မိုင်းနင်းမိတာပါ။
“သေဆုံးသွားတဲ့ သုံးယောက်လုံးက သားအမိတွေပါ”လို့ဒေသခံအမျိုး သားက ပြောပါတယ်။

Public Service Announcement
အဲဒီဖြစ်စဉ်မှာအသက်ငါးနှစ်အရွယ်ယောကျ်ားလေးအပြင် အဲဒီကလေးရဲ့ ဖအေနဲ့ မအေတို့ပါသေဆုံးခဲ့ရတာပါ။
မိုင်းကတော့စစ်တပ်ကထောင်ထားခဲ့တဲ့မိုင်းဖြစ်တယ်လို့ဒေသခံက အသိ ပေးပါတယ်။
ဒါကြောင့်စစ်တပ်စစ်ကြောင်းဝင်ရောက်ခဲ့တဲ့ရွာတွေထဲကိုချက်ချင်းဝင်ရောက်နေထိုင်တာမလုပ်ကြဘဲ လုံခြုံရေးစစ်ဆေးပြီးမှသာ ပြန်လည် နေထိုင်ကြဖို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေကလည်းအသိပေးထားပါတယ်။
စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်နောက်ပိုင်းကစတင်ပြီး မြေမြှုပ်မိုင်းနဲ့အခြားပေါက်ကွဲစေတတ်တဲ့ စစ်ကျန် လက်နက်ပစ္စည်းတွေကြောင့် သေဆုံး၊ ဒဏ်ရာရသူဦးရေ မြင့်တက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက် နက်ပစ္စည်းတွေကြောင့် ထိခိုက်သေဆုံးသူ ၂,၀၂၉ ဦး အထိရှိခဲ့တယ်လို့ Landmine and Cluster Munition Monitor က အစီရင်ခံစာထုတ်ပြန်ခဲ့ပါတယ်။
အဲဒီကိန်းဂဏန်းက ၂၀၂၄ ခုနှစ်အတွက် တစ်ကမ္ဘာလုံးမှာ အများဆုံး လည်းဖြစ််ခဲ့ပါတယ်။

















































