Connect with us

Hi, what are you looking for?

သတင်း

မင်း​အောင်လှိုင် သားနဲ့သမီးလက်ဝါးကြီးအုပ်ထားတဲ့ EV ကား​ဈေးကွက်အတွက် စစ်တပ်ကအခွန်​​လျှော့

အာဏာသိမ်းခေါင်းဆောင်မင်း​အောင်လှိုင် ရဲ့သားနဲ့ သမီး အပါအ၀င် စစ်တပ်နဲ့ပတ်သက်သူတွေ လက်ဝါးကြီးအုပ်ထားတဲ့လျှပ်စစ်ကား(EV ကား)တင်သွင်းတာမှာအကောက်ခွန်နှုန်းကို လျှော့ချကင်းလွတ်ခွင့်ပေးလိုက်တယ်လို့ မော်တော်ယာဉ်ဈေးကွက်မှသတင်းရရှိပါတယ်။

(အာဏာသိမ်း​ခေါင်း​ဆောင် မင်း​အောင်လှိုင်သား အောင်ပြည့်စုံ တင်သွင်း​ရောင်းချ​နေတဲ့ BYD ကား​တွေကို ၂၀၂၃ မတ်လကရန်ကုန်မြို့မှာလုပ်ခဲ့တဲ့လျှပ်စစ်ကားပြပွဲမှာ​တွေ့ရစဥ်။ ဓါတ်ပုံ-People's Daily)

ဇွန်-၃ ၊၂၀၂၆။မိုမို/People’s Spring

အာဏာသိမ်းခေါင်းဆောင်မင်း​အောင်လှိုင် ရဲ့သားနဲ့ သမီး အပါအ၀င် စစ်တပ်နဲ့ပတ်သက်သူတွေ လက်ဝါးကြီးအုပ်ထားတဲ့လျှပ်စစ်ကား(EV ကား)တင်သွင်းတာမှာအကောက်ခွန်နှုန်းကို လျှော့ချကင်းလွတ်ခွင့်ပေးလိုက်တယ်လို့ မော်တော်ယာဉ်ဈေးကွက်မှသတင်းရရှိပါတယ်။

စစ်တပ် ဖွဲ့စည်းထားတဲ့ ဘဏ္ဍာရေးနဲ့အခွန်ဝန်ကြီးဌာနက‌ လျှပ်စစ်ကားတွေနဲ့ပတ်သက်လို့ CBU စနစ်(ယာဥ်အလုံးလိုက်တင်သွင်းခြင်း)၊CKD နဲ့ SKD စနစ် (နိုင်ငံအတွင်း အပြီးအစီးတပ်ဆင်ထုတ်လုပ်သည့် ယာဥ်များ) ဘက်ထရီလျှပ်စစ်သုံးယာဉ် (Battery Electric Vehicle-BEV) တွေရဲ့ အကောက်ခွန်နှုန်းတွေကို စစ်အုပ်စုက ဖြေလျှော့လိုက်တာဖြစ်ပါတယ်။

“အလုံးလိုက်အရန်သင့်စီးမယ့် EV ကားတွေကိုအရင်နှစ်က ကောက်တဲ့အခွန်က ၁၅ ရာခိုင်နှုန်း ကနေ အခု ငါးရာခိုင်နှုန်း၊SKD တို့ CKD တို့ က အရင် ငါးရာခိုင်နှုန်း နဲ့ သုံးရာခိုင်နှုန်းက အခု လုံး၀ မကောက်တော့ဘူး။ကြားတာတော့ ယာဉ်အိုယာဉ်ဟောင်းဈေးကွက် ကို ဖြုတ်ချမယ်။EV ဈေးကွက်ကို ပိုခိုင်အောင်လုပ်လာတာ”လို့ မော်တော်ယာဉ်အရောင်းပြခန်းပိုင်ရှင်တစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် လျှပ်စစ်သုံးယာဉ်တွေအတွက် အပိုပစ္စည်း နဲ့ ဆက်စပ်ပစ္စည်း တင်သွင်းမှုကို ကောက်ခံမယ့် အကောက်ခွန်နှုန်းတွေကို လည်း ထက်၀က် နီးပါးလျှော့ချလိုက်တယ်လို့ ဆိုပါတယ်။

“ချိန်သားကိုက်ထားတဲ့ အကျိုးအမြတ်တစ်ခု ဖြစ်လာမှာပေါ့။ယာဉ်အိုယာဉ်ဟောင်းတွေ မအပ် အပ်ချင်အောင်နဲ့ ရောင်းမထွက်သေးတဲ့ ဆိပ်ကမ်းက EV တွေအတွက် ထုတ်ရ ပြုရ လွယ်သွားတာပေါ့။နောက်ဆုံးကတော့ လူထုဆန္ဒ ကို မကြည့်ဘဲ ကိုယ်ထင်ရာအတိုင်းရုပ်လုံးဖော်ကြတဲ့အာဏာရှင်စရိုက်ပါပဲ”လို့ ၁၀ စုနှစ် တစ်ခုကြာ မော်တော်ယာဉ် အရောင်းအ၀ယ် လုပ်နေသူတစ်ဦးက ပြောပါတယ်။

ထုတ်လုပ်တဲ့ခုနှစ် သက်တမ်း နှစ်(၂၀) ကျော်လွန်ယာဉ်၊ ပြင်ဆင်မရနိုင်တဲ့ ယာဉ်‌တွေနဲ့ သက်တမ်း နှစ်(၂၀) မကျော်သော်လည်း ဆန္ဒအရ အပ်နှံလိုတဲ့ ယာဉ်တွေရဲ့တန်ဖိုးနဲ့အညီ EV ယာဉ်တွေ အစားထိုးလဲလှယ်နိုင်ဖို့ ဆောင်ရွက်မယ်လို့လည်း စစ် တပ်လက်အောက်ခံ စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက မကြာသေးမီရက်ပိုင်းကြေညာ ထားပါတယ်။

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ သားအောင်ပြည့်စုံ ဟာ BYD EV အမှတ်တံဆိပ်၊ သမီးခင်သီရိသက်မွန်ဟာ MG EV အမှတ်တံဆိပ် လျှပ်စစ်ကား​တွေကိုတင်သွင်းနေတာဖြစ်ပါတယ်။ဒါ့အပြင် ခင်သီရိသက်မွန်ရဲ့ စီးပွားဖက် နိုင်ဖြိုးကျော်က ပြည်တွင်းမှာ EV ယာဉ်တွေ တပ်ဆင်ထုတ်လုပ်နေပါတယ်။ ခင်သီရိသက်မွန် နဲ့ နိုင်ဖြိုး​ကျော်တိူ့ဟာ 7th Sense ရုပ်ရှင်ထုတ်လုပ်​ရေးကတည်းကစီးပွားဖက်​တွေဖြစ်ပါတယ်။

အာဏာသိမ်း​ခေါင်း​ဆောင်သားနဲ့သမီးတင်သွင်းတဲ့ EV ကား​​တွေဟာ​ ပြည်တွင်းမှာဈေးကွက် ​ဝေစုအများဆုံးရထားတဲ့ အမှတ်တံဆိပ်​တွေဖြစ်ပါတယ်။ ဒါ့အပြင် လျှပ်စစ်ကားတင်သွင်းသူ​တွေထဲမှာ စစ်တပ်နဲ့ နီးစပ်သူ ၊လုပ်ငန်းရှင်​တွေအများဆုံးပါဝင်​နေကြတာဖြစ်ပါတယ်။

စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က SKD စနစ် နဲ့ EV ကားတွေ ထုတ်မယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

လျှပ်စစ်ကား(EV)တင်သွင်းမှုကို စစ်အုပ်စုက ၂၀၂၂ ခုနှစ်က အထူးကုန်စည်အဖြစ်သတ်မှတ်ပြီး အခွန်အကောက်ကင်းလွတ်ခွင့်ပြုခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်မှာ​EV ယာဥ်များအားလုံးနဲ့ အပိုပစ္စည်းတင်သွင်းမှုကို အကောက်ခွန်သုည ရာခိုင်နှုန်း သတ်မှတ်ခဲ့ပါတယ်။၂၀၂၅ ခုနှစ်မှာ​တော့ တင်သွင်းခွင့် အခွန်ကောက်ယူခဲ့တာဖြစ်ပါတယ်။ အခုအခါမှာ အခွန်​ကောက်ယူတာကိုပြန်လည်​လျှော့​တော့မှာဖြစ်ပါတယ်။

ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန)ရဲ့စာရင်းတွေအရ အခု ၂၀၂၆ မေလအထိ မြန်မာနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ မော်တော်ယာဥ်စာရင်းအရ EV ကားအစီးရေ ၁၃,၀၀၀ နီးပါး ရှိပါတယ်။အများစုက တရုတ်နိုင်ငံက တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

အဲဒီ EV ယာဥ်အရေအတွက် ထက်ဝက်နီးပါးကို စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ သားနဲ့ သမီးတို့က တင်သွင်းထားတာဖြစ်ပါတယ်။ဒါ့အပြင်သူတို့နဲ့ဆက်စပ်ပတ်သက်သူတွေလည်း EV ယာဥ်တွေ တင်သွင်းနေတယ်လို့အမည်မဖော်လိုတဲ့ မော်တော်ယာဥ်အရောင်းပြခန်းပိုင်ရှင်အချို့က ပြောထားပါတယ်။

တရုတ်နိုင်ငံကို အမှီပြုလွန်ပြီး ခိုင်မာမှုမရှိတဲ့ မြန်မာနိုင်ငံ EV ကား မူဝါဒကြောင့် သုံးစွဲသူတွေအတွက် ဆုံးရှုံးမှုတွေကို အကာအကွယ်ပေးဖို့ ပြဌာန်းချက်လည်းမရှိဘူးလို့ သူတို့က ဆိုပါတယ်။

ဒါ့အပြင် တစ်ရက်ကို နာရီပိုင်းအလိုက် အလှည့်ကျစနစ်နဲ့သာရနေတဲ့ လျှပ်စစ်မီးနဲ့ မြင့်တက်နေဆဲ အခြေခံစားသောက် ကုန်စျေးတွေကို မဖြေရှင်းနိုင်သေးဘဲ EV ကားတွေ တင်သွင်းမယ့် စစ်အုပ်စုကို ကား​လောက နဲ့ နီးစပ်သူ​တွေကဝေဖန်​နေကြပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

မင်းအောင်လှိုင်ရဲ့ နိုင်ငံခြားခရီးစဉ်တွေဟာ သံတမန်ရေးထိုးစစ်လို ပုံဖော်နေပေမဲ့ လက်တွေ့မှာတော့ ဘာတရားဝင်မှုမှ မရဘဲ အိမ်နီးချင်းတွေရဲ့ ကိုယ်ပိုင်အကျိုးစီးပွားနဲ့ နိုင်ငံရေးအရ ရှောင်လွှဲလိုတဲ့ လှည့်ကွက်တွေကြားက အဖော်မဲ့ခရီးတစ်ခုသာ ဖြစ်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်အရှိန်မြှင့်တင်အကောင်အထည်ဖော်နေတဲ့ ရတနာပုံနည်းပညာမြို့သစ်စီမံကိန်း ဧရိယာထဲပါနေတဲ့ဘာသာရေးဆိုင်ရာအဆောက်အဦးတွေကို အခုလ စက်တင်ဘာလ ၁၈ ရက်နောက်ဆုံးထားပြီးဖယ်ရှားပေးဖို့ ပြင်ဦးလွင်ခရိုင် မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက စာထုတ်ထားတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အသိအမှတ် မပြုဖို့၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)က ဖမ်းဆီးပေးဖို့ တောင်းဆိုလာရင် သူ့ရဲ့ ခရီးစဉ် အတောအတွင်း မင်းအောင်လှိုင်ကို ဖမ်းဆီးပေးဖို့ ကမ္ဘောဒီးယား အစိုးရကို လူ့အခွင့်အရေး တက်ကြွလှုပ်ရှားမှုအဖွဲ့ Fortify Rightsက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

ဆောင်းပါး

ဟွန်ဆန်နှင့် မင်းအောင်လှိုင် - အတိတ်ရဲ့ အရိပ်နဲ့ အနာဂတ်ရဲ့ ရွေးချယ်မှု

Facebook