Connect with us

Hi, what are you looking for?

ကဗျာ

“ချစ်ခြင်းမေတ္တာ”

◼️နွေးနွေးမောင်ရှိန်

ချစ်ခြင်းမေတ္တာကို ထည်လဲသုံးကြတဲ့ခေတ်။ လူတွေက လမ်းမှာတွေ့လို့ နှုတ်ဆက်ရင်တောင် ‘ချစ်ခြင်းမေတ္တာ’ လို့ အော်သွားကြတယ်။ လမ်းပေါ်က အသီးရောင်းတဲ့ တွန်းလှည်းမှာလည်း ‘ချစ်ခြင်းမေတ္တာ’ တွေ အော်ရောင်းနေတယ်။ ရှေ့တန်းမှာတိုက်နေကြတာလည်း ‘ချစ်ခြင်းမေတ္တာ’ နဲ့ပဲ။ ‘ချစ်ခြင်းမေတ္တာ’တွေ မဖြန့်ဝေနိုင်တော့လို့ ကားတွေလည်း ဝေးဝေးမသွားနိုင်ကြတော့ဘူး။

ခရိုနီ/ဘောမ ဘားတွေ/ကလပ်တွေမှာလည်း ‘ချစ်ခြင်းမေတ္တာ’ တွေ အပြည့်ပဲ၊ အုံလိုက်ကျင်းလိုက် ပြွတ်သိပ်နေကြတာ။ အုံလိုက်ကျင်းလိုက် ဗုံးခိုကျင်းထဲ ဝင်ပြေးနေရတဲ့ ‘ချစ်ခြင်းမေတ္တာ’ တွေကိုမှ အားမနာ။ ဒီဘက်မှာ ‘ချစ်ခြင်းမေတ္တာ’ အပြည့်နဲ့ ယူကျူဗီဒီယိုတွေကြည့်လိုက်၊ ကလစ်လိုက်လုပ်နေပြီးတော့ ဟိုဘက်ကျတော့လည်း ‘ချစ်ခြင်းမေတ္တာ’ တွေနဲ့ ကွန်ဂရက်ကျူလေးရှင်းပါ ဘာညာ သွားလုပ်နေတော့ ‘ချစ်ခြင်းမေတ္တာ’ တွေက ဘယ်နားပြေးလို့ ပြေးရမယ်မှန်း မသိတော့ဘူး။ ဟိုဘက်လိုလို ဒီဘက်လိုလို၊ အခင်မင် မပျက်ချင်သလိုလို၊ ဒီဘက်ကိုလည်း အားနာသလိုလို။ ဆိုတော့ကာ ထိုင်နေရင်အကောင်းသားနော်၊ ထသွားမှ ‘ချစ်ခြင်းမေတ္တာ’ တွေ ကျိုးမှန်းသိ။ ‘ကောင်လေးရေ ချာလီရေထတော့’ ဆိုပြီးတော့ သူများတွေကို လိုက်နှိုးပြီးတော့မှ ကဗျာဆရာက အကျအန ကိုယ်ယောင်ဖျောက် သွားအိပ်နေချိန်မှာ ‘ချစ်ခြင်းမေတ္တာ’ တက်တူးကြီးနဲ့ ရဲဘော်လေးက ရှေ့ကိုချီတက်နေရတယ်။

‘ချစ်ခြင်းမေတ္တာ’ နဲ့ မြို့ပြဟာ ပန်းချီပြပွဲတွေဆက်တိုက်၊ ရှိုးပွဲတွေဆက်တိုက်၊ အနုပညာလှုပ်ရှားမှုတွေက အနုပညာကို ချစ်လို့ပဲတဲ့၊ ‘ချစ်ခြင်းမေတ္တာ’ နဲ့ လားလားမှမဆိုင်။ ငါချစ်တဲ့ ‘ချစ်ခြင်းမေတ္တာ’ ၊ ငါနဲ့အနီးဆုံးက ‘ချစ်ခြင်းမေတ္တာ’ ကို မဆုံးရှုံးဖူးသေးသ၍ နယ်စပ်ဟာ ငါနဲ့အလှမ်းဝေးလွန်းနေပါသေးတယ်။

Public Service Announcement

Public Service Announcement

ငါ့အတွက် အချိန်ရပါသေးတယ်၊ ငါမချစ်လည်း ချစ်တဲ့သူတွေ ချစ်နေကြတာပဲလေ၊ ငါမပါလည်း ရသေးတယ်။ ငါနာမည်ကြီးအောင် အရင်လုပ်လိုက်ဦးမယ်၊ ‘ချစ်ခြင်းမေတ္တာ’ တွေ မရှိတုန်းပေါ့။ ‘ချစ်ခြင်းမေတ္တာ’ အမည်ခံ ပတ်စပို့နဲ့လည်း ဟိုနားဒီနား ကမ္ဘာတပတ်သွားလိုက်ဦးမယ်နော်။ ပြန်လာရင် ဆုံကြမယ်နော် ‘ချစ်ခြင်းမေတ္တာ’ တို့ရေ …။ ‘ချစ်ခြင်းမေတ္တာ’ တခေတ်ပြီးလို့ နောက်တခေတ်ရောက်တဲ့အခါမှာ ပြန်ပြောပြစရာ ‘ချစ်ခြင်းမေတ္တာ’ တွေ အားလုံး အယောက်စီတိုင်းမှာ ရှိနိုင်ကြပါစေ …။ ‘ချစ်ခြင်းမေတ္တာ’ ရဲ့ အလွန်ကို မျှော်ရည်လျက် …။

ချစ်တဲ့

နွေးနွေးမောင်ရှိန်

(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ’နွေးနွေးမောင်ရှိန် ‘ရေးဖွဲ့တဲ့ “​​ချစ်ခြင်းမေတ္တာ”စကား​ပြေကဗျာကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ဝတ္ထုတို

ရာမွန် “မနက်ဖြန် ငါ့ကို ဖမ်းမယ်လို့ အသံထွက်နေကြတယ်။ သတင်းတွေထဲမှာ ငါတို့အကြောင်းတွေချည်းပဲ” ပြတင်းပေါက်ဖက်ကို ငေးပြီး သူက ကျနော့်ကို ကျောခိုင်းထားရင်းနဲ့ ပြောတယ်။ အဲဒါဆို ငါက ဘာလုပ်ရမှာလဲလို့ ကျနော် မေးတော့ တောဖက်ကိုပြေးလေ၊ ဘဝကို အဲဒီ့မှာ အသစ်ပြန်စ တဲ့။ သူ့စကားကို...

ကဗျာ

အခုတလော ဖတ်ဖြစ်တဲ့စာတွေထဲမှာ ကျော်ကြားတဲ့ အစ္စရေးကဗျာဆရာကြီး ရဟူဒါ အမိခီး (Yehuda Amichai (1924-2000)) ရဲ့ ကဗျာတချို့လည်းပါပါတယ်။ အစ္စရေးလို့ ဆိုလိုက်တာနဲ့ သူ့ရဲ့ကဗျာတွေမှာစစ်ရဲ့ အငွေ့အသက်တွေရယ် ဘာသာရေး အငွေ့အသက်တွေရယ် လွှမ်းခြုံနေမယ်ဆိုတာ ခန့်မှန်းလို့ ရမယ် ထင်ပါရဲ့။ဟီးဘရူးဘာသာစကားနဲ့ ရေးခဲ့တဲ့ သူ့ကဗျာတွေဟာ အံ့သြစရာကောင်းအောင်...

ဝတ္ထုတို

ဆရာမကြီးရဲ့အိမ် မီးမလောင်ခင်ညက ဆရာမကြီး အိပ်မက်တခု မက်တယ်။ နွယ်ပင်တွေ ဆရာမကြီးရဲ့ အိမ်ကို တစစ ဝါးမြိုနေတဲ့ မြင်ကွင်းပဲ။ အိမ်တခုလုံးဟာ နွယ်ပင်တွေ ဖုံးလွှမ်းခံရပြီး စိမ်းညို့နေတာပဲတဲ့။

ကဗျာ

Miroslav Holuv A tree enters and say with a bow:I am a tree.A black tear falls from the sky and says:I am a bird.Down...