ဟောမုဇ် ရေလက်ကြားမှာ ကုန်တင်သင်္ဘောတစ်စီး ဒရုန်းနဲ့ ပစ်ခတ်တာ ခံခဲ့ရတဲ့ ဖြစ်စဉ်အပြီး အမေရိကန်က အီရန်မှာရှိတဲ့ စစ်ရေးပစ်မှတ် တချို့ကို တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
ဇွန်လ ၂၅ ရက်နေ့တုန်းက ဟောမုဇ်ကို ဖြတ်သန်း ခုတ်မောင်းနေတဲ့ ကုန်တင် သင်္ဘောတစ်စီး ဖောက်ခွဲရေး ဒရုန်း ထိမှန်လို့ ကိုယ်ထည်မှာ အပျက်အစီးတွေ ဖြစ်ခဲ့ပြီး ထိခိုက် ဒဏ်ရာရသူတော့ မရှိခဲ့ပါဘူး။ အီရန်စစ်ပွဲ ကာလအတွင်း ဟောမုဇ်မှာ ပိတ်မိနေတဲ့ သောင်းနဲ့ချီတဲ့ သင်္ဘောသားတွေကို ရွှေ့ပြောင်းပေးနေတဲ့ အမေရိကန်နဲ့ ကုလသမဂ္ဂ (UN)တို့ရဲ့ အားထုတ်မှုတွေဟာ အဲဒီလုပ်ရပ်ကြောင့် အရှုပ်အထွေးတွေ ဖြစ်ကုန်ပြီး ယာယီ ရပ်ဆိုင်းထားလိုက်ရပါတယ်။
အီရန်နဲ့ အမေရိကန်တို့ဟာ စစ်ပြေငြိမ်းရေး နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးထားပြီး အပြန်အလှန် တိုက်ခိုက်မှုတွေ ပြီးဆုံးပြီလို့ တရားဝင် ကြေညာထားပေမယ့် ဒီဖြစ်စဉ်အပြီး အမေရိကန်က အီရန်ပိုင်နက်ထဲမှာ တိုက်ခိုက်မှုတွေ လုပ်ဆောင်လာခဲ့တာပါ။
အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကတော့ ကုန်တင်သင်္ဘောကို အီရန်က တိုက်ခိုက်ခဲ့တဲ့ လုပ်ရပ်ဟာ ရူးမိုက်လွန်းတဲ့ ကတိချိုးဖောက်မှုလို့ ဇွန်လ ၂၆ ရက်နေ့မှာ ရှုတ်ချခဲ့ပါတယ်။ အီရန်ရဲ့ လုပ်ရပ်အပေါ် အမေရိကန်က လက်တုံ့ပြန်မှာလားလို့ သတင်းထောက်တွေက မေးမြန်းတဲ့အခါ ထရမ့်က အားလုံး သိလာရမှာပါလို့ ပြန်ဖြေခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM)က အီရန်ရဲ့ ဒုံးကျည်နဲ့ ဒရုန်း သိုလှောင်တဲ့ အဆောက်အအုံတွေ၊ ကမ်းရိုးတန်း ရေဒါစခန်းတွေကို တိုက်ခိုက် ဖျက်ဆီးခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ CENTCOMက အဲဒီစစ်ဆင်ရေးဟာ အီရန်ရဲ့ ဒရုန်းတိုက်ခိုက်မှုအပေါ် အားကောင်းကောင်းနဲ့ တုံ့ပြန်မှု တစ်ခုလို့ ရည်ညွှန်းခဲ့ပါတယ်။

Public Service Announcement
CENTCOM အနေနဲ့ နောက်ထပ် စစ်ဆင်ရေးတွေ ထပ်မံမြှင့်တင်ပြီး အီရန်ကို လက်တုံ့ပြန်ဦးမလား ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။ အီရန်ရဲ့ အင်အားအကြီးဆုံး လက်နက်ကိုင် တပ်ဖြစ်တဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)ကတော့ ဒီတိုက်ခိုက်မှုဟာ သဘောတူညီမှုတွေကို အမေရိကန်က စတင်ချိုးဖောက်လိုက်တဲ့ အဓိပ္ပါယ်ဖြစ်ကြောင်း ပြောပါတယ်။
သဘောတူ စာချုပ်တွေကို ဖျက်ဆီးနေကျဖြစ်တဲ့ အမေရိကန် အစိုးရဟာ ကတိတွေကို အမြဲတမ်း ပျက်ကွက်ကြောင်း၊ အခုလည်း ဟောမုဇ် ရေလက်ကြားမှာ ခွင့်ပြုချက် ပေးမထားတဲ့ လမ်းကြောင်းကနေ ခုတ်မောင်းလာတဲ့ သင်္ဘောတစ်စီးရဲ့ ကိစ္စကို အကြောင်းပြချက်ပေးပြီး အီရန် ကမ်းရိုးတန်းမှာ လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့ကြောင်း၊ ဒီလို ရန်လိုမှုမျိုး ထပ်ပြီး လုပ်လာဦးမယ်ဆိုရင် အီရန်ဖက်က ပိုပြီး ပြင်းပြင်းထန်ထန် လက်တုံ့ပြန်မှာဖြစ်ကြောင်း IRGCက ခြိမ်းခြောက်ခဲ့ပါတယ်။
အမေရိကန်နည်းတူ မဟာမိတ် ဇီယွန်နစ်ဝါဒီ အစ္စရေးဟာလည်း လက်ဘနွန်မှာ အပစ်အခတ် ရပ်စဲဖို့ သဘောတူထားတဲ့ ကတိတွေကို ချိုးဖောက်နေတယ်လို့ IRGCက ထည့်သွင်း စွပ်စွဲသွားပါတယ်။ အမေရိကန် ကြားဝင် ညှိနှိုင်းပေးမှုအရ အပစ်ရပ် သဘောတူထားပေမယ့် အီရန်မဟာမိတ် ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေနဲ့ အစ္စရေးစစ်တပ်ဟာ လက်ဘနွန် တောင်ပိုင်းမှာ တိုက်ပွဲငယ်တွေ ကြိုကြားကြိုကြား ဆက်လက် ဖြစ်ပွားနေဆဲလို့ သိရပါတယ်။
ကိုးကား: BBC


















































