အစ္စရေးစစ်တပ် (IDF)ရဲ့ တိုက်ခိုက်မှုကြောင့် ဗိုလ်မှူးချုပ်တစ်ဦး အပါအဝင် လက်ဘနွန် စစ်သားတွေ သေဆုံးခဲ့ကြောင်း သိရပါတယ်။
လက်ဘနွန် စစ်တပ်က အစ္စရေးရဲ့ တိုက်ခိုက်မှုဟာ ရန်လိုပြီး ရိုင်းစိုင်း ကြမ်းကြုတ်လွန်းတယ်လို့ ဇွန်လ ၆ ရက်နေ့မှာ အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။ သေဆုံးသူတွေဟာ ဗိုလ်မှူးချုပ် တစ်ဦး၊ ဗိုလ်ကြီးတစ်ဦးနဲ့ တပ်သားတစ်ဦးတို့ ဖြစ်တယ်လို့လည်း စစ်တပ်က ကြေညာပါတယ်။
IDFကလည်း လက်ဘနွန် တောင်ပိုင်းမှာ လက်ဘနွန် စစ်သားတွေ လိုက်ပါလာတဲ့ ကားတစ်စီးကို တိုက်ခိုက်ခဲ့ကြောင်း အတည်ပြု ထုတ်ပြန်ထားပါတယ်။ အဲဒီဒေသကို ရောက်ရှိနေတဲ့ အစ္စရေး စစ်သားတွေဆီကို သံသယ ဖြစ်စရာ ကောင်းလောက်အောင် တရကြမ်း ချဉ်းကပ်လာတဲ့အတွက် ပစ်ခတ် တားဆီးခဲ့တာ ဖြစ်တယ်လို့ IDFက အကြောင်းပြထားပါတယ်။
ဒေသခံတွေကတော့ ဇွန်လ ၆ ရက်နေ့ ဖြစ်စဉ်မှာ ပစ်ခတ်သံတွေ ကြားခဲ့ရကြောင်း ပြောပါတယ်။ အစ္စရေးဟာ အီရန်မဟာမိတ် ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေကို တိုက်ခိုက်ဖို့ လက်ဘနွန် တောင်ပိုင်းကို ကျူးကျော် ဝင်ရောက်နေတာဖြစ်ပြီး လက်ဘနွန် အစိုးရနဲ့တော့ တိုက်ရိုက် ပဋိပက္ခ ဖြစ်မနေပါဘူး။

Public Service Announcement
ဇွန်လ ၇ ရက်နေ့မှာတော့ IDFက လက်ဘနွန်တောင်ပိုင်း အခြေစိုက် ဟစ်ဇ်ဘိုလာတွေရဲ့ အခြေခံ အဆောက်အအုံတွေ၊ လက်နက်သိုလှောင်ရုံတွေ၊ ကွပ်ကဲရေးစခန်းတွေ စုစုပေါင်း ပစ်မှတ် ၁၅၀ လောက်ကို ဖျက်ဆီးခဲ့ကြောင်းလည်း ထုတ်ပြန်ပါတယ်။
လက်ဘနွန် စစ်ကားကို IDFက တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်ကတော့ လီတာနီမြစ် မြောက်ဖက် ၄ မိုင်လောက် အကွာက ကေဖာတက်ဘ်နစ် ရွာနားက လမ်းပေါ်မှာ ပေါ်ပေါက်ခဲ့တာပါ။ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း အဲဒီဧရိယာမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့သလို ဒေသခံ အများအပြား နေရပ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ရပါတယ်။
IDFကတော့ အဲဒီစစ်ကားဟာ ဟစ်ဇ်ဘိုလာတွေ လှုပ်ရှားနေတဲ့ နယ်မြေဖက်ကနေ မောင်းနှင်လာတာကြောင့် ဟစ်ဇ်ဘိုလာတွေရဲ့ ယာဉ်တစ်စီးလို့ ယူဆခဲ့ကြောင်း ဖြေရှင်းချက် ပေးထားပါတယ်။ IDFက လက်ဘနွန်မှာ ဆင်နွှဲနေတဲ့ စစ်ဆင်ရေးတွေဟာ ဟစ်ဇ်ဘိုလာတွေကိုသာ ဦးတည်ပြီး လက်ဘနွန် စစ်တပ်ကို တမင်ရည်ရွယ် ပစ်မှတ်ထားတာ လုံးဝမဟုတ်ဘူးဆိုတာ ထပ်လောင်း အတည်ပြုလိုကြောင်း ကြေညာခဲ့ပါတယ်။
အဲဒီဧရိယာမှာ တပ်တွေရဲ့ လှုပ်ရှားမှုတိုင်းကိုလည်း လက်ဘနွန် စစ်တပ် အနေနဲ့ IDFဆီ ကြိုတင် ဆက်သွယ် အသိပေးဖို့ လိုတယ်လို့လည်း ထုတ်ပြန်ချက်မှာ ထည့်သွင်း သတိပေးထားပါတယ်။
လက်ဘနွန် စစ်တပ်ကတော့ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့သလို အစ္စရေးရဲ့ လုပ်ရပ်ဟာ တမင်ရည်ရွယ်ထားပြီး အကြိမ်ကြိမ် ကျူးလွန်တဲ့ ရန်လိုမှုမျိုးလို့ စွပ်စွဲခဲ့ပါတယ်။ ပြီးတော့ ရွာအပြင်ဖက် တစ်နေရာမှာ မီးလောင်ကျွမ်းထားတဲ့ မော်တော်ကားရဲ့ ဓာတ်ပုံတွေကိုလည်း ထုတ်ပြန် ပြသခဲ့ပါတယ်။
သေဆုံးသူတွေဟာ ဗိုလ်မှူးချုပ် ဆမ်မာ ဆာဘရာ၊ ဗိုလ်ကြီး အယ်လီ ခူရီနဲ့ တပ်သား ဟာဆန် ဂါဇဲလ်တို့ ဖြစ်တယ်လို့လည်း စစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။
အစ္စရေးနဲ့ လက်ဘနွန်တို့ဟာ အမေရိကန် ကြားဝင် စေ့စပ်ပေးမှုကြောင့် အချင်းချင်း မတိုက်ခိုက်ဖို့ ကတိပြုထားသလို လက်ဘနွန်ရဲ့ မြို့တော် ဘေရွတ်ထိ IDFတပ်တွေ ချီတက်နေမှုကိုလည်း အမေရိကန်ရဲ့ ညှိနှိုင်းပေးမှုအရ ရပ်တန့်ထားကြောင်း သိရပါတယ်။
ကိုးကား: BBC


















































