ဇွန်-၃ ၊၂၀၂၆။မိုမို/People’s Spring
အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် ရဲ့သားနဲ့ သမီး အပါအ၀င် စစ်တပ်နဲ့ပတ်သက်သူတွေ လက်ဝါးကြီးအုပ်ထားတဲ့လျှပ်စစ်ကား(EV ကား)တင်သွင်းတာမှာအကောက်ခွန်နှုန်းကို လျှော့ချကင်းလွတ်ခွင့်ပေးလိုက်တယ်လို့ မော်တော်ယာဉ်ဈေးကွက်မှသတင်းရရှိပါတယ်။
စစ်တပ် ဖွဲ့စည်းထားတဲ့ ဘဏ္ဍာရေးနဲ့အခွန်ဝန်ကြီးဌာနက လျှပ်စစ်ကားတွေနဲ့ပတ်သက်လို့ CBU စနစ်(ယာဥ်အလုံးလိုက်တင်သွင်းခြင်း)၊CKD နဲ့ SKD စနစ် (နိုင်ငံအတွင်း အပြီးအစီးတပ်ဆင်ထုတ်လုပ်သည့် ယာဥ်များ) ဘက်ထရီလျှပ်စစ်သုံးယာဉ် (Battery Electric Vehicle-BEV) တွေရဲ့ အကောက်ခွန်နှုန်းတွေကို စစ်အုပ်စုက ဖြေလျှော့လိုက်တာဖြစ်ပါတယ်။
“အလုံးလိုက်အရန်သင့်စီးမယ့် EV ကားတွေကိုအရင်နှစ်က ကောက်တဲ့အခွန်က ၁၅ ရာခိုင်နှုန်း ကနေ အခု ငါးရာခိုင်နှုန်း၊SKD တို့ CKD တို့ က အရင် ငါးရာခိုင်နှုန်း နဲ့ သုံးရာခိုင်နှုန်းက အခု လုံး၀ မကောက်တော့ဘူး။ကြားတာတော့ ယာဉ်အိုယာဉ်ဟောင်းဈေးကွက် ကို ဖြုတ်ချမယ်။EV ဈေးကွက်ကို ပိုခိုင်အောင်လုပ်လာတာ”လို့ မော်တော်ယာဉ်အရောင်းပြခန်းပိုင်ရှင်တစ်ဦးကပြောပါတယ်။

Public Service Announcement
ဒါ့အပြင် လျှပ်စစ်သုံးယာဉ်တွေအတွက် အပိုပစ္စည်း နဲ့ ဆက်စပ်ပစ္စည်း တင်သွင်းမှုကို ကောက်ခံမယ့် အကောက်ခွန်နှုန်းတွေကို လည်း ထက်၀က် နီးပါးလျှော့ချလိုက်တယ်လို့ ဆိုပါတယ်။
“ချိန်သားကိုက်ထားတဲ့ အကျိုးအမြတ်တစ်ခု ဖြစ်လာမှာပေါ့။ယာဉ်အိုယာဉ်ဟောင်းတွေ မအပ် အပ်ချင်အောင်နဲ့ ရောင်းမထွက်သေးတဲ့ ဆိပ်ကမ်းက EV တွေအတွက် ထုတ်ရ ပြုရ လွယ်သွားတာပေါ့။နောက်ဆုံးကတော့ လူထုဆန္ဒ ကို မကြည့်ဘဲ ကိုယ်ထင်ရာအတိုင်းရုပ်လုံးဖော်ကြတဲ့အာဏာရှင်စရိုက်ပါပဲ”လို့ ၁၀ စုနှစ် တစ်ခုကြာ မော်တော်ယာဉ် အရောင်းအ၀ယ် လုပ်နေသူတစ်ဦးက ပြောပါတယ်။
ထုတ်လုပ်တဲ့ခုနှစ် သက်တမ်း နှစ်(၂၀) ကျော်လွန်ယာဉ်၊ ပြင်ဆင်မရနိုင်တဲ့ ယာဉ်တွေနဲ့ သက်တမ်း နှစ်(၂၀) မကျော်သော်လည်း ဆန္ဒအရ အပ်နှံလိုတဲ့ ယာဉ်တွေရဲ့တန်ဖိုးနဲ့အညီ EV ယာဉ်တွေ အစားထိုးလဲလှယ်နိုင်ဖို့ ဆောင်ရွက်မယ်လို့လည်း စစ် တပ်လက်အောက်ခံ စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက မကြာသေးမီရက်ပိုင်းကြေညာ ထားပါတယ်။
အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ သားအောင်ပြည့်စုံ ဟာ BYD EV အမှတ်တံဆိပ်၊ သမီးခင်သီရိသက်မွန်ဟာ MG EV အမှတ်တံဆိပ် လျှပ်စစ်ကားတွေကိုတင်သွင်းနေတာဖြစ်ပါတယ်။ဒါ့အပြင် ခင်သီရိသက်မွန်ရဲ့ စီးပွားဖက် နိုင်ဖြိုးကျော်က ပြည်တွင်းမှာ EV ယာဉ်တွေ တပ်ဆင်ထုတ်လုပ်နေပါတယ်။ ခင်သီရိသက်မွန် နဲ့ နိုင်ဖြိုးကျော်တိူ့ဟာ 7th Sense ရုပ်ရှင်ထုတ်လုပ်ရေးကတည်းကစီးပွားဖက်တွေဖြစ်ပါတယ်။
အာဏာသိမ်းခေါင်းဆောင်သားနဲ့သမီးတင်သွင်းတဲ့ EV ကားတွေဟာ ပြည်တွင်းမှာဈေးကွက် ဝေစုအများဆုံးရထားတဲ့ အမှတ်တံဆိပ်တွေဖြစ်ပါတယ်။ ဒါ့အပြင် လျှပ်စစ်ကားတင်သွင်းသူတွေထဲမှာ စစ်တပ်နဲ့ နီးစပ်သူ ၊လုပ်ငန်းရှင်တွေအများဆုံးပါဝင်နေကြတာဖြစ်ပါတယ်။
စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က SKD စနစ် နဲ့ EV ကားတွေ ထုတ်မယ်လို့ သတင်းထွက်ပေါ်နေပါတယ်။
လျှပ်စစ်ကား(EV)တင်သွင်းမှုကို စစ်အုပ်စုက ၂၀၂၂ ခုနှစ်က အထူးကုန်စည်အဖြစ်သတ်မှတ်ပြီး အခွန်အကောက်ကင်းလွတ်ခွင့်ပြုခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်မှာEV ယာဥ်များအားလုံးနဲ့ အပိုပစ္စည်းတင်သွင်းမှုကို အကောက်ခွန်သုည ရာခိုင်နှုန်း သတ်မှတ်ခဲ့ပါတယ်။၂၀၂၅ ခုနှစ်မှာတော့ တင်သွင်းခွင့် အခွန်ကောက်ယူခဲ့တာဖြစ်ပါတယ်။ အခုအခါမှာ အခွန်ကောက်ယူတာကိုပြန်လည်လျှော့တော့မှာဖြစ်ပါတယ်။
ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန)ရဲ့စာရင်းတွေအရ အခု ၂၀၂၆ မေလအထိ မြန်မာနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ မော်တော်ယာဥ်စာရင်းအရ EV ကားအစီးရေ ၁၃,၀၀၀ နီးပါး ရှိပါတယ်။အများစုက တရုတ်နိုင်ငံက တင်သွင်းခဲ့တာ ဖြစ်ပါတယ်။
အဲဒီ EV ယာဥ်အရေအတွက် ထက်ဝက်နီးပါးကို စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ သားနဲ့ သမီးတို့က တင်သွင်းထားတာဖြစ်ပါတယ်။ဒါ့အပြင်သူတို့နဲ့ဆက်စပ်ပတ်သက်သူတွေလည်း EV ယာဥ်တွေ တင်သွင်းနေတယ်လို့အမည်မဖော်လိုတဲ့ မော်တော်ယာဥ်အရောင်းပြခန်းပိုင်ရှင်အချို့က ပြောထားပါတယ်။
တရုတ်နိုင်ငံကို အမှီပြုလွန်ပြီး ခိုင်မာမှုမရှိတဲ့ မြန်မာနိုင်ငံ EV ကား မူဝါဒကြောင့် သုံးစွဲသူတွေအတွက် ဆုံးရှုံးမှုတွေကို အကာအကွယ်ပေးဖို့ ပြဌာန်းချက်လည်းမရှိဘူးလို့ သူတို့က ဆိုပါတယ်။
ဒါ့အပြင် တစ်ရက်ကို နာရီပိုင်းအလိုက် အလှည့်ကျစနစ်နဲ့သာရနေတဲ့ လျှပ်စစ်မီးနဲ့ မြင့်တက်နေဆဲ အခြေခံစားသောက် ကုန်စျေးတွေကို မဖြေရှင်းနိုင်သေးဘဲ EV ကားတွေ တင်သွင်းမယ့် စစ်အုပ်စုကို ကားလောက နဲ့ နီးစပ်သူတွေကဝေဖန်နေကြပါတယ်။

















































