သမ္မတက နုတ်ထွက်စာ တင်ထားတယ်ဆိုတဲ့ သတင်းတွေကို အီရန် သမ္မတရုံးက ပယ်ချသွားခဲ့ပါတယ်။
အီရန် သမ္မတ မာဆွတ်ဒ် ပက်ဇက်ရှ်ခန်းဟာ နိုင်ငံရဲ့ အဓိပတိသစ် မော့ဂျ်တာဘာ ခါမေနီဆီကို မေလ ၃၁ ရက်နေ့မှာ နုတ်ထွက်စာ တင်ထားတယ်ဆိုတဲ့ ကောလာဟလတွေ ပျံ့နှံ့လာတဲ့နောက် သမ္မတရုံးက အခုလို တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီသတင်းကို လန်ဒန်မှာ အခြေစိုက်တဲ့ အီရန် အတိုက်အခံ သတင်းဌာန တစ်ခုဖြစ်တဲ့ Iran Internationalက စတင် ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံရဲ့ အကြီးမားဆုံး လက်နက်ကိုင် တပ်ဖွဲ့ဖြစ်တဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)ဟာ လက်ရှိ အမေရိကန်နဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲကာလမှာ အစိုးရ လုပ်ပိုင်ခွင့် အများအပြားကို လက်ဝါးကြီး အုပ်လိုက်တဲ့အတွက် ပက်ဇက်ရှ်ခန်းနဲ့ တင်းမာမှုတွေ ရှိလာပြီး သမ္မတက နုတ်ထွက်စာ တင်ခဲ့တာလို့ အမည်မဖော်လိုသူ အရာရှိ တစ်ဦးကို ကိုးကားပြီး Iran Internationalက ရေးသားခဲ့ပါတယ်။

Public Service Announcement
သူ့အနေနဲ့ အခုလို လုပ်ပိုင်ခွင့် ကန့်သတ်မှု ကြီးမားလာတဲ့ အခြေအနေမှာ အစိုးရအဖွဲ့ကို ဦးဆောင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးလို့လည်း ပက်ဇက်ရှ်ခန်းက နုတ်ထွက်စာထဲမှာ ထည့်သွင်း ရေးသားထားတယ်လို့ ဆိုပါတယ်။ ပက်ဇက်ရှ်ခန်းဟာ စစ်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ အပျက်အစီးတွေနဲ့ လူထုဘဝ ထိခိုက်မှုတွေကို လက်ရှိထက် နည်းပါးအောင် စီမံကိုင်တွယ်နိုင်မယ်လို့ ယုံကြည်ထားသူ ဖြစ်တယ်လို့လည်း Iran Internationalရဲ့ သတင်းရင်းမြစ်က မှတ်ချက်ပေးခဲ့ပါတယ်။
အီရန် သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးဖြစ်တဲ့ ဆာယက်ဒ် မာဟ်ဒီ တာဘက်တာဘိုင်ကတော့ အခုသတင်းကို ငြင်းဆိုခဲ့ပြီး သမ္မတရဲ့ ရာထူးနေရာနဲ့ ပတ်သက်လို့ အထင်အမြင် လွဲစရာတွေဖြစ်အောင် ကလေးကလား ရေးသားဖော်ပြမှုတွေကို အရေးစိုက်နေဖို့ မသင့်ဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။
နောက်ပြီး ဒီလို သတင်းမျိုး ရေးသား ဖြန့်ဝေသူတွေဟာ ကောလာဟလကို ဆာလောင်နေသူတွေလို့လည်း သူက ဝေဖန်ခဲ့ပါတယ်။ ပြည်ပမှာ အခြေစိုက်တဲ့ အဲဒီ လူတန်းစားမျိုးဟာ သူတို့ဖြစ်ချင်တဲ့ ဆန္ဒတွေကို တကယ့် လက်တွေ့လို ထင်ယောင်ထင်မှား ခံစားပြီး ရေးချင်တာ ရေးနေကြတာလို့လည်း တာဘက်တာဘိုင်က စွပ်စွဲသွားပါတယ်။
သမ္မတ ပက်ဇက်ရှ်ခန်းဟာ အီရန်ပြည်သူတွေအပေါ် အလုပ်အကျွေး ပြုနေတဲ့ တာဝန်တွေကနေ ဘယ်တော့မှ ရှောင်ဖယ်သွားမှာ မဟုတ်ကြောင်း၊ အီရန်ဟာလည်း စည်းလုံးပြီး ကြံ့ကြံ့ခံမှု လမ်းကြောင်းကနေ သွေဖယ်သွားမှာ မဟုတ်ကြောင်း သူက ပြောကြားသွားပါတယ်။
Iran Internationalက ဖော်ပြခဲ့တဲ့ သတင်းမှာတော့ အဓိပတိ မော့ဂျ်တာဘာဟာ သမ္မတရဲ့ နုတ်ထွက်စာကို လက်ခံသလားဆိုတာ သေချာ မသိရပေမယ့် အီရန် အစိုးရနဲ့ ဩဇာကြီးမားတဲ့ IRGCတို့ကြားက အက်ကြောင်းဟာ ပိုမို နက်ရှိုင်းလာနေကြောင်း သုံးသပ်ထားပါတယ်။
IRGCဟာ သမ္မတ လုပ်ပိုင်ခွင့်တွေကို ပိုမို ကန့်သတ်လာသလို အစိုးရ အဖွဲ့ရဲ့ အရေးပါတဲ့ ရာထူးနေရာ အများအပြားမှာ IRGC အရာရှိတွေကို ထည့်သွင်းခန့်အပ်ထားစေကြောင်း အရင်ကတည်းက သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။
ကိုးကား: Independent


















































