အောက်တိုဘာ-၂၄၊၂၀၂၆။ရောင်နီ/People’s Spring
ရန်ကုန်မြို့မှာ EV ကားအားသွင်းရင်း ပျောက်ဆုံးသွားတဲ့ အမျိုးသမီးက နေအိမ်ကို ဘေးကင်းစွာပြန်ရောက်ပြီဖြစ်ကြောင်း သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဒီနေ့(အောက်တိုဘာ၂၄) မှာ အသိပေးထားပါတယ်။
“ကျမ နှင်းလဲ့လဲ့ပိုင် (Ma Yuki) ကျန်းမာစွာနဲ့ အိမ်ပြန်ရောက်ပါပြီရှင်။ အများထင်နေသလို ပြန်ပေးဆွဲတာမဟုတ်ပါဘူးနော်”လို့ ရေးသားထားပါတယ်။
မနှင်းလဲ့လဲ့ပိုင်က အောက်တိုဘာ ၂၁ရက်ညမှာ MG EV Charging Station မှာ ကားအားသွင်းရင်း လူငယ်အမျိုးသား ၃ဦးက ခေါ်ဆောင်သွားတာကို CCTV မှတ်တမ်းတွေမှာ တွေ့ခဲ့တာပါ။

Public Service Announcement
ပျောက်ဆုံးနေတဲ့ ၂ရက်ကျော်အတွင်း ဖြစ်ခဲ့တဲ့ အကြောင်းအရာတွေကိုတော့ ကာကယကံရှင်က ပွင့်ပွင့်လင်းလင်း အသိပေးထားတာမရှိပါဘူး။
ဒါပေမဲ့ ကာယကံရှင်က “ဘဝမှာမေ့မရတော့မယ့် အခြေအနေတစ်ခုတော့ကြုံခဲ့ရပါတယ်ရှင့် ၊ ခက်ခဲပြီးကြောက်စရာကောင်းတဲ့ ၂ရက်ခွဲတာမှာ အစအဆုံး စိတ်ပူကူညီပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးအထူးတင်ပါတယ်ရှင့်” လို့ ရေးသားအသိပေးပါတယ်။
ရန်ကုန်မြို့ အလုံမြို့နယ်မှာ အောက်တိုဘာ ၂၃ရက်က သတိမေ့နေတဲ့ အမျိုးသမီးကို လမ်းပေါ်မှာ လာရောက်ပစ်သွားတဲ့ ဖြစ်စဉ်ဖြစ်ခဲ့ပြီး အဲဒီ့အမျိုးသမီးက မနှင်းလဲ့လဲ့ပိုင် မဟုတ်ဘူးလို့ ယင်းဖြစ်စဉ်ကို သွားရောက်ကူညီခဲ့တဲ့ ကြီးလေးကြီးလူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။
ရန်ကုန်မြို့ရဲ့ မြို့နယ်တော်တော်များများမှာ လူပျောက်မှုတွေ ဆက်တိုက်ဖြစ်နေတာဖြစ်ပြီး နေအိမ်ကို ပြန်ရောက်လာသူတွေရှိသလို အချို့လည်း သတင်းအဆက်အသွယ်မရတာတွေရှိနေပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်အပါအဝင် မြို့နယ်တိုင်းမှာ လုယက်သတ်ဖြတ်မှုတွေ တိုးမြင့်လာတာကြောင့် ပြည်သူတွေက ကိုယ့်လုံခြုံရေးကို ကိုယ်တာဝန်ယူရမယ့် အခြေအနေဖြစ်နေတာပါ။

















































